ရွက်မွန်စာမျက်နှာ

Thursday, August 21, 2014

တူးမြောင်းများနဲ့ တရုတ်နိုင်ငံ

တနေ့ က စီအန်အန်တီဗွီကနေ သတင်းတခု ကြည့်လိုက်ရပါတယ်။ အကြောင်းအရာကတော့ တောင်အမေရိကတိုက်က နိုင်ငံတခုဖြစ်တဲ့ နီကာရာဂွာ နိုင်ငံမှာ မကြာခင်အတွင်း ပင်လယ်ကူး သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်မယ့် တူးမြောင်းတခု ဖောက်လုပ်မယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဖောက်လုပ်မယ့် တူးမြောင်းက သေးသေးမွှားမွှား မဟုတ်ပါ။ နီကာရာဂွာ နိုင်ငံရဲ့ အရှေ့ဖက် ပင်လယ်ကမ်းခြေကနေ နိုင်ငံတခုလုံးကို ဖြတ်ပြီး အနောက်ဖက် ပင်လယ်အထိ ဖောက်လုပ်မယ့် တူးမြောင်း ဖြစ်ပါတယ်။ အတ္တလန်တစ် သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ချိတ်ဆက်ဖို့ ဖြစ်ပါတယ်။ အင်မတန် ကြီးမားလှတဲ့ စီမံကိန်း တခုလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ပင်လယ်ကူးသင်္ဘောတွေ ဖြစ်သန်းသွားလာတဲ့ နာမည်ကျော် တူးမြောင်းကြီးတွေ ရှိပါတယ်။ ပထမဆုံး တူးဖော်ခဲ့တဲ့ တူးမြောင်းကြီးကတော့ စူးအက် တူးမြောင်း ဖြစ်ပါတယ်။ လူတိုင်း သိကြပါတယ်။ အီဂျစ်နိုင်ငံမှာ ဗြိတိသျှတွေ ၁၉ ရာစုအတွင်းက ဖောက်လုပ်ခဲ့တဲ့ တူးမြောင်းကြီးပါ။ စူးအက်တူးမြောင်းကြီး ဖောက်လုပ်ခဲ့ရတာက ကမ္ဘာ့ကုန်သွယ်ရေး အတွက် ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နေတဲ့ သင်္ဘောများရဲ့ ခရီးလမ်းကြောင်းကို ချုံ့ပစ်ချင်တာကြောင့်ပါ။ နဂိုကဆိုရင် ဥရောပကနေ အာရှတိုက်ကို သွားမယ့် ပင်လယ်ကူးသင်္ဘောတွေဟာ အာဖရိကတိုက်ကြီး တခုလုံးကို ပတ်ပြီးသွားရပါတယ်။ အာရှတိုက်ကနေ ဥရောပကို ပြန်လာတော့လည်း အာဖရိကတိုက်ကြီးကို ထပ်ပြီးပတ်ရပြန်ပါတယ်။ ခရီးလမ်းပန်းက ရှည်လျှားလှတာကြောင့် ကုန်ကျစရိတ်ကလည်း များလှပါတယ်။ ဒါ့အပြင် အချိန်လည်း ကုန်ပါတယ်။ စက်မှုတိုးတက် ထွန်းကားပြီးတဲ့ နိုင်ငံများအနေနဲ့ သူတို့ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေကို ဈေးကွက်တွေအတွင်း မြန်မြန်ဆန်ဆန် တင်ပို့ ချင်ပါတယ်။ တဆက်ထဲမှာလည်း ခေတ်နောက်ကျကျန်နေတဲ့ နိုင်ငံများက သယံဇာတတွေ ကိုလည်း သူတို့နိုင်ငံများအတွင်းကို မြန်မြန်ဆန်ဆန်နဲ့ ပြန်ပြီးတင်သွင်းလိုပါတယ်။ သင်္ဘောသက်သက်ကိုပဲ အားကိုးရတဲ့ ခေတ်ဆိုတော့ သင်္ဘောသွားတဲ့ လမ်းကြောင်းတိုလေလေ အမြတ်ကများလေလေ ဖြစ်တာကြောင့် တူးမြောင်းဖောက်ဖို့ ဖြစ်လာရပါတယ်။
ဒုတိယ လူသိများ ကမ္ဘာကျော်တဲ့ တူးမြောင်းကြီးကတော့ ပနားမား တူးမြောင်း ဖြစ်ပါတယ်။ တောင်အမေရိကတိုက် အတွင်းက ပနားမားနိုင်ငံကို ဖြတ်သန်းဖောက်လုပ် ထားတာဖြစ်ပါတယ်။ အတ္တလန်တစ် သမုဒ္ဒရာနဲ့ ပစိဖိတ် သမုဒ္ဒရာကို ဆက်သွယ်ထားတဲ့ တူးမြောင်းကြီးဖြစ်ပါတယ်။ နှစ်ဆယ်ရာစု ဆန်းစအချိန်မှာ အမေရိကန်တွေ တူးဖော်ခဲ့တဲ့ တူးမြောင်းကြီးပါ။ အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းက ပင်လယ်ကူးသင်္ဘောတွေ အမေရိကန်နိုင်ငံ အနောက်ဖက်ခြမ်းကို ကုန်ပစ္စည်းတွေ ပို့တဲ့ အခါမှာ တောင်အမေရိကတိုက်ကြီး တခုလုံးကို ပတ်ပြီးသွားရတဲ့ ခရီးစဉ်ကို ချုံ့ပစ်ချင်တာကြောင့် တူးဖော်ခဲ့တာ ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း အမေရိကန်အရှေ့နဲ့ အနောက်ဖက်ခြမ်းက ကုန်ပစ္စည်းတွေကို အာရှတိုက်ဖက်ကို ပို့တော့မယ်ဆိုရင် ပနားမား တူးမြောင်းကို ဖြတ်သန်းပြီး တင်ပို့တာကြောင့် တောင်အမေရိက တိုက်ကြီးတခုလုံးကို ပတ်သွားစရာ မလိုတော့သလို ကုန်ကျစရိတ်ကလည်း အများကြီးသက်သာသွားပါတယ်။
အခု နီကာရာဂွာ နိုင်ငံမှာ ဖောက်လုပ်မယ့် တူးမြောင်းကြီးဟာ လက်ရှိရှိနေတဲ့ ပနားမား တူးမြောင်းထက် နှစ်ဆပိုပြီး ရှည်လျှားမှာ ဖြစ်သလို အကျယ်အားဖြင့်လည်း နောက်ဆုံးပေါ် ခေတ်မီကုန်သင်္ဘောကြီးတွေ လွယ်လွယ်ကူကူ ဖြတ်သန်း သွားနိုင်မယ်လို့ ဆိုထားပါတယ်။ နီကာရာဂွာ နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်း တူးဖော်မယ့် တူးမြောင်းကြီး ဖြစ်ပါတယ်။ ဒီနှစ် အကုန်မှာ စီမံကိန်းကြီးကို စတင်မယ်လို့ သိရပါတယ်။ နီကာရာဂွာ နိုင်ငံဟာ တောင်အမေရိကတိုက် အတွင်းက ဆင်းရဲနေဆဲ ဖြစ်တဲ့ နိုင်ငံများထဲက နိုင်ငံငယ်လေး တခုဖြစ်ပါတယ်။ လူများစုက ဆင်းရဲနေဆဲ ဖြစ်တယ်လို့ ဆိုပေမယ့် နိုင်ငံအတွင်းက ခေတ်မီအဆောက်အဦတွေ၊ စီးပွားရေးကုမ္ပဏီတွေ၊ ဘဏ်ကြီးတွေ၊ လမ်းတံတားတွေကို ပိုင်ဆိုင် လုပ်ကိုင်နေသူ တွေကတော့ လူနည်းစု လက်တဆုပ်စာ လူတန်းစားဖြစ်ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုဟာ မြန်မာနိုင်ငံနဲ့ ခပ်ဆင်ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။

နီကာရာဂွာ အစိုးရရဲ့ အဆိုအရ တူးမြောင်းကြီး ဖောက်လုပ်ပြီးရင် နီကာရာဂွာ နိုင်ငံသား အများစု ဒီတူးမြောင်းကြီးကို အမှီပြုပြီး အလုပ်အကိုင်သစ်တွေ ရလာနိုင်တယ်လို့ ထောက်ပြပါတယ်။ စစ်တမ်းများအရ နီကာရာဂွာ နိုင်ငံသား တဝက်ကျော်ကလည်း ဒီတူးမြောင်းကြီး ဖောက်လုပ်မှာကို ထောက်ခံတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက များလွန်းတယ်လို့လည်း ဆိုပြန်ပါတယ်။ အဓိက ပြဿနာတခုကတော့ တူးမြောင်းကြီး ဖြတ်သန်း ဖောက်လုပ်မယ့် လမ်းကြောင်းအတွင်းမှာ နီကာရာဂွာ နိုင်ငံရဲ့ အကြီးမားဆုံး ရေချိုအိုင်ကြီးကို ဖြတ်သန်းဖောက်လုပ်မှာ ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများအနေနဲ့ အလွန်အမင်း စိုးရိမ်သောက ရောက်နေကြ ပါတယ်။ အဲဒီ ရေချိုအိုင်ကြီးဟာ ကြီးမားလှတာကြောင့် ကုန်းတွင်းရေချိုပင်လယ်လို့ တင်စားကြပါတယ်။ တူးမြောင်း ဖောက်လုပ်တာကြောင့် နောင်မှာ နှစ်ဖက် သမုဒ္ဒရာထဲက ရေငံတွေ ရေချိုအိုင်ကြီးအတွင်း ရောက်ရှိလာမှာကို အတော် များများက စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

ဒီရေချိုအိုင်ကြီးဟာ နီကာရာဂွာနိုင်ငံရဲ့ ရေချိုအသက်သွေးကြောလို့ ဆိုနိုင်သလို ရေချိုအိုင်ကြီးကို အမြှီပုပြီး အသက် မွေးဝမ်းကြောင်း ပြုနေတဲ့ လူအုပ်စုများအတွက် အနာဂတ်မှာ သူတို့ရဲ့ ရိုးရာအသက်မွေးကြောင်း လုပ်ငန်းတွေ ထိခိုက်လာနိုင် တာကြောင့်ပါ။ အဓိကအချက်ကတော့ ရေချိုအိုင်ကြီး နောင်မှာ ရေငံအိုင် ဖြစ်သွားမှာကို အတော် များများက စိုးရိမ်ကြ ပါတယ်။ နီကာရာဂွာ အစိုးရနဲ့ တရုတ်အစိုးရ အဆိုကတော့ နည်းပညာတွေ မြင့်မြင့်မားမားနဲ့ တည်ဆောက်တူးဖော်မှာ ဖြစ်တာကြောင့် စိုးရိမ်စရာ မလိုဘူးလို့ ထောက်ပြပါတယ်။ တရုတ်ဖက်က အပြောအရဆိုရင် တောင်အမေရိကတိုက်မှာ ပနားမား တူးမြောင်း ရှိထားပြီးသား ဖြစ်ပေမယ့် ပနားမားတူးမြောင်းဟာ ကနေ့လို ခေတ်ကြီးမှာ ခေတ်မီကုန်သင်္ဘော အကြီးစားတွေ ဖြစ်သန်းသွားလာဖို့ တဖြည်းဖြည်းနဲ့ ခက်ခဲလာတယ် နှေးကွေးလာတယ် ဒါကြောင့် တူးမြောင်းအသစ် တူးဖော်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ မြစ်ဆုံဆည်ကြီး တည်ဆောက်မယ် ဆိုတဲ့ အခါမှာ တရုတ်ဖက်က ပြုလုပ်ထားတဲ့ သုတေသနအချက်အလက်တွေအရ ရေရှည်မှာ မြစ်အောက်ပိုင်းဒေသတွေကို မထိခိုက်နိုင်ဘူးလို့ ဆိုထား ပါတယ်။ အမြတ်ရလိုတဲ့ အချက်ကို အဓိကထားတာကြောင့် အဲသလို သုတေသန အချက်အလက်တွေဟာ ဘယ်လောက် ခိုင်မာသလဲ ဘယ်လောက် တိကျသလဲဆိုတာ အာမခံဖို့ ရေရှည်မှာ ခက်ခဲလှပါတယ်။ အလွန့်အလွန် သတိထားရမယ့် ကိစ္စတွေလို့ ပြောပါရစေ။

နီကာရာဂွာနိုင်ငံမှာ ပင်လယ်ကူးသင်္ဘောတွေ ဖြတ်သန်းသွားလာဖို့ တူးမြောင်းဖောက်တဲ့ ကိစ္စဟာ လတ်တလောမှာတော့ ရလာမယ့် အကျိုးအမြတ်ဟာ မက်လောက်စရာ ရှိပါတယ်။ ဒါပေမဲ့ နောင်လာမယ့် အနှစ်လေးဆယ်၊ ငါးဆယ်နဲ့ အနှစ် တရာလောက် အကြာမှာတော့ ဖြစ်လာမယ့် ဆိုးကျိုးဟာ ရရှိလာမယ့် အကျိုးအမြတ်နဲ့ နိုင်းစာရင် ကာမိပါ့မလား ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တရုတ်ဖက်ကတော့ အဆင့်မြင့် နည်းပညာတွေနဲ့ ဆောင်ရွက်မှာဖြစ်လို့ စိုးရိမ်စရာ မလိုဘူးလို့ ပြောပေမယ့် နောင်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးတဲ့အခါ အိမ်ရှင်နိုင်ငံနဲ့ နိုင်ငံသားတွေသာ အဲဒီ ဆိုးကျိုးကို အရင်ဆုံး ခံစားရမှာ ဖြစ်ပါတယ်။ တရုတ်ဖက်က အနေသာကြီးပါ။

သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးတာမျိုးကို ရင်ဆိုင်ရမယ့် အလားအလာအပြင် နောင်မှာ နိုင်ငံကြီးများရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ကစားကွက်ထဲကို နိုင်ငံငယ်လေးတွေ ကစားခံရတာမျိုးကလည်း ရှိနေပြန်ပါသေးတယ်။ နီကာရာဂွာနိုင်ငံနဲ့ အနီးဆုံး ဆူပါပါဝါနိုင်ငံဟာ အမေရိကန်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အင်အားချိန်ခွင်ညှာ တောင်အမေရိကတိုက်မှာ ကြီးထွားလာမှာကို အမေရိကန်တွေက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်တာကြောင့် နီကာရာဂွာနိုင်ငံဟာ ကြားညှပ် နိုင်ပါတယ်။ အင်အားကြီးနိုင်ငံတွေ ပြိုင်ဆိုင်ဖို့အတွက် ကစားကွင်းတခု ဖြစ်လာခဲ့ရင် အိမ်ရှင်နိုင်ငံအဖို့ နစ်နာဖို့သာ ရှိပါတယ်။ နိုင်ငံတခုလုံးကို ဖြတ်သန်းပြီး တူးမြောင်းဖောက်လုပ်တဲ့ ကိစ္စဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရုံသာမကဘဲ နိုင်ငံရေး အခင်းအကျင်းအရ ထိခိုက်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
ဥပမာ တခုလောက် ပြရရင် အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း အလားတူ ကိစ္စမျိုးတွေ ဖြစ်ခဲ့ဘူးပါတယ်။ ထိုင်းဘုရင့် အစိုးရဟာ ဟိုရှေးတုန်းက ထိုင်းနိုင်ငံတောင်ပိုင်းက “ကရာ” ဆိုတဲ့ ဒေသကိုဖြတ်သန်းပြီး ပင်လယ်ကူး သင်္ဘောတွေ အတွက် တူးမြောင်း ဖောက်လုပ်ဖို့ စီစဉ်ခဲ့ဘူးပါတယ်။ အန်ဒမန်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်ပြင်ကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက ခွင့်မပြုခဲ့တာကြောင့် ဒီအစီအစဉ်ဟာ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ထိုင်းနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ မဖြစ်ခဲ့ဘူးပေမယ့် ဒေသတွင်းမှာ အဲဒီအချိန်က အင်္ဂလိပ်အစိုးရရဲ့ ဆူပါပါဝါကို မလွန်ဆန် နိုင်တာ ကြောင့်ပါ။ အင်္ဂလိပ်အစိုးရက သေနင်္ဂဗျူဟာအရ အချက်အခြာကျတဲ့ မလေးကျွန်းဆွယ်က စင်္ကာပူမှာ ခံတပ် ဆောက်ထားပြီး ခြေကုတ်ယူထားတော့ အင်္ဂလိပ်အစိုးရ အနေနဲ့ သူကိုယ်တိုင် ၁ဝဝ% မစိုးမိုးထားနိုင်တဲ့ ထိုင်းလိုနိုင်ငံမှာ နောက်ထပ် ဗျူဟာကျတဲ့ နေရာသစ်တခု ပေါ်လာမှာကို မလိုလားတာကြောင့်ပါ။ ထိုင်းအစိုးရအနေနဲ့ ကရာတူးမြောင်း ဖောက်လုပ်ဖို့ ဆိုတဲ့ ကိစ္စကို ခဏမေ့ထား လိုက်ရပါတယ်။

ဒီဖက်ခေတ်တွေ ရောက်လာတော့ ထိုင်းအစိုးရအနေနဲ့ ကရာတူးမြောင်း ဖောက်လုပ်ဖို့ ပြန်စဉ်းစားလာပါတယ်။ ဒါပေမဲ့ ဒီတခါလည်း တူးမြောင်းဖောက်ဖို့ အစီအစဉ်ကို ချောင်ထိုးထားရပြန်ပါတယ်။ ဒီတခါဖြစ်ရတာက အင်္ဂလိပ်အစိုးရက နှောက်ယှက်လို့ မဟုတ်ပါ။ အင်္ဂလိပ်အစိုးရက နှောက်ယှက်ဖို့လည်း အင်အားမရှိတော့ပါ။ ဖြစ်ရတာက သူ့ပြည်တွင်းရေး ကြောင့် ဖြစ်ပါတယ်။ ကရာတူးမြောင်း ဖောက်လိုက်မယ်ဆိုရင် တူးမြောင်းရဲ့ တောင်ဖက်ခြမ်းတခုလုံးဟာ ထိုင်းနိုင်ငံ အတွင်းမှာ ဆိုပေမယ့် မလေးစကားပြော မွတ်စလင်ကိုးကွယ်သူများ နေထိုင်ရာဒေသ ဖြစ်နေတာကြောင့်ပါ။ အဆိုပါဒေသက ထိုင်းနိုင်ငံသား မလေးစကားပြော မွတ်စလင်ဘာသာဝင်တွေဟာ သူတို့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးဖို့ တောင်းဆိုနေတာ နှစ်ပေါင်းအတော်ကြာပါပြီ။ အကယ်၍ တူးမြောင်းဖောက်လိုက်ရင် ပထဝီအနေအထားအရ တူးမြောင်းတောင်ဖက်ခြမ်း ဒေသဟာ မွတ်စလင်ပိုင်ဆိုင်တဲ့ သီးသန့်ဒေသ ဖြစ်တယ်လို့ မြေပုံပေါ်မှာ အတည်ပြု လိုင်းဆွဲပေးလိုက်သလို ဖြစ်သွားမှာကို စိုးရိမ်တာကြောင့်ပါ။ ဒါကြောင့် ကနေ့ခေတ်လို ကိုလိုနီ ဆူပါပါဝါတွေကို ကြောက်စရာမလိုတော့တဲ့ အချိန်မှာတောင် ကိုယ့်အတွင်း ပြဿနာကြောင့် ငွေကြေးတတ်နိုင်ရဲ့သားနဲ့ တူးမြောင်း ဖောက်ဖို့ ဆိုတာကို ချောင်ထိုးထားလိုက် ရတာပဲ ဖြစ်ပါတယ်။ နောက်တချက်ကတော့ အကယ်၍ ကရာတူးမြောင်း ဖောက်လိုက်ရင် အင်အားကောင်းလာနေတဲ့ တရုတ်ရေတပ် အနေနဲ့ အနာဂတ်မှာ ဒီဒေသတွင်း အလုံးအရင်းနဲ့ အလွယ်တကူ ဝင်ထွက်သွားလာမှာကို စိုးရိမ်တာလည်း ပါပါတယ်။

နီကာရာဂွာနိုင်ငံမှာ ဖောက်လုပ်မယ့် ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းသွားလာမယ့် တူးမြောင်းကိစ္စက မြန်မာပြည်အပါ အဝင် အရှေ့တောင်အာရှ ဒေသများနဲ့ ဝေးလွန်းတော့ အာရှသား အတော်များများ စိတ်မဝင်စားပါဘူး။ ကြီးမားလာနေတဲ့ တရုတ်နိုင်ငံရဲ့ အင်အားအရ နီကာရာဂွာနိုင်ငံက တူးမြောင်းဟာ အနည်းဆုံးတော့ စီးပွားရေးအရ လက်တင်အမေရိက တိုက်နဲ့ ချိတ်ဆက်ဖို့သာမကပဲ သယံဇာတ ပေါºကွယ်ဝတဲ့ အာဖရိကတိုက်ဆီကိုလည်း နောက်ထပ် ထိုးဖောက်နိုင်တဲ့ လမ်းကြောင်းသစ် တခု ဖြစ်နေပါတယ်။ တူးမြောင်းတွေကြောင့် အကျိုးအမြတ် ရတယ်ဆိုပေမယ့် ချုပ်လိုက်ရင်တော့ စူးအက်တူးမြောင်းကို ပိုင်ဆိုင်တဲ့ အီဂျစ်နိုင်ငံနဲ့ ပနားမား တူးမြောင်းကို ပိုင်ဆိုင်တဲ့ ပနားမား နိုင်ငံတို့ဟာ တူးမြောင်း တွေကြောင့် လူတစု အကျိုး စီးပွား ဖြစ်လာနေပေမယ့် ကနေ့အထိ ထိုနိုင်ငံသား အများစု ကတော့ ဆင်းရဲတွင်းထဲမှာ နေနေကြရတယ်ဆိုတာကို မမေ့ဖို့ လိုပါကြောင်း။

ဇော်မင်း
၁၈ ရက်၊ သြဂုတ်လ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.