ရွက်မွန်စာမျက်နှာ

Monday, September 15, 2014

ကျောက်မီးသွေး အစိုးရနဲ့ ဆင်ခြင်တုံတရား


ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ၊ ဒီဘာသာရပ်နဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ နားလည် ကျွမ်းကျင် သူတွေ အစရှိသူများ ပြောခဲ့တာ တွေလည်း များလှပါပြီ။ ထောက်ပြ အကြံပေးတာတွေလည်း အကြိမ်ပေါင်း များစွာပါ။ အခုဒီဆောင်းပါးကလည်း ထပ်ပြီးဝေဖန် အကြံပြုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရတရပ်လုံး အနေနဲ့ရော၊ သက်ဆိုင်ရာဒေသခံ အာဏာပိုင်တွေရော ဒီလိုအကြံပေး ထောက်ပြတာတွေကို အလေးမထားကြပါ။ ရေရှည်မှာ ရင်ဆိုင် ရမယ့် အန္တရာယ်ကို မမြင်နိုင်ဘဲ ဆက်ပြီးမှားယွင်း လုပ်ဆောင်နေတာတွေကလည်း များလှပါတယ်။ အဲဒီအထဲက တခုကတော့ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ခြင်း ဖြစ်ပါတယ်။

ကျောက်မီးသွေးကို လောင်ကျွမ်းစေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာဟာ လူသားတွေအတွက် ဘယ်လောက် အန္တရာယ် ရှိတယ်ဆိုတာ ကနေ့တကမ္ဘာလုံးမှာ ပြောနေတဲ့ ကိစ္စပါ။ အခုဆိုရင် နိုင်ငံတော်တော်များများမှာ ကျောက်မီးသွေးကို အသုံးပြုတဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တဖြည်းဖြည်းခြင်း ပိတ်လာကုန်ပါပြီ။
ကျောက်မီးသွေးကို သုံးရတာက မြေကြီးထဲကနေ လွယ်လွယ်နဲ့ ထုတ်ယူနိုင်ပြီး ကုန်ကျစရိတ်သက်သာလို့ပါ။ ကုန်ကျစရိတ် နည်းနည်းနဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်တယ်၊ လူတွေဈေးချိုချိုနဲ့ လျှပ်စစ်ဓာတ်အားကို သုံးစွဲ နိုင်တယ်ဆိုတော့ တချိန်တုန်းက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ နိုင်ငံအတော်များများမှာ မှိုလို ပေါက်ခဲ့ပါတယ်။ အထူးသဖြင့် စက်မှုထွန်းကားတဲ့ အနောက်နိုင်ငံများမှာ ပိုလို့ကျောက်မီးသွေးကို သုံးစွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျောက်မီးသွေးကို လောင်ကျွမ်းစေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တာဟာ ရေရှည်မှာ ဆိုးကျိုးတွေနဲ့သာ ပိုလို့ရင်ဆိုင်ရတာကို နားလည်လာပါတယ်။ အဲတာကြောင့် ကျောက်မီးသွေးအစား တခြားပစ္စည်း တခုခုကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံဟာ တချိန်တုန်းက ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်တွေ လက်ညိုးထိုးမလွဲ ရှိခဲ့တဲ့ တိုင်းပြည် တခုပါ။ ကျောက်မီးသွေးလောင်စာကနေတဆင့် ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားကို တနိုင်ငံလုံး သုံးစွဲ ခဲ့ပါတယ်။ အဲတာ အပြင် လူလတ်တန်းစားနဲ့ ဆင်းရဲတဲ့သူတွေဟာ ဆောင်းတွင်း အိမ်ထဲမှာ အနွေးဓာတ်ရအောင် မီးလင်းဖိုတွေ ဖိုတဲ့အခါမှာ ကျောက်မီးသွေးကို သုံးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရပေးတဲ့ လျှပ်စစ်က အိမ်ထဲမှာ မီးထွန်းတာ၊ ချက်တာပြုတ်တာ လောက်မှာပဲ သုံးနိုင်လို့ပါ။ ဆောင်းတွင်းမှာ တအိမ်လုံးကို အနွေးဓာတ်ပေးမယ်ဆိုရင် မီတာခက ဈေးကြီးနေဆဲဖြစ် တာကြောင့် လူအများစုဟာ ကျောက်မီးသွေးကို ဆက်ပြီးသုံးနေရပါတယ်။ ရေရှည်မှာ ကျောက်မီးသွေးကို အဲသလို ဖောဖောသီသီ သုံးစွဲခဲ့တဲ့ အကျိုးဆက်ကြောင့် လူကြီးလူငယ်မရွေး အဆုတ်နာရောဂါ ရသူတွေ ပိုများပြားလာပါတယ်။ အသက်ရှု လမ်းကြောင်းမှာ ရောင်ရမ်းတာ ရောဂါဖြစ်တာတွေလည်း များလာပါတယ်။

လေထုထဲမှာ များပြားနေတဲ့ ကျောက်မီးသွေး မီးခိုးတွေကို ရှုရှိုက်ရတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးဖွား တဲ့အခါမှာ မွေးလာတဲ့ ကလေးတွေဟာ တနည်းမဟုတ် တနည်း ကျန်းမာရေးချို့ယွင်းတဲ့ ကလေးတွေဖြစ်နေပါတယ်။
ကျောက်မီးသွေးရဲ့ ဆိုးကျိုးကို အင်္ဂလန်မှာ လူတွေတဖြည်းဖြည်းနဲ့ သိလာပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေကို ပိတ်ပစ်လိုက်ဖို့ကလည်း အစားထိုးရမယ့် နောက်ထပ်နည်းလမ်း မတွေ့သေးလေတော့ အခက်တွေ့နေရပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီး လေးငါးဆယ်နှစ်လောက်မှာတော့ စကော့တလန် ကမ်းလွန် ပင်လယ်ပြင်ထဲကနေ သဘာဝဓာတ်ငွေ့သိုက်တွေ တွေ့ရှိလာပါတယ်။ တိုတိုပြောရရင် ထွက်ရှိလာတဲ့ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားကို ရောင်းမပစ်ဘဲ ပြည်တွင်းမှာတင် ဓာတ်ငွေ့အသုံးပြုတဲ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ ပေါ်ပေါက် လာပါတယ်။ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံတွေကို တဆင့်ခြင်းဆိုသလို ပိတ်လိုက်ပါတယ်။ သဘာဝဓာတ်ငွေ့ကို လောင်ကျွမ်းစေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာဟာ ကျောက်မီးသွေးကို အသုံးပြုတာထက် လူတွေကို အန္တရာယ် ပေးတဲ့အပိုင်းမှာ နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ နောက်တချက်က လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရာမှာလည်း အရင် ကထက် ဈေးပိုသက်သာလာပါတယ်။ ဒါကြောင့် အိမ်တိုင်းလိုလိုမှာ ဆောင်းတွင်းဆိုရင် ဟိုတုန်းကလို ကျောက်မီးသွေးသုံး မီးလင်းဖိုတွေ မလိုတော့ဘဲ လျှပ်စစ်ဓာတ်အားသုံး အနွေးဓာတ်ပေးတဲ့ ကိရိယာတွေ တပ်ဆင်လာနိုင်ကြပါတယ်။

အင်္ဂလန်နိုင်ငံမှာ ကနေ့ခေတ်ရောက်တော့ လျှပ်စစ်ဓာတ်အားကို သဘာဝဓာတ်ငွေ့တခုထဲကနေ ထုတ်တာမဟုတ်တော့ဘဲ လေရဟတ်ကြီးတွေ တည်ဆောက်ပြီး ထုတ်ယူလာပါတယ်။ နေရောင်ခြည်ကို ဆိုလာပြားတွေ ကနေတဆင့် အိမ်သုံး လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်ယူလာနိုင်ပါတယ်။ စွန့်ပစ်အမှိုက်တွေကနေတဆင့်လည်း လျှပ်စစ်ဓာတ်ကို ထုတ်ယူ ပါသေးတယ်။ ကြားထဲမှာတော့ အနုမြူစွမ်းအင်ကို အသုံးချပြီး လျှပ်စစ်ဓာတ်အားတွေ ထုတ်ယူ လာပြန်ပါတယ်။ ဒါပေမဲ့ အနုမြူဓာတ်ပေါင်းဖိုတွေရဲ့ အန္တရာယ်ကလည်း မသေးလေတော့ အခုနောက်ပိုင်းမှာ အနုမြူ ဓာတ်ပေါင်းဖိုတွေကိုလည်း ထပ်ပြီး လျှော့ချလာပါတယ်။ ဒီနေရာမှာ ထောက်ပြလိုတာက လျှပ်စစ်ဓာတ်အား ထုတ်ယူရာမှာ လွယ်လွယ်နဲ့ ဈေးချိုရင် ပြီးရော ဆိုပြီး မလုပ်ခဲ့တာကို သင်ခန်းစာယူသင့်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှာနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ ကျန်းမာရေး ရေရှည်မှာ ထိခိုက် လာတာကို ကာကွယ်တဲ့ စိတ်ဓာတ်မျိုးကလည်း ချီးကျူးစရာပါ။

ကျနော်တို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း စွမ်းအင်လိုအပ်မှုကြောင့် ဖြစ်လာရတဲ့ ပြဿနာတွေကို အမြောက် အများ ရင်ဆိုင် နေရပါတယ်။ မဲ့တဖွတ်လို့ခေါ်တဲ့ စက်မှုဇုန်ကြီးရှိတဲ့ဒေသမှာ သံမဏိစက်ရုံတွေ၊ ဓာတုဗေဒပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံကြီးတွေ အများအပြားရှိပါတယ်။ အဲဒီစက်ရုံအကြီးစားတွေ လည်ပတ်ဖို့ လျှပ်စစ်ဓာတ်အား လိုလာ ပါတယ်။ လိုလာတဲ့ စွမ်းအင်ထုတ်လုပ်ဖို့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး တည်ဆောက်ပါတယ်။

နောက်ဆက်တွဲ ပြဿနာတွေကတော့ အင်မတန်ကြီးမားလှပါတယ်။ သံမဏိစက်ရုံတွေ၊ ဓာတုဗေဒပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကြောင့် ချောင်းမြောင်းတွေထဲက ရေတွေသုံးမရလောက်အောင် ညစ်ညမ်းလာပါတယ်။ လယ်တွေကိုရေပေးလို့ မရအောင် ညစ်ညမ်းလာတာပါ။ နောက် ကျောက်မီးသွေးလောင်ကျွမ်းမှုကတဆင့် ထွက်လာတဲ့ ပြာမှုန်တွေဟာ အဲဒီဒေသအတွင်းက စိုက်ခင်းတွေကို ပျက်စီး စေတာကြောင့် ဒေသခံလယ်သမားတွေ နှစ်တိုင်းဆိုသလို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပြန်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာက မဲ့တဖွတ်ကျေးရွာအတွင်းက ရွာသားတွေ ကင်ဆာရောဂါ ဖြစ်နှုန်း မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ ကင်ဆာကြောင့် သေဆုံးမှု တဖြည်းဖြည်းများလာသလို အိမ်တိုင်းလိုလိုမှာ ကင်ဆာရောဂါ ဖြစ်သူတွေ ရှိလာပါတယ်။ နောက်ဆုံးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေ၊ လူမှု အဖွဲ့အစည်းတွေက မဲ့တဖွတ်စက်မှုဇုံကို ရပ်ဆိုင်းဖို့ အစိုးရကို ဆန္ဒပြဖိအားပေးလာပါတယ်။

ဒါနဲ့ ထိုင်းအစိုးရက မဲ့တဖွတ်စက်မှုဇုံကို နေရာရွှေ့ဖို့ စီစဉ်လာပါတယ်။ ဘယ်ကိုရွှေ့မှာတုန်းဆိုတော့ ထိုင်းနိုင်ငံ တောင်ပိုင်း တနေရာကို ရွှေ့ပြောင်းဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ မဲ့တဖွတ်ဒေသက စက်မှုဇုံတခုလုံး ရွှေ့ပြောင်းလာမှာကို ထိုင်းနိုင်ငံ တောင်ပိုင်းက ဒေသခံတွေက လက်မခံပါဘူး။ ဒေသခံတွေက ကြိုတင်ကန့်ကွက် ဆန္ဒပြကြပါတယ်။ အဲတာနဲ့ စက်မှုဇုံ ပြောင်းရွှေ့ဖို့ကိစ္စက မပြေလည်ဘူး ဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ စက်မှုဇုန်ကြီးကို ရွှေ့ပြောင်းဖို့ နေရာတွေ့ လာပါတယ်။ အဲဒီနေရာကတော့ မြန်မာပြည်တောင်ပိုင်းက ထားဝယ်ဒေသပဲ ဖြစ်ပါတယ်။ စာဖတ်သူများ စဉ်းစားသာ ကြည့်ကြပါလို့ ပြောလိုပါတယ်။ အခု ထားဝယ်ဒေသမှာ ဆောက်နေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဟာ အတော်လေး တည်ဆောက်ပြီးစီးနေပြီလို့ သိရပါတယ်။ လျှပ်စစ်ဓာတ်အားတောင် တချို့တဝက် စတင် ထုတ်လွှတ် ပေးနေပါပြီ။ နှစ်အနည်းငယ်အတွင်းမှာ အဲဒီစက်ရုံဟာ အပြီးသတ်တည်ဆောက်ပြီးစီးတော့မှာပါ။

ဒီလိုအခြေအနေမျိုးအတွင်းမှာ ကွမ်းခြံကုန်းမြို့နယ်မှာလည်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တခု ဆောက်ဦးမယ်ဆိုပြီး ဖြစ်လာပြန်ပါတယ်။ ကွမ်းခြုံကုန်းမြို့နယ်ကနေ အနောက်ဖက်ပိုင်း တောက်လျှောက်ဟာ မြစ်ဝ ကျွန်းပေါ် ဒေသဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စပါးအထွက်အများဆုံး ဖြစ်တဲ့ ဒေသကြီးထဲမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ စပါးစိုက် ပျိုးရေးအတွက် ရေရှည်မှာ ဘယ်လောက်ထိခိုက်လာမလဲ ဆိုတာကလည်း တွေးကြည့်ရင်တောင် အတော်လေး ရင်လေးစရာပါ။ ဒေသခံတွေ လယ်သမားတွေ အနေနဲ့ ကွမ်းခြံကုန်းမှာ လာဆောက်မယ့် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို သပိတ်မှောက်ဖို့ လိုပါတယ်။ ကိုယ့်ဒေသအတွင်းမှာ မတည်ဆောက်ဖို့ အစိုးရက တောင်းဆိုဖို့လိုပါတယ်။ ဒါဟာ ဆူပူအောင် သွေးထိုး မြှောက်ပင့်ပေးတာ မဟုတ်ပါ။ နောင် အနာဂတ်မှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို နိုင်ငံသားတွေ မခံစားရအောင် ကြိုတင် ကာကွယ်တာသာ ဖြစ်ပါတယ်။ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံက ရလာမယ့် အကျိုးနဲ့ နောင်ခံစားရမယ့်အပြစ် ဘယ်ဟာက ပိုများတယ်ဆိုတာကို တွက်ထုတ်ဖို့ လိုပါတယ်။ ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ပဲကုန် ဆိုသလိုမျိုး ဖြစ်လာရင် ဒါမျိုးကို ဖွံ့ဖြိုးတိုးတက်တယ်လို့ မဆိုနိုင်ပါဘူး။ အဲ လူတစုကတော့ဖြင့် ကောင်းစားသွားမှာပေါ့။

အခုမြန်မာပြည်မှာ သဘာဝဓာတ်ငွေ့တွေ ထွက်နေတာပဲ။ ဒီ ဓာတ်ငွေ့တွေကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ် ဆိုရင် ပိုပြီးမသင့်တော်ပေဖူးလား။ ကိုယ့်မှာရှိနေတဲ့ သဘာဝဓာတ်ငွေ့ကိုတော့ သူများတိုင်းပြည်တွေကို ရောင်းစားတယ်။ ရောင်းလို့ရတဲ့ ငွေကြေးကို ဘယ်လိုနေရာမှာ သုံးစွဲတယ်ဆိုတာကလည်း ဘယ်သူမှမသိ။ သဘာဝဓာတ်ငွေ့ကို ရောင်းစားလို့ရတဲ့ ငွေတွေအပေါ်မှာ မောင်ပိုင်စီးချင်တာကြောင့် ဈေးချိုပေမယ့် ဘေးဖြစ်စေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာအားပေး စက်ရုံကို ဆောက်မယ်ဆိုတဲ့ အကြံဉာဏ်မျိုးဖြစ်နေတာကို ရှင်းရှင်းကြီး မြင်နေရပါတယ်။ သာမန်အမြင်မျိုးနဲ့ ကြည့်ရင်တော့ အစိုးရက နိုင်ငံသားတွေ လျှပ်စစ်ဓာတ်အား ဖောဖောသီသီ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ထင်စရာရှိတာပေါ့။ ဒါပေမဲ့ လက်တွေ့ဖြစ်နေတာက အစိုးရရယ်၊ ခရိုနီတွေရယ်၊ နိုင်ငံခြားကုမ္ပဏီတွေရယ် ငါးကြင်းအလယ်သား စားရအောင် လုပ်နေတာနဲ့ အတူတူပဲလို့ ဆိုချင်ပါတယ်။
အစိုးရတရပ်ဆိုတာ ဆင်ခြင်တုံတရားကို လက်ကိုင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ မြန်မာအစိုးရခေါင်းဆောင်များ ဆင်ခြင်တုံတရား ဆိုတာကို နားလည်ကြပါသလားလို့ မေးလိုပါတယ်။ အရင်စစ်အစိုးရများကတော့ မြန်မာနိုင်ငံကြီး ချောက်ထဲကျဖို့ လက်တလုံးအလိုမှာ တပ်မတော်က ကယ်တင်ခဲ့ရတယ်လို့ မကြာမကြာ ပြောခဲ့ပါတယ်။ အခုအစိုးရ လုပ်နေပုံကတော့ အစိုးရ ကိုယ်တိုင် မြန်မာပြည်ကို တဖြည်းဖြည်းနဲ့ ချောက်ထဲတွန်းချနေသလို ဖြစ်နေပါတယ်။ သူများ နိုင်ငံတွေမှာ မှားမှန်းသိလို့ အဲဒီအမှားတွေကို ပြင်ဆင်ခဲ့ကြတယ်၊ ပြင်ဆင်ဖို့လည်း တနည်းတလမ်း ကြိုးစားနေကြတယ်။ အဲသလို အချိန်မျိုးမှာ ကိုယ်က သူတို့အရင်က မှားခဲ့တာမျိုးကို မြင်ရဲ့သိရဲ့သားနဲ့ လိုက်မှားမယ်၊ အဲတာအပြင် အမှားကို ပုံတူပါ လိုက်ကူးဦးမယ် ဆိုတာကတော့ ဆင်ခြင်တုံတရား ခေါင်းပါး လွန်းတယ်လို့ အတိအလင်း ပြောလိုပါကြောင်း။

ဇော်မင်း
၁ဝ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.