ရွက်မွန်စာမျက်နှာ

Wednesday, March 26, 2014

ဘာတွေဖြစ်ကုန်ကြပြီလဲ

ကျနော် ABSDF မှာ ၁၉၈၉ ခု ကနေ ၂၀၀၀ အထိ ရဲဘော်၊ တပ်စိတ်မှူး၊ တပ်ခွဲမှူး၊ စခန်းကော်မီတီ။ အလုပ်အဖွဲ့ တာဝန်ခံ၊ ဗဟိုကော်မီတီဝင် ..စသဖြင့် တာဝန်အဆင့်အသီးသီးထမ်းဆောင်ခဲ့ဘူးပါတယ်။

ဆက်သွယ်ရေးဌာနမှာလဲ တာဝန်ယူဘူးပါတယ်။ ဒါကြောင့်တချို့ရဲဘော် ခေါင်းဆောင်တွေတောင် မသိတဲ့သတင်း တွေ သိခဲ့ဘူးပါတယ်။ ၁၉၉၆ ပေါင်းစည်းရေး ညီလာခံနောက်ပိုင်း ABSDF ထောက်ပံ့ရေး တာဝန်ခံအဖြစ် တာဝန် ပေးခံရလို့ စခန်းအတော်များများနဲ့ မြို့ပေါ်ရုံးတွေဆီကိုလည်း အခေါက်ခေါက်သွားလာပြီး အခြားအဖွဲ့ခေါင်းဆောင် များနဲ့လည်း ထိတွေ့ဆက်ဆံခဲ့ရပါတယ်။

နောက်ပိုင်း ၂၀၀၀ ခုနှစ် AB ကနေလူ့ဘောင်သစ်ကိုသွားပေါင်းတဲ့ အဖွဲ့ထဲပါသွားပါတယ်။ ဒါပေမဲ့ လူ့ဘောင်သစ် မှာ ဘာတာဝန်မယူခဲ့ဘဲ အမည်ဝင်လူ့ဘောင်သစ်အဖြစ် ပြီးခဲ့တဲ့နှစ်အထိ ရှိနေခဲ့ပါတယ်။ တကယ်က AB က ထွက်ထဲက အလုပ်သမားရေးပဲ သီးသန့် လုပ်နေခဲ့ပါတယ်။
ကျနော်စာရေးလေ့ ရေးထ မရှိပါ။ ဖေ့ဘွတ်ကို ၂၀၁၀ လောက်မှာ စဖွင့်ဖြစ်ပါတယ်။ ကျနော့်ရုံးမှာ ခေတ္တ volunteer လာလုပ်တဲ့ သူငယ်ချင်း နိုင်ငံခြားသား တစ်ယောက်က မိတ်ဆက်ပေးလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန် မတက်မဖြစ်ပါ။ အဲဒီကာလက စိတ်သိပ်မ၀င်စားတာရော လက်တွေ့အလုပ်တွေနဲ့ ရှုပ်နေတာရော ကြောင့်ပါ။ နောက်ပြီး အဲဒီအချိန်က သတင်းတွေကို Blog တွေမှာပဲ မှာအဖတ်များနေလို့ ဖြစ်ပါတယ်။ ၂၀၁၂ နောက်ပိုင်း လောက်ရောက်တော့ မကြာခန သုံးဖြစ်လာပါတယ်။ သုံးတယ်ဆိုတာကလဲ ဖွင့်ပြီး သူများရေးတာ လိုက်ဖတ် ကွဲသွားတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေအချို့နဲ့ ဖေ့ဘွတ်မှာ ပြန်တွေ့ပြီး စကားစမြည်လေး ပြောလောက်ပေါ့၊ ဒါတောင် တချို့ မိတ်ဆွေတွေ ပို့ထားတဲ့ မက်ဆေ့ခ်ျတွေဆို တနှစ်လောက်ကြာမှ ပြန်တွေ့ပြီး အကြောင်းပြန်တာ နောက်ကျ လို့ မိတ်ပါ ပျက်သွားသေးတယ်။ တချို့ မိတ်ဆွေဆို သူတို့ Post တွေတင်တာတွေကို like လုပ်ရကောင်းမှန်း မသိလို့ အမျက်တော်ရှပြီး unfriend လုပ်သွားတာလည်း ခံရဘုးတယ်။

၂၀၁၃ မှာတော့ နေ့တိုင်းနီးပါး ဖေ့ဘွတ်ကိုသုံးဖြစ်ပါတယ်။ အဲဒီမှာ ပြဿနာ တက်ပါတော့တယ်။ ဖေ့စ်ဘွတ်ပေါ် မှာ တချို့လူတွေ ကျနော်တို့ ရဲဘော်ဟောင်းတွေအပါအ၀င် ကိစ္စတချို့တွေမှာ အချက်အလက် သေသေချာချာ မသိဘဲနဲ့ ငြင်းကြခုံကြ ရန်ဖြစ်ကြတာ တွေ့တွေ့လာပါတယ်။

တချို့ကလဲ ကိုယ်ဖြတ်သန်းဘူးတာ သိခဲ့ဘူးတာ တဆင့်ကြားတာတွေနဲ့ သေသေချာချာမသိဘဲ ဝင်သုံးသပ်ကြ ရေးကြ ပြောကြတာတွေ တွေ့လာပါတယ်။ ကြားဘူးနားဝနဲ့ ဝင်ရောတဲ့လူတွေလဲ တွေ့လာပါတယ်။ အချို့ ကိစ္စ တွေမှာ တော်တော်လွဲလွဲကြီးတွေ ပြောနေကြ၊ ရေးနေကြတာ ကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သေသေချာချာ သိတဲ့ အဲဒီအချိန်က တာဝန်ရှိတဲ့သူတွေက ဝင်မပြောပြ မရှင်းပြကြပါဘူး။ ဖြစ်နိုင်တာကတော့ ကိုယ်တာဝန်ယူ တဲ့ အချိန် မှားသွားတဲ့ကိစ္စ ပြန်မဖော်ချင်တာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ရဲဘော်တွေက အထင်နဲ့ ငြင်းကြခုံကြ ရန်ဖြစ်ကြပေါ့။ ဘေးကဝင်ပြီး ဆွချင်တဲ့လူတွေကလည်း ဝင်ဆွကြနဲ့ ပိုရှုပ်ရှုပ်သွားတာလဲ တွေ့ရပါရဲ့။

မြောက်ပိုင်းကိစ္စ ဆိုလည်း စပြီး ရေးကြ ပြောကြအချိန်မှာ တာဝန်ရှိသူတွေက ဝန်မခံဘူး။ တကယ် သေသေ ချာချာ သိတဲ့လူတွေကလည်း နှုတ်ဆိတ်နေတယ်။ ပွသထက် ပွလာပြီး မရှင်းမဖြစ်တော့မှပဲ statement တွေ ထုတ်ကြ။ တော်တော်နောက်ကျမှပဲ တောင်းပန်ပါတယ်တို့ အသိအမှတ်ပြုပါတယ်တို့ လုပ်တော့.. အဖွဲ့အစည်း ရဲ့ပုံရိပ် လက်နက်ကိုင်ကျောင်းသားတွေရဲ့ ပုံရိပ်က တော်တော် ထိသွားခဲ့ ပြီးပါပြီ။
တကယ်တော့ အစပိုင်းမှာ အေဘီစခန်း (၁၇) ခု ထိုင်း-ဗမာနယ်စပ် တစ်လျှောက် အောက်ဖက်တနင်္သာရီ ကနေ အထက် ကချင် နဲ့အနောက်ဖက် အထိရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတုန်းကနယ်မြေခြားနေရင် စခန်းတခုကရဲဘော်နဲ့ နောက်စခန်းတခုက ရဲဘော်သိကြ ဆုံကြဖို့ ဆိုတာ မလွယ်ပါ။(ကျနော်နဲ့ ကိုမင်းဇော်ဆို တပ်ရင်းတစ်ခုထဲ ဆိုပေမဲ့ သူကအလယ်ပိုင်းမှာ တာဝန်ကျလို့ ၁၉၉၂ က သွားလိုက်တာ ၁၉၉၈ မှ ပြန်တွေ့ကြပါတယ်။) ခရီးသွားလာရေး အခက်အခဲ လုံခြုံရေး အခက်အခဲကြောင့်ပါ။ ထို့အတူ တခြားစခန်း တွေနဲ့ ဗဟို မှာဖြစ်ပျက်သွားတာကိုလည်း မိမိတို့စခန်းတွေက မသိလိုက်တာအများကြီးပါ။ စခန်းကော်မီတီဝင်များ ဗဟိုကော်မီတီဝင်များ ပြန်လာပြောပြမှ သိကြရတာပါ။

အခုတလော တချို့ ပြောနေရေးနေတာတွေ တွေ့တော့ ကျနော်လည်း သိခဲ့ကြုံခဲ့တာလေးတွေ ရေးချင်စိတ် ပေါက်လာပါတယ်။ နောက်တခုက ABSDF နဲ့ နယ်စပ် မှာတွေ့ကြုံခဲ့တာ လေးတွေကို မမေ့ခင် ရှယ်ခဲ့ချင်တာ လဲ ပါပါတယ်။

ပထမဆုံးအနေနဲ့တော့ ဟိုတလောက လက်နက်ချ သစ္စာဖောက်သွားတဲ့လူ မီဒီယာမှာပြန်ပေါ်လာတော့ ရဲဘော်ဟောင်း များ ဆွေးနွေးနေတဲ့ပုံစံကို တော်တော်လေး အံသြရပါတယ်။ တစ်ယောက်ကဆိုရင် အခု ကိုယ့်လူတွေ (အတိုက်အခံတွေ) ရန်သူနဲ့တောင် ပေါင်းလုပ်နေကြပြီ ဆိုတော့ ဘာမှပြောစရာ မရှိတော့ပါဘူးတို့၊ စိတ်ကိုပြောင်းနိုင်အောင် ကြိုးစားနေတယ် တို့ ဆိုတဲ့သဘော ရေးတာလဲ တွေ့လိုက်ရပါတယ်။

ကျနော်သိသလောက်ဆိုရင် အဲဒီလူဟာ ရိုးရိုးပြန်သွားတာ မဟုတ်ပါ။ အဖွဲ့အစည်း အချက်အလက်တွေကို ရည်ရွယ်ချက် ရှိရှိ သေသေချာချာကူးယူပြီး မဲဆောက် Guest House 2 ကနေ ရန်သူ့နဲ့ ဆက်သွယ်ပြီး သွားတာပါ။ အဲဒီအချိန်က AB အဖွဲ့ဝင် ဆိုရင်ထောက်လှမ်းရေးက ပြည်တွင်းမှာ အသေရရ အရှင်ရရပါ။ သူက သုတေသနဌာန တာဝန်ခံပါ။ တိတ် တိတ်လေး ပြန်သွားနေဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။ အဲဒီကိစ္စ ဆက်သွယ်ရေးဌာနက ရဲဘော်များများ ကောင်းကောင်း သိခဲ့ပါတယ်။ (သူ့အရင်ကဆို ဗဟိုထောက်ပံ့ရေးတာဝန်ခံ အောင်ဟိန်း အဖွဲ့ ငွေတွေ မပြီးလစ်သွားလို့ AB တပ်ရင်းတွေ ငါးပိရေကျဲနဲ့ ၂ လလောက် လွေးခဲ့ရပါသေးတယ်။ လော်ကွားလူ ဗဟိုက ဝက်ကြီးကိုတောင် အောင်ဟိန်းဆိုပြီး နံမည်ပေးခဲ့ ပါသေးတယ်။)

လက်နက်ချတာ အညံ့ခံတာ သစ္စာဖောက်တာနဲ့ အကြောင်း အမျိုးမျိုးကြောင့် ပြန်ရောက်သွားတာ နိုင်ငံရေးအရ တွေ့ဆုံ တာ ပေါင်းလုပ်တာ မတူဘူး ဆိုတာလောက်တော့ စာဖတ်လေ့ရှိတဲ့ ရိုးရိုးပြည်သူ တစ်ယောက်တောင် ခွဲခြား သိနိုင်ပါတယ်။

အားလုံးကို အတူတူပဲလို့ သဘောထားကြမယ် ဆိုရင်တော့ ဥပမာအနေနဲ့ ပြောရရင် သံဃာစင်ပေါ်မှာ ဘုန်းကြီးတွေရော လူတွေ ခွေးတွေရော အတူတူရောပြီး တက်ထိုင်နေသလို ဖြစ်တော့မှာပဲလို့ ထင်မိပါတယ်။ နိုင်ငံခြားရောက် ရဲဘော် တစ်ယောက်က ကျနော်ကို ပြောပါတယ်။ ဟိုခေါင်းဆောင် ဒီခေါင်းဆောင်တွေ သွားကြလာကြ အဖွဲ့အစည်းတွေ တွေ့ကြ ဆုံကြဆိုတော့ မြန်မာပြည်ကြီး တကယ် ပြောင်းသွားပြီ ယူဆလို့ သူတောင် မြန်မာပြည် ပြန်နေမလားလို့ စဉ်းစားနေတယ် လို့ ပြောလို့ သိသလောက် ရှင်းပြခဲ့ရပါတယ်။

တချို့ အရပ်သားတွေကတောင် မြန်မာပြည်အခြေအနေကို ကိုယ့်လူတွေထက်ပို နားလည်သလို ဖြစ်နေပါတယ်။ သူတို့ တွေက နှစ်ရှည်လများ ဘာမှမလုပ်နိုင်ဘဲ ငုတ်တုတ်ခံ ခဲ့ရလို့လား လက်ရှိသူတို့ မိဘဆွေမျိုးတွေ မြန်မာပြည် ထဲမှာ ဆက်ပြီး အံကြိတ်ခံနေရလို့များ ပိုသဘောပေါက် လွယ်သလားလို့လဲ တွေးမိပြန်ပါတယ်။
ကိုယ့်လူတော်တော်များများက နိုင်ငံခြား ရောက်နေတာကြာပြီး သတင်းဆိုတာ အင်တာနက် ရေဒီယိုလောက်ကပဲ ကြားပြီး လက်တွေ့ ခံစားနေရတဲ့ ပြည်သူတွေနဲ့ ကင်းကွာသွားလို့များလား၊ ဒါမှမဟုတ် Multiculture တွေ Different Ideology တွေနဲ့ ပိုပြီး သဘောထားတွေ ကြီးလာ ကျယ်ပြန့်လာလို့ အတွေးတွေ ပြောင်းကုန်ကြသလား လို့လဲ ဆက်တွေး နေမိပါ သေးတယ်။

ဇော်ဝင်းလွင် (RIT)

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.