ရွက်မွန်စာမျက်နှာ

Friday, April 4, 2014

စပါးလင်က သီးတဲ့ငွေ

ကျနော် တို့ နိုင်ငံဟာ အခုအထိ လယ်ယာစိုက်ပျိုးရေးကို အခြေခံနေရတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေပါသေးတယ်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံနေဆဲ ဆိုပေမယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍဟာ ပစ်ထားခံနေ ရပါတယ်။ ဘယ်အစိုးရ ခေါင်းဆောင်ကမှ စိုက်ပျိုးရေးအခန်းကဏ္ဍကို ကမကထလုပ်ပြီး တိုးတက်ဖွံ့ဖြိုးအောင် လုပ်နေတယ် ဆိုတာကလည်း မမြင်ဘူးသေးပါ။ အဆိုးဆုံးကတော့ အရင်စစ်အစိုးရ လက်ထက်က မတရားသဖြင့် လုပ်ခဲ့တဲ့ မြေယာသိမ်းတဲ့ ကိစ္စတွေက အခုအထိ မပြီးပြတ်သေးပါ။ ပိုင်ရှင်လယ်သမားတွေ သူတို့လယ်တွေ မြေတွေကို ပြန်မရသေးပါ။ အခုအစိုးရလက်ထက်မှာလည်း အရင်မြေယာကိစ္စက မပြီးသေးသော ဇာတ်လမ်း ဖြစ်နေသေးသလို နောက်ထပ်အသိမ်းခံရတာတွေလည်း ရှိနေပါသေးတယ်။

လယ်ယာစိုက်ပျိုးရေးကို အမီပြုနေရတဲ့ လူ့အဖွဲ့အစည်းမှာ ဆင်းရဲမွဲတေမှု နက်ရှိုင်းနေတယ်ဆိုရင် လယ်သမားတွေ မွဲနေတယ် ငတ်နေတယ်လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။ လယ်သမားတွေ မွဲနေငတ်နေတယ် ဆိုတာ မြန်မာပြည်သား အများစု မွဲနေငတ်နေတယ်လို့ ပြောနိုင်ပါတယ်။ အခုအစိုးရရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် လယ်သမားတွေ တိုးတက် လာစေဖို့ ဆောင်ရွက်ပေးတာထက် ကိုယ့်လယ်သမားကို ကိုယ်ပြန်နင်းတဲ့ လုပ်ရပ်တွေပဲ မြင်နေပါတယ်။ ဆင်းရဲ မွဲတေမှု ကို လျော့ချမယ်လို့ ပြောတဲ့အခါတိုင်း လယ်သမားယာသမားတွေကို အရင်မြင်ဖို့လိုပါတယ်။ မြေတောင် မရှိတော့တဲ့ လယ်သမားဟာ ဘယ်လိုလုပ်ပြီး ဆင်းရဲတွင်းထဲက ထွက်နိုင်မလဲ။
အခု သူများနိုင်ငံတွေမှာ မြေကိုအားထားပြီး လုပ်ကိုင်စားသောက် အသက်မွေးရတဲ့ ကျောမွဲလူတန်းစားတွေရဲ့ ဆင်းရဲ နွမ်းပါးမှုကို နဂိုကထက် လျှော့ကြသွားအောင် ဘယ်လိုရင်ဆိုင် ဖြေရှင်းကြသလဲဆိုတာ တင်ပြ လိုပါတယ်။

ကတ္တာပနားအရပ်၊ ကရယ်လာပြည်နယ်၊ အိန္ဒိယနိုင်ငံ။

ကတ္တာပနားဒေသတွင်းက မရာယော်နဲ့ ကန်သာလာ ကျေးရွာအုပ်စုနှစ်ခုဟာ မြေပြန့်တဲ့အရပ်မဟုတ်ပါဘူး။ တောင်ကုန်းတွေပေါ်မှာ တည်ရှိပါတယ်။ ဒါပေမဲ့ သိပ်မြင့်လွန်းတဲ့ တောင်တွေလည်း မဟုတ်ပါဘူး။ အဲဒီအရပ်မှာ တောင်ပေါ်သား ရွာသားတွေဟာ လယ်လုပ်စားဖို့ ပြန့်ပြူးတဲ့ မြေအနေအထား မရှိကြတာကြောင့် ရှေးအစဉ် အဆက်ကတည်းက ထင်းခုတ်ရောင်းတာ၊ ပျားဖွတ်တာ အပါအဝင် သစ်တောထွက် ပစ္စည်းများကို မှီပြီးအသက်မွေးခဲ့ ကြရပါတယ်။ သို့သော်လည်း သစ်တောဆိုတာက အရိုင်းသဘာဝ အတိုင်းရှိနေတာမို့ အကန့်အသတ် ရှိပါတယ်။ ကိုယ်လိုချင်သလောက် ရောင်းချင်သလောက် ပစ္စည်းတွေကို ထုတ်လုပ်လို့မရပါ။ ဒါ့အပြင် ကိုယ်လိုချင်သလောက် ထုတ်ယူမယ်ဆိုရင်လည်း နောက်ဆုံးမှာ သစ်တောပြုန်းတာကို တဖက်မှာ ရင်ဆိုင်ရပါတယ်။ သစ်တောပြုန်းပြီ ဆိုတာ သဘာဝအရင်းအမြစ်တွေ ကုန်ပြီလို့ ပြောခြင်းပါပဲ။

တချိန်တုန်းက အဲသည့်ကျေးရွာအုပ်စုများက ရွာသားတွေရဲ့ တအိမ်ထောင်စီက ဝင်တဲ့ လစဉ်ဝင်ငွေဟာ ပျှမ်းမျှ အားဖြင့် ရူပီးငွေ (၇ဝဝ) ပတ်ဝန်းကျင်လောက်သာ ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင် တလကို ၁၅ ဒေါ်လာနဲ့ ၁၈ ဒေါ်လာ ကြားလောက်သာ ရှိမယ်လို့ အကြမ်းဖျဉ်း ဆိုနိုင်ပါတယ်။ ဆင်းရဲလွန်းကြတာကြောင့် များသောအားဖြင့် ကလေးတွေဟာငယ်ငယ်နဲ့ ကျောင်းထွက်ကြတာကြောင့် ပညာတတ်လည်း ရှားပါးတဲ့ အရပ်ဖြစ် ပါတယ်။

အဲဒီအရပ်ဟာ တောင်ကုန်းတွေပေါ်မှာ တည်ရှိနေတဲ့ အရပ်ဆိုပေမဲ့ မိုးခေါင်ရေရှားခြင်းကို မကြာမကြာ ရင်ဆိုင် ရပါတယ်။ နှစ်တိုင်းမိုးမကောင်းပါ။ အဆိုပါ တောင်ကုန်းဒေသ သစ်တောအတွင်းမှာ အမြောက်အများ အလေ့ကျ ပေါက်နေတဲ့ အပင် တွေကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးချက်ရင် ထည့်သုံးတဲ့ စပါးလင်ပင်တွေပဲ ဖြစ်ပါတယ်။ မူတုန်းကတော့ ဒီစပါးလင်ပင်တွေဟာ ရွာသားတွေအတွက် မြင်နေကြ ဘာမှမဆန်းတဲ့ သဘာဝ ပေါက်ပင်တွေပဲ ဖြစ်ပါတယ်။ စပါးလင် ပင်တွေကနေ ငွေရဖို့ဆိုတာ တွေးတောင် မတွေးမိခဲ့ကြပါဘူး။ စပါးလင်ကို တခါတရံ ဆေးဖော်ဖို့အတွက် နှုတ်ယူတာ အသုံးပြုတာမျိုးကလွဲလို့ တခြားဘယ်နေရာတွေမှာ သုံးလို့ရသလဲ ဆိုတာ ကိုလည်း နားမလည်ကြပါဘူး။

နောက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံမှာ စပါးလင်ပင်ကနေ အဆီထုတ်လုပ်တဲ့လုပ်ငန်း တဖြေးဖြေးနဲ့ ခေတ်စားလာ ပါတယ်။ စပါးလင်ကနေ အဆီထုတ်တဲ့ လုပ်ငန်းကလည်း ခက်ခက်ခဲခဲ မဟုတ်လေတော့ နောက်ပိုင်းမှာ အဲဒီ ဒေသက ရွာသား တွေဟာ အလေ့ကျပေါက်နေတဲ့ စပါးလင်ပင်တွေကို နုတ်ယူပြီး စပါးလင်အဆီ ထုတ်ယူပါတယ်။ ပြီးရင် အဲသည့် စပါးလင်အဆီကို ပြန်ရောင်းပါတယ်။ စပါးလင်ကနေ ထုတ်ယူတဲ့ အဆီဟာ အခုအိန္ဒိယနိုင်ငံမှာ ဈေးကွက်အသစ် တခုအနေနဲ့ ပေါ်ထွန်းလာတာလည်း တကြောင်းလို့ ဆိုနိုင်ပါတယ်။ စပါးလင်အဆီကို စားသုံးတဲ့ ချက်ပြုတ်တဲ့ နေရာမှာ သုံးတာမဟုတ်ပါ။ ဘယ်နေရာမျိုးတွေမှာ သုံးသလဲဆိုတော့ စပါးလင်အဆီကို ဆပ်ပြာ ထုတ်တဲ့နေရာ၊ အခြားလူသုံး အမွှေးအကြိုင်များ ထုတ်လုပ်တဲ့ ပစ္စည်းများအတွက် ထည့်သွင်းအသုံးပြုပါတယ်။ ခြင်ဆေးရည် ထုတ်လုပ်တဲ့ နေရာမှာလည်း အသုံးပြုတယ်လို့ ဆိုပါတယ်။ နောက်တချက်ကတော့ စပါးလင်အဆီဟာ သဘာဝ ပိုးသတ်ဆေး တမျိုးအနေနဲ့ အသုံးပြုလို့ ရတယ်ဆိုတာကိုလည်း သိလာကြပါတယ်။ ဥပမာ အားဖြင့် ကြမ်းတိုက်ဖို့၊ အိမ်သာဆေးဖို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေထဲမှာလည်း စပါးလင်ဆီကို ထည့်သွင်းအသုံးပြုကြ ပါသေးတယ်။

သို့သော်လည်း နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာသလဲဆိုတော့ စပါးလင်ဆီ ဈေးကွက်က ကောင်းလာတာကြောင့် တောထဲမှာ အလေ့ကျပေါက်တဲ့ စပါးလင်ပင်တွေကို လူက နိုင်သလိုဖြစ်လာပါတယ်။ အလေ့ကျပေါက်တဲ့ စပါးလင်ပင်တွေ ရှားပါးလာတာနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ ဒါကြောင့်မို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် လောက်ကစပြီး အဲဒီ ဒေသက ရွာသားတွေ ဟာ စပါးလင်ပင်များကို ကိုယ်တိုင်စိုက်ပျိုး လာခဲ့ကြပါတယ်။ နဂိုက သူတို့ဟာ တောထွက် ပစ္စည်း ရောင်းချရင်းနဲ့ အသက်မွေးသူတွေ ဖြစ်ပါတယ်။ စိုက်ပျိုးရေးသမားတွေ မဟုတ်ခဲ့ပါဘူး ဒါပေမဲ့ အခုနောက်ပိုင်း မှာတော့ သူတို့ဟာ စပါးလင်စိုက်တဲ့ တောင်သူတွေဖြစ်လာပါတယ်။ ပထမတုန်းမှာတော့ ရွာနီးချုပ်စပ်က လွတ်နေတဲ့ မြေရိုင်းတွေမှာ စပါးလင်တွေကို စတင်စိုက်ပျိုးခဲ့ပါတယ်။ နောက်ပိုင်းမှာ စပါးလင်စိုက်တဲ့ တောင်သူဦးရေ များသထက် များလာတော့ မြေကလိုလာပြန်ပါတယ်။

ဒီနေရာမှ အစိုးရရဲ့ ကဏ္ဍက မပါမဖြစ် ပါလာရပါတယ်။ အစိုးရကဝင်ပြီး ဆောင်ရွက်မပေးရင် ပြဿနာ မြောက်များစွာ ရင်ဆိုင်ရနိုင်လို့ ဖြစ်ပါတယ်။ မြေအတွက် အငြင်းပွားတာမျိုး ခိုက်ရန်ဖြစ်ပွားတာမျိုးတွေ ဖြစ်လာ နိုင်တာကြောင့်ပါ။ နောက်တချက်ကတော့ မြေအသစ်ဖော်ရင်း တောပြုန်းတဲ့ ကိစ္စပါ။ အဲသလို အခြေအနေမျိုးမှာ ရွာသားတွေ စပါးလင် စိုက်ပျိုးမယ့် လိုအပ်တဲ့မြေကို ပြည်နယ် သစ်တော ဝန်ကြီးဌာနကနေ စီစဉ်ပေးပါတယ်။ ဆိုလိုတာကတော့ သစ်တောတွေ ကို ခုတ်ပြီး မြေအသစ်ထွင်ရင် သစ်တောပြုန်းတီး သွားမှာကို စိုးရိမ်တဲ့အတွက် တောပြုန်းမှာကို ကာကွယ်တဲ့ အနေနဲ့ ဖြစ်ပါတယ်။ ဆိုတော့ကာ ရွာသားတွေလည်း ကိုယ်ပိုင်မြေယာတွေ ရရှိလာပါတယ်။ မြေပိုင်လာတယ်လို့ ဆိုနိုင်တာပေါ့။

စပါးလင်ပင်ဟာ ရာသီမရွေး စိုက်လို့ရတဲ့ အပင်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ မိုးနည်းလို့လည်း ပြဿနာမရှိတဲ့ အပင်မျိုးလို့ ပြောပါတယ်။ တခြားအပင်တွေလို မြေအမျိုးအစားလည်း သိပ်မရွေးပါဘူးတဲ့။ အခုဆိုရင် အဲဒီ မရာယော်နဲ့ ကန်သာလာ ကျေးရွာအုပ်စု နှစ်ခုအတွင်းမှာ စပါးလင်စိုက်တဲ့ မြေဧကပေါင်း (၁၅ဝဝ) လောက် ရှိနေပါတယ်။ စပါးလင်စိုက်တာက ကျန်တဲ့ အပင်များစိုက်သလို အလုပ်မရှုပ်ဘူးလို့ ဆိုပါတယ်။ စိုက်ပြီးကြားထဲမှာ ရေလာင်းဦး ပေါင်းသင်ဦး ဓာတ်မြေသြဇာ ကျွေးဦး ပိုးသတ်ဆေးဖျန်းဦး စတဲ့အလုပ်တွေ မလိုတဲ့အတွက်လည်း အဲတာတွေအတွက် ထပ်ပြီး စရိတ်စက ကုန်ကျစရာ မလိုတော့ပါ။ စားသောက်ကုန် ထုတ်လုပ်ရတဲ့ အပင်များလို အရိပ်တကြည့်ကြည့် လုပ်နေစရာ မလိုဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

စပါးလင်စိုက်ဖို့ မျိုးစေ့ဈေးနှုန်းဟာ တကီလိုဂရမ်ကို ရူပီးငွေ ၆ဝ ကျသင့်ပြီး တဧကမှာ စပါးလင် စိုက်မယ်ဆိုရင် စပါး လင်မျိုးစေ့ ၂ဝ ကီလိုဂရမ်လိုတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တဧကအတွက် စိုက်ထုတ်ရတဲ့ မျိုးစေ့စရိတ်ဟာ ရူပီးငွေ (၁၂ဝဝ) ကုန်ကြပါတယ်။ စပါးလင် တဧက စိုက်ရင် တနှစ်မှာ စပါးလင်အလေးချိန် ကီလိုဂရမ် ၃ဝ နဲ့ ၄ဝ အကြား ထွက်ရှိတယ်လို့ ဆိုပါတယ်။ ရွာသားတဦးဟာ စပါးလင်စိုက်ဖို့ မြေသုံးဧက ရှိတယ်ဆိုရင် စပါးလင်စိုက်ဖို့ ကုန်ကျရမယ့် အရင်းအနှီးဟာ ရူပီး ၃၆ဝဝ လောက်သာ ရှိပါတယ်။ ဒေါ်လာနဲ့တွက်ရင် အရင်းငွေဟာ ဒေါ်လာ ၁ဝဝ ဝန်းကျင်မှာပဲ ရှိပါတယ်။ စပါးလင် အမျိုးအစားကိုလိုက်ပြီး ပြန်ရောင်းတဲ့အခါမှာ စပါးလင် တကီလိုဂရမ်ကို ရူးပီးငွေ ၃၅ဝ သို့မဟုတ် ၄ဝဝ ခန့်နဲ့ရောင်းချပါတယ်။ ဒါကြောင့် တချို့က စပါးလင်ကို အပင်လိုက်ရောင်းပါတယ်။ သူတို့ကိုယ်တိုင် အဆီထုတ်တဲ့ လုပ်ငန်းကို မလုပ်တော့ပါဘူး။ တချို့ကတော့ ကိုယ်တိုင်လည်းစိုက် ကိုယ်တိုင်လည်း အဆီထုတ်ပါတယ်။ နောက်ပြီး စပါးလင် ၂၅ ကီလိုဂရမ်ကနေ အဆီ ထုတ်ယူရင် ဆီအလေးချိန် ကီလိုဂရမ်ဝက် ထုတ်ယူလို့ရနိုင်ပြီး အဆီထုတ်ဖို့အွက် အချိန် နှစ်ရက်လောက်သာ ကြာတယ်လို့ လယ်သမားများက ဆိုပါတယ်။

အခုဆိုရင် စပါးလင်ဆီ ဝယ်ယူနှုန်းဟာ ကောင်းလာတဲ့အတွက် စပါးလင်စိုက်ပျိုးပြီး ဆီထုတ်ယူတဲ့ လုပ်ငန်းဟာ ပိုမို မြင့်တက်လာတယ်လို့ နယ်ခံလယ်သမားများ ရှင်းပြပါတယ်။ သို့သော်လည်း လူဆိုတာ လောဘသားတွေမို့ နောက်ထပ် ပြဿနာတမျိုးကို ရင်ဆိုင်ရပါတယ်။ အဲတာကတော့ တောအထိဆင်းပြီး စပါးလင်ဆီ ကောက်တဲ့ ပွဲစားတွေက လယ်သမား တွေဆီကနေ တိုက်ရိုက်ဝယ်ယူတဲ့ နေရာမှာ ခေါင်းပုံဖြတ်ပါတယ်။ အဲသလို ခေါင်းပုံဖြတ် တာကို ကာကွယ်ဖို့အတွက် “ပန်ချာရပ်” လို့ခေါ်တဲ့ ကိုယ့်အားကိုယ်ကိုး စုဖွဲ့ထားတဲ့ ကျေးလက် တောရွာ စည်းရုံးရေး အဖွဲ့အစည်း များက ဈေးနှုန်းအမှန်အတိုင်းရဖို့ ကြိုးစားရပါတယ်။ မြင်သာအောင် ပြောရရင် ပန်ချာရပ်ဆိုတာ ငါးဦးကော်မတီ သဘောမျိုးနဲ့ ဆင်တူပါတယ်။

စပါးလင်စိုက်တဲ့ လယ်သမားတွေရဲ့ အပြောအရ သစ်တောဝန်ကြီးဌာနက သူတို့ကို အပြည့်အဝပူးပေါင်း ကူညီတဲ့ အတွက် စပါးလင် စိုက်ပျိုးတဲ့အခါမှာ အခုလို အဆင်ပြေရတာ ဖြစ်ကြောင်းကိုလည်း ရှင်းပြကြပါတယ်။

လယ်သမားတဦးဟာ များများစားစား မဟုတ်ပဲ စပါးလင်စိုက်ဧက ၂ ဧက၊ ၃ ဧက လောက်ရှိရင်ပဲ တနှစ်စာရပ်တည် နိုင်ဖို့ အဆင်ပြေ လာကြပါတယ်။ တကယ်သာ ပြည့်ပြည့်ဝဝ အကူအညီရမယ်ဆိုရင် အသေးစား လယ်သမား တွေဟာ သူတို့ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေမှုကို အဆင့်တခုအထိ ကိုယ့်အားကိုယ်ကိုးပြီး လျှော့ချလာနိုင်ကြောင်း ဒီနေရာမှာ မြင်တွေ့ရပါတယ်။ ရွာသားများရဲ့ အဆိုအရ စပါးလင်စိုက်ပျိုးခြင်းဟာ အခုဆိုရင် သူတို့ဆန်အိုးကို ဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်း ဖြစ်လာတဲ့အတွက် အိန္ဒိတနိုင်ငံလုံးအတွင်းမှာ စနစ်ကျတဲ့ စပါးလင်အဆီ ဈေးကွက်တခု ပီပီပြင်ပြင် ဖြစ်လာဖို့ မျှော်မှန်းနေကြပါတယ်။ ဆင်းရဲမွဲတေမှုကို လျော့ချဖို့ နိုင်ငံတကာက ဝိုင်းဝန်းကူညီတာမျိုး လိုအပ်ပါတယ်။ သို့သော် တချိန်ထဲမှာလည်း နိုင်ငံခြားအကူအညီတွေ မပါဘဲ အတိုင်းအတာ တခုအထိ လျော့ချ နိုင်တယ် ဆိုတာကိုလည်း ဒီနေရာမှာ မြင်နိုင်ပါတယ်။

မြေကိုအခြေခံပြီး အသက်မွေးရတဲ့ လူတန်းစားတရပ် ရင်ဆိုင်နေရတဲ့ ဆင်းရဲမွဲတေခြင်းကို အတိုင်းအတာ တခုအထိ လျှော့ချနိုင်ဖို့အတွက် သက်ဆိုင်ရာများကနေ (ထပ်၍ဖိနှိပ်ခြင်း မပြုဘဲ) ကူညီဖို့လိုသလို သူတို့ရဲ့ နစ်နာချက်များကို တင်ပြနိုင်ဖို့၊ သူတို့ရဲ့အသံကို အမှန်အတိုင်း ကြားနိုင်ဖို့ သူတို့ကိုယ် ကိုယ်စားပြု အဖွဲ့အစည်းများလည်း တဘက်မှာ လိုအပ်ပါတယ်။ သို့သော်လည်း အဲသလို အဖွဲ့အစည်းမျိုးဟာ အတုအယောင် အဖွဲ့အစည်းမျိုး မဖြစ်ဖို့လည်း လိုပါကြောင်း။

ဇော်မင်း
၂၄ ရက်၊ မတ်လ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.