ရွက်မွန်စာမျက်နှာ

Friday, March 14, 2014

ကျောင်းသားနဲ့ နိုင်ငံရေးသိပံ္ပဘာသာရပ်

မြန် မာနိုင်ငံရဲ့ ပညာရေးစနစ်အတွင်းမှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ထပ်တိုးသင်ကြား တော့မယ်ဖြစ်ပါတယ်။ အဲဒါကို ၂ဝ၁၂ ခုနှစ်တုန်းက အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး နဝမမြောက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ တက္ကသိုလ် အဆင့်မှာ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို သင်ကြားဖို့ အဆိုကို တင်သွင်းသူကတော့ ဧရာဝတီတိုင်းက အမတ် တဦးဖြစ်တဲ့ ဦးဉာဏ်လင်း ဖြစ်တယ်ဆိုတာကိုတော့ မှတ်မိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက် ဆိုရှယ်လစ်ခေတ်ကလို အမှားမျိုး ထပ်ဖြစ်လာ တော့မှာလားလို့ စိုးရိမ်မိပါတယ်။ ပညာရေးစနစ်ထဲမှာ နိုင်ငံရေးသိပံ္ပဘာသာရပ်ကို စိတ်ဝင်စားသူများ၊ သင်လိုသူများ လေ့လာ သင်ကြားဖို့ နိုင်ငံတကာအဆင့်မီ ဌာနတခုတော့ ရှိသင့်တာ မှန်ပါတယ်ယ်။ ဒါပေမဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ် ဆိုတာ တက္ကသိုလ် အဆင့်မှာကော အထက်တန်း အလယ်တန်း အဆင့်မှာပါ ကျောင်းသားမှန်သမျှ မသင်မနေရဆိုတဲ့ ဘာသာရပ်မျိုး အဖြစ်နဲ့တော့ မပြဌာန်းသင့်ပါဘူး။ ကျောင်းသားတွေမှာ ရွေးချယ်ပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ ပညာရေးစနစ် ဘယ်လိုဘယ်ပုံ တည်ရှိရမယ်ဆိုတကို နားမလည်တာလား။ ဒါမှမဟုတ် လက်ရှိအစိုးရအနေနဲ့ ကျောင်းသားတွေကို ဆိုရှယ်လစ် အစိုးရလို ဦးဏှောက်ဆေးဖို့ ကြိုးစားလာတဲ့ ခြေလှမ်းလားဆိုတာလည်း မေးလိုပါတယ်။

ဆိုရှယ်လစ်ခေတ်တုန်းက နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တက္ကသိုလ်အဆင့်မှာ မသင်မနေရ သင်ရမယ်လို့ ပြဌာန်းခဲ့ပါတယ်။ အောင်မြင်မှု မရှိခဲ့ပါ။ ကျောင်းသားတွေ နိုင်ငံရေးသိပံ္ပမှာ တဖုန်းဖုန်းကျပါတယ်။ နိုင်ငံရေးသိပံ္ပမှာ ကျတာများလွန်းလို့ စာမေးပွဲချဖို့ ဆိုတာကလည်း တခြားဘာသာတွေမှာ အောင်နေတော့ အခက်တွေ့ပါတယ်။ ဒါကြောင့် နှစ်မျက်နှာ သုံးမျက်နှာလောက် အဖြေလွှာပေါ်မှာ တောရေးတောင်ရေး ရေးပြီးဖြေလိုက်ရင် အအောင်ပေးရပါတယ်။ နိုင်ငံရေးသိပံ္ပဟာ ကျောင်းသားများ မကြိုက်ဆုံး စိတ်ဝင်စားမှု မရှိဆုံး ဘာသာရပ် ဖြစ်ခဲ့ပါတယ်။ အဲဒါအပြင် နိုင်ငံရေးသိပ္ပံ သင်ကြားတဲ့ ဆရာ၊ ဆရာမများကို ကျောင်းသားများက လေးလေးစားစား သိပ်မရှိတာကိုလည်း ဝမ်းနည်းဖွယ်ရာ တွေ့ရပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ နိုင်ငံရေးသိပံ္ပသင်ကြားတဲ့ ဆရာ၊ ဆရာမတွေကို ကျောင်းသား ကျောင်းသူအပေါင်းက အစိုးရလူလို့ သတ်မှတ် ထားတာကြောင့် ဖြစ်ပါတယ်။ တခြား ဘာသာရပ်နယ်ပယ်က ဆရာ ဆရာမတွေ ဆိုရင်လည်း နိုင်ငံရေးသိပ္ပံဌာနက ဆရာဆရာမတွေနဲ့ ရင်းရင်းနှီးနှီး အရောတဝင် နေလေ့မရှိပါဘူး။ မနေရတာကလဲ သူတို့ဟာ တက္ကသိုလ်ပရဝုဏ် အတွင်းက ဖြစ်ပျက်သမျှကို အစိုးရအတွက် သတင်းပေးကောင်း ပေးနိုင်တယ်လို့ ယူဆတာကြောင့်ပါ။ အဲဒီ အချိန်ကာလတုန်းက တက္ကသိုလ်ကျောင်းထဲက နိုင်ငံရေးသိပ္ပံဌာနဆိုရင် ထောက်လှမ်းရေးလက်ခွဲ ဌာနတခုလို မြင်ခဲ့ကြပါတယ်။ စိတ်မကောင်း စရာပါ။ တခါ နိုင်ငံရေးသိပံ္ပသင်ကြားရတဲ့ ဆရာဆရာမတွေ ကိုယ်တိုင်၌ကလည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တောက်လျှောက် လေ့လာ ဆည်းပူးခဲ့သူတွေ မဟုတ်ပြန်ပါဘူး။ ဆိုရှယ်လစ်အစိုးရရဲ့ ဖောင်ကြီးဗဟိုနိုင်ငံရေး တက္ကသိုလ်ကနေ ကာလတို အရေးပေါ် သင်ကြားပေးခံခဲ့ရတဲ့ သူတွေဖြစ်နေပါတယ်။

ပညာရေးကို အစိုးရက နေရာတကာမှာ ဝင်စွက်ဖက်နေခြင်းဟာ ပညာရေးစနစ်ကို မမြင့်မားစေတဲ့အပြင် ရေရှည်မှာ အဆင့်အတန်း နိမ့်ကျလာတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း ကျနော်တို့အားလုံး ကြုံခဲ့ကြရပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်း အုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်တာကာလ ဆိုရှယ်လစ် အစိုးရလက်ထက်မှာ ပညာရေးကို အမျိုးမျိုးစမ်းသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အောင်မြင်မှုဆိုတာ တခုမှ မရခဲ့ပါ။ အဲသလို မအောင်မြင်ရတဲ့အထဲ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို တက္ကသိုလ် အဆင့်မှာ မသင်မနေရ ပြဌာန်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်က သင်ကြားခဲ့တဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဟာ ဆိုရှယ်လစ် စနစ်သာ ကောင်းတယ်၊ ဆိုရှယ်လစ်စနစ်သာ လူအဖွဲ့အစည်းကို တိုးတက်အောင်လုပ်နိုင်တယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ သင်ကြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်တွေက တက္ကသိုလ်များမှာ သင်ကြားပေးတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဟာ မတူကွဲပြား တဲ့ တခြားသော စနစ်၊ အတွေးအခေါ်၊ အယူအဆ၊ အမြင်ဒဿန တွေကိုလည်း သင်ယူလေ့လာခွင့် ရှိပါတယ်။ အရှေ့တိုင်း အနောက်တိုင်း အတွေးအခေါ်များ၊ စစ်ပွဲတွေ ဖြစ်ပွားခြင်း၊ စက်မှု ထွန်းကားခြင်းနဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ ကုန်စည် ကူးသန်း ရောင်းဝယ်ခြင်းမှတဆင့် ပေါ်ပေါက်လာတဲ့ နိုင်ငံများအတွင်း နိုင်ငံရေးအားသာမှု အားနည်းမှု စတာတွေကို လေ့လာခြင်း၊ စစ်အေးတိုက်ပွဲကြီးရဲ့ အကျိုးဆက် အစရှိတာတွေ အပါအဝင် နောက်ထပ် ကိစ္စရပ်အမြောက်အများကိုလည်း နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ သင်ယူနိုင်ပါသေးတယ်။ ဆိုရှယ်လစ်တမျိုးထဲ ကောင်းတယ်လို့ သင်ကြားတာမျိုးမဟုတ်ပါ။ အခု ပြန်ပြီးသင်ကြားတော့မယ့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဟာ ချဉ်းကပ်မှုမျိုးစုံကို ခွင့်ပြုမှာလား။ ဒါမှမဟုတ် မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသာ မြန်မာနိုင်ငံသားတို့အတွက် ဖွံ့ဖြိုးတိုးတက်စေမယ်ဆိုတဲ့ ချဉ်းကပ်မှု မျိုးလား။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံသည်သာ နိုင်ငံအတွက်အသင့်တော်ဆုံးဆိုတဲ့ သင်ကြားမှုမျိုးကော ပါဦးမှာလား ဆိုတာ ကလည်း စောင့်ကြည့်ရဦးမှာပါ။

နောက်တချက် ပြောလိုတာက နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ဒီမိုကရေစီ တိုင်းပြည်တွေမှာ တက္ကသိုလ်ကျောင်းသားတိုင်း မသင်မနေရဆိုပြီး ပြဌာန်းမထားပါ။ မိမိသက်ဆိုင်ရာ ဘာသာရပ်အလိုက်သာ လိုအပ်ပါက သင်ယူကြခြင်းသာ ဖြစ်ပါတယ်။ ဇွတ်အတင်း မသင်မနေရဆိုတာမျိုး မရှိပါဖူး။ ဥပမာ ပြောရရင် ညူကလီးယားဖီးဆစ် ဘာသာရပ်ကို အထူးပြု လေ့လာနေ တဲ့ ကျောင်းသား တဦးဟာ နိုင်ငံရေးသိပ္ပံကို ဘာသာရပ် တခုအနေနဲ့ သင်ယူဖို့ မလိုပါ။ အလားတူ ဂီတအနုပညာ ဘာသာရပ် တခုခုကို သင်ယူနေတဲ့ ကျောင်းသားတဦးဟာလည်း နိုင်ငံရေးသိပ္ပံကို နောက်ထပ် ဘာသာရပ်တခုအနေနဲ့ သင်ယူစရာ မလိုပါ။ ဆေးကျောင်းသားတွေ၊ အင်ဂျင်နီယာလောင်းတွေလည်း နိုင်ငံရေးသိပံ္ပကို သင်စရာမလိုပါ။ ထို့အတူ အလယ်တန်းအဆင့် အထက်တန်းအဆင့် ကျောင်းသားတွေကိုလည်း နိုင်ငံရေးသိပ္ပံ မသင်မနေရဆိုပြီး ဇွတ်အတင်း သင်ယူခိုင်းတာမျိုး မရှိပါ။

မြန်မာပြည်ရဲ့ ပညာရေးလောကမှာ အလိုအပ်ဆုံး ဘာသာရပ်တခုကတော့ ဆိုရှယ်ဆိုင်းရင့်စ်လို့ ခေါ်တဲ့ လူမှုဗေဒ (သို့) လူမှုသိပ္ပံ ဆိုတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်များ အုပ်ချုပ်မှုအောက်မှာ လူမှုဗေဒ ဘာသာရပ်ဟာ အမြစ်ကပါမကျန် သတ်ဖြတ်သုတ်သင် ခံခဲ့ရပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ လူမှုဗေဒ ဘာသာရပ်ကို ကျောင်းသားတွေ အတွက် မူလတန်း အရွယ်ကနေ အထက်တန်းအထိ နည်းနည်းခြင်း တဆင့်ခြင်း ဆိုသလို သင်ကြားပို့ချပါတယ်။ မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ လူမှုဗေဒဘာသာရပ်ကို လူမှုဗေဒလို့ နာမည်မတပ်ဘဲ Humanities (လူသားနှင့် လူသားဝန်းကျင်) ဆိုပြီး လေ့လာသင်ယူစေပါတယ်။ အဲဒီနာမည်အောက်မှာ သမိုင်း၊ ပထဝီ၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေး၊ တရားမျှတမှုကို ချစ်မြတ်နိုးတတ်မှု၊ ဘယ်လိုအသွေးအရောင်ပဲရှိရှိ၊ ဘယ်လို ဘာသာရေးကို ကိုးကွယ် ကိုးကွယ် လူသားအားလုံး တန်းတူ ဖြစ်တယ်ဆိုတဲ့ အတွေးအမြင် စတာတွေကို အတန်းအလိုက် အရွယ်အလိုက် အဆင့်ကလေးတွေ သတ်မှတ်ပြီး လေ့လာသင်ယူရတာမျိုး ဖြစ်ပါတယ်။ တက္ကသိုလ် အဆင့်ရောက်တဲ့အခါမှာ သက်ဆိုင်ရာ အဓိက ဘာသာကို လေ့လာဆည်းပူးရင်း လူမှုဗေဒဘာသာရပ်ကို နှစ်သက်ရင် ဆက်သင်နိုင်သလို၊ ဆက်မသင်ချင်ရင်လည်း မသင်ယူခွင့် ရှိပါတယ်။ ကျောင်းသားများကို ငယ်ငယ်ကထဲက လူမှုဗေဒဘာသာရပ်နဲ့ ပတ်သက်လို့ တစတစ သင်ကြားပေးတဲ့ ရည်ရွယ်ချက်က လူသားဆန်မှုဆိုတဲ့ ညှာတာထောက်ထားတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်လာအောင်၊ ဗိုလ်ကျကြီးစိုးတဲ့ စိတ်ဓာတ်တွေ ဝင်မလာရအောင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူမှုဗေဒဘာသာရပ်ကို ကျောင်းသားတွေအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကထဲက သင်ကြားပေးတာမျိုး ရှိခဲ့ပါသလား။ လုံးဝမရှိခဲ့တာ ရာစုနှစ်တဝက် ကျော်ခဲ့ပါပြီ။ အခုလည်း လူမှုဗေဒဆိုင်ရာ ကိစ္စများကို မူလတန်းကနေ တက္ကသိုလ် အဆင့်အထိ သင်ကြားပေးနေခြင်းလည်း မရှိသေးပါ။ Social science လို့ခေါ်တဲ့ လူမှုသိပ္ပံ (ဝါ) လူမှုဗေဒဘာသာရပ်ဟာ အလွန်ကျယ်ပြောတဲ့ ဘာသာရပ်တခုဖြစ်ပါတယ်။ ပြောရရင် နိုင်ငံရေးသိပ္ပံ ဘာသာရပ် ကိုယ်၌က လူမှုဗေဒဘာသာရပ် အောက်က ခေါင်းစဉ်များထဲက တခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ကျောင်းသားများ ငယ်ရွယ်စဉ် အတန်းထဲမှာ သင်ယူလေ့လာသင့်တဲ့ လူမှုဗေဒဘာသာရပ်ကို လစ်လျှူရှု ချန်ထားခဲ့ပြီး နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို တက္ကသိုလ်အဆင့်မှာ မသင်မနေရ ပြဌာန်းသင်ကြား ပါတော့မယ်။ လူမှုဗေဒဘာသာရပ်ကို လေ့လာ သင်ယူခွင့် မရှိဘဲ နိုင်ငံရေးသိပ္ပံတခုထဲ သင်ကြားစေရုံနဲ့တော့ လူငယ်ကျောင်းသားတွေ နိုင်ငံရေးကို နားလည်လာ လိမ့်မယ်လို့ ယူဆရင်တော့ မှားပါလိမ့်မယ်။ ပညာရေးစနစ် ဘယ်လိုရှိသင့်တယ်၊ ဘာတွေကို ဘယ်လိုပြဌာန်းသင့်တယ် ဆိုတာ သက်ဆိုင်ရာ ပညာရှင်များက ပိုပြီး နားလည်ပါတယ်။ ပညာရှင်အများစုဟာ လွှတ်တော်အမတ် မဟုတ်သလို လွှတ်တော်အမတ် အများစု ဟာလည်း ပညာရှင် မဟုတ်ဖူးလို့ ထောက်ပြလိုပါတယ်။ အစိုးရနဲ့ လွှတ်တော်အမတ်မင်းများရဲ့ အလုပ်က ပညာရေးနဲ့ ပတ်သက်လို့ ပညာရှင်တွေ တင်ပြလာတာကို ဂရုတစိုက် နားထောင်ပေးဖို့၊ ကောင်းမွန်တဲ့ အကြံညဏ်တွေကို လက်ခံ အသုံးပြုဖို့ ဖြစ်ပါတယ်။ အခု နိုင်ငံရေးသိပံ္ပကိစ္စမှာ သမတရဲ့ အကြံပေးပညာရှင်များဆီက ဘာအကြံပေးသံမှ ထွက်မလာတာ ကလည်း အံ့သြစရာပါပဲ။

မြန်မာပြည်ရဲ့ ပညာရေးကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေလိုရင်၊ နိုင်ငံတကာ အဆင့်အတန်းနဲ့ ညီစေလိုရင်၊ အမှားအမှန်ကို ခွဲခြားတတ်တဲ့ စက်ရုပ်မဟုတ်တဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်များကို မွေးထုတ်လိုတယ်ဆိုရင် သက်ဆိုင်ရာ ပညာရှင်များရဲ့ အကြံဉာဏ်များကို မဖြစ်မနေ ရယူပါ။ ပညာရေးစနစ် ဖွံ့ဖြိုးလာဖို့ အမှန်တကယ် နားလည်တတ်သိတဲ့ ပညာရှင်များကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးပါလို့ တင်ပြလိုက်ရပါကြောင်း။

ဇော်မင်း
၃ဝ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.