ရွက်မွန်စာမျက်နှာ

Monday, August 11, 2014

ဖျားနာနေတဲ့တိုင်းပြည်

မြန် မာပြည်ကြီး ကျန်းမာရေးမကောင်းပါ။ ချူချာလွန်းလှပါတယ်။ နိုင်ငံသားတွေ ကျန်းမာရေးလည်း မကောင်းပါ။ မကောင်းတာမှ ကိုယ်ရောလူပါ မကောင်းခြင်း ဖြစ်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေးအရလည်း ကျန်းမာရေး မကောင်းပါ။ စီးပွားရေး အရလည်း ကျန်းမာရေးမကောင်းပါ။ ပညာရေးအရလည်း ဖျားနာနေပါတယ်။ စိုက်ပျိုးရေးလည်း နာတာရှည် လူနာကြီးလို ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးကလည်း မရေရာတဲ့ အခြေအနေမျိုးပါ။ ဒီလိုမျိုး ဖျားနာနေတဲ့ တိုင်းပြည်တခုရဲ့ အနာဂတ်ဟာ ထွန်းတောက်လင်းလက် လာဖို့ထက် ချုံးချုံးကျ ဖြစ်တော့မှာပါ။ နာမကျန်းနေတဲ့ တိုင်းပြည်ကြီးကို ကယ်တင်ဖို့ လိုနေပါပြီ။

လူတဦးဟာ နေမကောင်းတဲ့အတွက် ဆေးရုံတခုကို သွားပြပါတယ်။ ဆေးစစ်ပါတယ်။ ဆေးစစ်အပြီးမှာ ထွက်လာတဲ့ ရလဒ် ကတော့ ကင်ဆာရောဂါလို့ သံသယဖြစ်သစရာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ဆေးရုံက ဘာပြောသလဲ ဆိုတော့ ဘန်ကောက်မှာ သွားပြီးကုသရင် အကောင်းဆုံးလို့ ဆိုပါတယ်။ ဘန်ကောက်မှာ သွားပြီး ကုသရမယ်ဆိုတော့ မြန်မာနိုင်ငံက ဆေးရုံတွေ အစိုးရဆေးရုံပဲဖြစ်ဖြစ် တသီးပုဂ္ဂလဆေးရုံပဲဖြစ်ဖြစ် ကင်ဆာရောဂါကို မကုသနိုင်ဘူးလို့ အဖြေထုတ်ဖို့ပဲ ရှိပါတော့တယ်။

ဘန်ကောက်သွားပြီး ကုသသင့်တယ်လို့ ဆိုလိုက်တာနဲ့ တပြိုင်နက်ထဲ နောက်ဆဲတွဲ တွေ့ရတာကတော့ ဘန်ကောက်က ဆေးရုံကြီးများရဲ့ ရန်ကုန်မှာ ရှိနေတဲ့ ဆေးရုံကိုယ်စားလှယ်များဆီက ဈေးခေါ်သံတွေပဲ ဖြစ်ပါတယ်။ လူနာဆီကို အရောက်လာပြီး ကျနော်ကျမတို့ ဆေးရုံက ပိုကောင်းတယ်။ ဈေးလည်း သူများဆေးရုံတွေလို အများကြီး မယူဘူး။ ကုသမှုကလည်း ပိုကောင်းတယ် ခေတ်မီတယ် စတာတွေနဲ့ ဆွယ်ပါတော့တယ်။ ဒီလိုအခြေအနေမျိုး ဆိုရင်တော့ ကျပ်ငွေ လေးဆယ့်ငါးသိန်းလောက်ပဲ ကျမယ်။ ဟိုလိုအခြေအနေဆိုရင်တော့ ကျပ်သိန်းခြောက်ဆယ် လောက်ကျမယ် စသဖြင့် ရောဂါ အတွက်ပါ တခါထဲ ဈေးဖြတ်ပေးနေကြတာ ဘန်ကောက်ဆေးရုံကြီးများက သမားတော်တွေထက်တောင် ပိုသိပိုတော်သလို ဖြစ်နေကြပါတယ်။ ခက်လိုက်ပုံများလို့သာ ပြောချင်ပါတော့တယ်။ ကာယကံရှင်လူနာကတော့ ကင်ဆာလို့ သိလိုက်ရတာနဲ့ တခါထဲ စိတ်ဆင်းရဲ သွားရသလို ငွေရေးကြေးရေးအတွက်ပါ စပြီး တွက်ချက်ရပါတော့တယ်။ ပူပန်ရပါတော့တယ်။

လူနာတွေဟာ ဈေးကွက်ထဲက ရောင်းချမယ့် ပစ္စည်းများလို ဖြစ်နေပါတယ်။ ဘန်ကောက်သွားပြီး ဆေးကုတယ် စင်္ကာပူသွားပြီး ဆေးကုတယ်ဆိုတာ ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်ကတော့ ဒီခေတ်မှာ မဆန်းတော့ပါဘူး။ ပိုက်ဆံမတတ်နိုင်တဲ့ သူများကတော့ ဘယ်ကိုမှ သွားမကုနိုင်တဲ့အတွက် သူတို့အတွက်လည်း ဆန်းတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ငွေကြေး မစို့မပို့ တတ်နိုင်တဲ့ သူများအတွက်ကျ ပြန်တော့လည်း ဆန်းနေပါတယ်။ ရှိထားတာ လေးတွေ စုဆောင်းတွက်ချက်ပြီး ဘန်ကောက်လို နေရာမျိုးမှာ ဆေးသွားကုမယ်ဆိုရင် လောက်ငှနိုင်ပါ့မလား ဆိုတာမျိုးပဲဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် မြန်မာပြည်မှာပဲ အကောင်းဆုံးလို့ သတ်မှတ်ထားတဲ့ ဆေးရုံတွေမှာပဲ ကုသ မလား။ မြန်မာပြည်မှာကုသလို့ အဆင်မပြေရင် ကိုယ့်လူနာ အသက်ဆုံးမှာကိုလည်း တဖက်မှာ ပူပင်ရပါသေးတယ်။ တခါ ဟိုသွားကုလို့ ငွေမလောက်မှာကိုလည်း စိုးရိမ်နေရပါသေးတယ်။ ရှိတာတွေ ပေါင်နှံပြီး ဘန်ကောက်သွားမလား၊ ဒီမှာပဲ ရှိထားတဲ့ ငွေလေးနဲ့ပဲ ကုသမလားဆိုတာက အတော်လေး ဆုံးဖြတ်ဖို့ ခက်လှပါတယ်။

နောက်ဆုံးပြန်ကြည့်လိုက်တော့ မြန်မာနိုင်ငံက ဆေးရုံတွေဟာ ကင်ဆာလို ဝေဒနာရှင်တွေကို ကုသဖို့ အဆင့်မမီဘူး လို့ ပြောရမလို ဖြစ်လာတဲ့ အကြောင်းပါပဲ။ ဘာကြောင့်ပါလဲ။ အစိုးရအဆက်ဆက် ကျန်းမာရေးကဏ္ဍကို လစ်လျှူရှု ထားလို့ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်ထွက်ရှိနေတဲ့ သဘာဝသယံဇာတတွေကို လူတစုလက်ထဲ ဝကွက် အပ်ထားတာကြောင့် ကျန်းမာရေးအတွက် လိုအပ်တဲ့ ငွေကြေးဟာ နိုင်ငံတော်လက်ထဲမှာ မရှိတာကြောင့် နိုင်ငံသားတွေ သုံးစွဲခွင့် မရတာပါ။ အတိုဆုံးပြောရရင် မြန်မာနိုင်ငံသားတွေ ဖျားနာနေပါတယ်။ ဆေးကုသဖို့လည်း ငွေမရှိပါ။
လူတွေကျန်းမာရေးမကောင်းလို့ နိုင်ငံရေးကလည်း မာမာချာချာ ရှိသလားဆိုတော့ နိုင်ငံရေးလည်း ဖျားနာနေပါတယ်။ အခု လက်ရှိနိုင်ငံရေးက ဘယ်လိုဖြစ်နေသလဲဆိုတော့ အန်အဲဒီနဲ့ ဒေါ်စု ၂ဝ၁၅ မှာ အနိုင်မရေးအတွက် ထောင့်စုံ ကနေ လုံးပန်းနေ တာပဲ ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကို နောက်လာမယ့် ရွေးကောက်ပွဲအတွက် လိုသလို အသုံးချဖို့ လုပ်နေတာကို တွေ့ရပါတယ်။ ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကိစ္စနဲ့ ပတ်သက်ရင်လည်း တုတ်တုတ်မှ မလှုပ်ပါဘူး။ ဒီကြားထဲ ပီအာရ် စနစ်ကို အသုံးပြုပြီး ပြိုင်ဖက်ကို အနိုင်ယူဖို့ လုပ်နေတာကလည်း ပြောင်ကြလွန်းပါတယ်။

အခုမြန်မာပြည်ရဲ့ အခြေအနေဟာ အဖက်ဖက်မှာ ဇောက်ထိုးဆင်းနေပါတယ်။ မြန်မာပြည်မှာ တကယ်လိုအပ် နေတာက တိုင်းပြည်ပြန်လည် တည်ဆောက်ရေး ပြန်လညထူထောင်ရေးပဲ ဖြစ်ပါတယ်။ နာမကျန်းဖြစ်နေတဲ လူနာကြီးကို ကျန်းမာလာအောင် ကယ်တင်ရေး ဖြစ်ပတယ်။ ငါ့ပါတီနိုင်ရေး၊ သူ့ပါတီကိုဆော်ရေး စတာတွေကိုပဲ ဇောင်းပေးနေရင်တော့ မြန်မာပြည် ပြန်လည်ကျန်းမာလာဖို့ ဆိုတာ မဖြစ်နိုင်ပါ။ တိုင်းရင်းသား လူမျိုးများ တောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း လစ်လျှူမရှုသင့်ပါ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်သမျှ ကာလပတ်လုံး သေနတ်သံတွေ စဲလိမ့်မယ် မဟုတ်ပါ။

အခြေအနေမှန်ကို သေသေချာချာ သုံးသပ်ဖို့ လိုပါတယ်။ မြန်မာပြည်ရဲ့ အခုလက်ရှိ စီးပွားရေးဟာ ဘယ်သူတွေလက်ထဲမှာ အများဆုံးရောက်နေသလဲ ဆိုတာကို မမေ့ဖို့လိုပါတယ်။ အခုမြန်မာပြည်မှာ အမြင့်ဆုံး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသူတွေဟာ တရုတ်ကုမ္ပဏီတွေသာ ဖြစ်ပါတယ်။ ကျနော်တို့အချင်းချင်း ရန်သတ်နေကြ၊ အာဏာအတွက် နိုင်ငံရေးပါတီတွေ ခုတ်ကျထစ်ကျ၊ အာဏာရပါတီက ဘယ်သူ့ကိုမှ မငှဲ့ညှာပဲ မတရားသဖြင့် လုပ်ချင်တာလုပ်နေကြ၊ ကိုယ်ပြဌာန်းချင်တဲ့ ဥပဒေတွေကို ပြဌာန်းကျ အစရှိသဖြင့် လုပ်နေတာကြောင့် ကြားလူက အမြတ်ထွက်နေပါတယ်။ လူနာမျက်ဖြူဆိုက်လေ သမားကြိုက်လေ ဆိုတဲ့ သဘောမျိုးနဲ့ အတူတူပဲလို့ ဆိုရတော့မှာပါ။ ကိုယ့်အချင်းချင်းကြား အနိုင်ရလိုမှုအတွက် တရုတ်ကိုအားကိုးတာ၊ အနောက်နိုင်ငံတွေကို အားကိုးတာ အစရှိတဲ့ လုပ်ရပ်မျိုးတွေဟာ နောက်ဆုံးမှာ ကိုယ့်တိုင်းပြည်ကိုပဲ ထိခိုက်မယ်ဆိုတာကို မမေ့အပ်ပါဘူး။ မြေခွေးက ငါးကြင်း အလယ်သား စားသွားတာမျိုး မဖြစ်အောင် သတိထားရ ပါလိမ့်မယ်။

နိုင်ငံရေးပါတီတိုင်း အနိုင်ရလိုတာ သဘာဝလို့ ဆိုရမှာပါ။ ဒါပေမဲ့ အနိုင်ရရင်ပြီးရော ဘာမဆို လုပ်ထိုက်တယ်ဆိုတဲ့ အယူအဆ မျိုးကိုကိုင်စွဲပြီး လုပ်တာမျိုးကတော့ မတရားတဲ့လုပ်ရပ်လို့ ဆိုရမှာပါ။ ဒီမိုကရေစီကို စပြီးထူထောင်နေတဲ့ ကာလမျိုးမှာ ဘာဖြစ်လို့ တဖွဲ့နဲ့တဖွဲ့ကြား ဆွေးနွေးညှိနှိုင်းတာမျိုး တိုင်ပင်တာမျိုး မလုပ်ကြတာလဲ။ တဖက်က ဆွေးနွေးဖို့ ကမ်းလှမ်း လာတာမျိုးကိုလည်း အပြုသဘောနဲ့ တုန့်ပြန်ဖို့လိုပါတယ်။ မျက်နှာလိုက်ပြောတာမဟုတ်ပါ။ ဟိုတလောက ဒေါ်စုက လေးပွင့်ဆိုင်တွေ့ကြဖို့ ကမ်းလှမ်းတာရှိပါတယ်။ သမတ ဦးသိန်းစိန်ကော၊ ဦးရွှေမန်းကော၊ ကာချုပ်ကို ဒီလို ကမ်းလှမ်း လာတာကို အပြုသဘောနဲ့ တုန့်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

မြန်မာပြည်ဟာ တရုတ်လို၊ အိန္ဒိယလို လူအင်အားရော၊ ဓနအင်အားပါ ကြီးမားတဲ့ နိုင်ငံကြီး နှစ်ခုအကြားမှာ တည်ရှိ နေပါတယ်။ ကမ္ဘာတည်သရွေ့ ဆက်ဆံနေရမှာပါ။ ဒါပေမဲ့ တချိန်ထဲမှာလည်း ဘယ်သူ့နောက်လိုက်မှ ဖြစ်မသွားဖို့ သတိထား လုပ်ကိုင်ဆောင်ရွက်ဖို့ လိုပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလိုမှုအတွက် အခုလက်ရှိအစိုးရက တရုတ်ကို သွယ်ဝှိုက်ဖြစ်စေ တိုက်ရိုက်ဖြစ်စေ အားကိုးလွန်းတာမျိုး ဖြစ်နေရင်လည်း ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါ။ အနာဂတ် မြန်မာပြည်ရဲ့ ကံကြမ္မာဟာ မြန်မာနိုင်ငံသားတွေရဲ့ လက်ထဲမှာပဲ တည်ရှိမှာ ဖြစ်ပါတယ်။ အဲသလိုမှ မဟုတ်ပဲ နောင်မှာ မြန်မာပြည်ဟာ ဟိုတိုင်းပြည်ရဲ့ မျက်နှာကို ကြည့်ရ ဒီတိုင်းပြည်ရဲ့ မျက်နှာကို ကြည့်ရ ဆိုတာမျိုး ဖြစ်လာခဲ့ရင် အဲတာမျိုးကို ပြန်အဖတ်ဆယ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါ။ ခက်ခဲပါတယ်။

အရှင်းဆုံး ပြောရရင် မြန်မာနိုင်ငံဟာ ဘယ်သူ့နောက်လိုက် ဘယ်သူ့တပည့်မှ မဖြစ်ဖို့အတွက် သတိထားရပါလိမ့်မယ်။ အများကလေးစားပြီး တည်တည်တံ့တံ့ နေထိုင်နိုင်ဖို့ မိမိတို့ အချင်းချင်းကြားမှာ ပွင့်လင်းတဲ့၊ လွတ်လပ်တဲ့၊ နှောင်ကြိုးကင်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်ပါတယ်။ သို့သော်လည်း ကားပါမစ်၊ အရက်ရောင်းခွင့်ပါမစ်၊ ဘာညာပါမစ်တွေ ပေးပြီး စကားပြောတဲ့ ဆွေးနွေးမှုမျိုးတွေ မဟုတ်ဖို့တော့ လိုပါတယ်။

အထက်မှာ ပြောခဲ့သလို နိုင်ငံရေးပါတီတိုင်းဟာ ရွေးကောက်ပွဲမှာ ရှုံးမှာကို မလိုလားပါဘူး။ အဲသလိုဆိုရင် အခုလို တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတဲ့ အချိန်မျိုးမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးလိုက်ကြရုံပေါ့။ တိုင်းပြည်က အဖက်ဖက်မှာ နာမကျန်းဖြစ်နေတဲ့အချိန်၊ အဲသလိုအချိန်မျိုးမှာ တိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ထက် အာဏာရဖို့အတွက် လုံးပန်းနေတာမျိုးဟာ အားလုံးကို ထိခိုက်စေပါတယ်။ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေ အတွက် ပြောကြဆိုကြပေါ့။ ဈေးဆစ်ကြ ညှိနှိုင်းကြပေါ့။ လုပ်ပိုင်ခွင့်ရှိတဲ့သူက တခြားအဖွဲ့အစည်းတွေကို ထုထောင်းနေတယ်ဆိုတာ လမ်းလွဲနေတယ်လို့ မြင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရရင် အခုဒီစာကို ရေးရတာက အနာဂတ်မှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး လူမှုရေး နိုင်ငံရေးအရ လွှမ်းမိုးလာမှာကို ဖယ်ချရပ်တန့် ပစ်ဖို့အတွက် အားလုံးသော သက်ဆိုင်သူများ အကြား စကားပြောကြပါ ဆွေးနွေးကြပါလို့ ဆိုလိုရင်းဖြစ်ပါတယ်။ အားနည်းလာရင် အားကြီးတဲ့သူက စိုးမိုးတယ် ဆိုတာကလည်း သဘာဝ ဖြစ်နေတယ် မဟုတ်လား။ မကျန်းမာတဲ့ မြန်မာနိုင်ငံသားများနဲ့အတူ ဖျားနေတဲ့ မြန်မာပြည်ကြီးကို နေကောင်းလာအောင် ကုသဖို့ လိုနေပါတယ်။ တိုင်းပြည် ပြန်လည်တည်ဆောက်တဲ့ နေရာမှာ ချဉ်းကပ်မှုတွေ စူးရှကျယ်ပြန့်ပြီး ဝေးဝေးကို မြင်နိုင်ပါစေလို့ ပြောလိုပါကြောင်း။

ဇော်မင်း
၃ဝ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.