ရွက်မွန်စာမျက်နှာ

Friday, September 26, 2014

အခွန်မဆောင်တာဟာ ခိုးယူခြင်းပါ

င်္ဂလန်မှာ တချိန်တုန်းက မန်နာအိမ်တော Manor house ဆိုတဲ့ နန်းတော်တမျှ ကြီးမားလှတဲ့ အဆောက်အဦကြီးတွေ အများအပြား ရှိခဲ့ပါတယ်။ အဲဒီ မန်နာအိမ်တော်ကြီးတွေကို ပိုင်ဆိုင်သူတွေက လော့ဒ်ဘွဲ့ရ မြို့စားနယ်စားတွေ ဖြစ်ပါတယ်။ မန်နာအိမ်တော်ကြီးတွေက ကျေးလက်က မြေဧကတထောင်နှစ်ထောင် အကျယ်အဝန်းရှိတဲ့ နေရာတွေမှာ တည်ဆောက် ပါတယ်။ အဲဒီ မန်နာအိမ်တော်ကြီးတွေကို ဟောလ် Hall လို့လည်း ခေါ်ပါသေးတယ်။ ဥပမာ ပြောရရင် လောဒ့်ဒါလင်တန် ဆိုသူပိုင်တဲ့ မန်နာအိမ်တော်ကို ဒါလင်တန်ဟောလ် စသဖြင့်လည်း ခေါ်ကြပါတယ်။

ဒီလို မန်နာအိမ်တော်တွေ တည်ဆောက်လာခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးရာခန့်က စတယ်လို့ ဆိုနိုင်ပါတယ်။ ရှေးတုန်းက အင်္ဂလိပ် မြို့စားနယ်စားတွေဟာ ကျေးလက်မှာ မြေဧပေါင်း ထောင်နဲ့သောင်းနဲ့ ချီပြီး ပိုင်ဆိုင်ပါတယ်။ စိုက်ပျိုးရေးကို အမီပြုရတဲ့ ခေတ်ဆိုတော့ အဲဒီမြေတွေပေါ်မှာ လယ်သမားတွေကို မြေငှားချထားပြီး အခွန်ကောက်ပါတယ်။ မြို့စား နယ်စားတွေက ဘုရင်ကို လက်ဆောင်ပဏ္ဏာ ဆက်သရတာမျိုး၊ ငွေကြေးပံ့ပိုးရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ အခုခေတ်လို ပုံမှန် အခွန်ဆောင်ရတဲ့ သဘောမျိုးတော့ မဟုတ်သေးပါဘူး။ နောက် ဘုရင် စစ်ထွက်တိုက်မယ်ဆိုရင် မြို့စား နယ်စား တွေဖက်က လူရောငွေရော စိုက်ရပါတယ်။ ဘုရင်နဲ့ မြို့စားနယ်စားတွေ အပြန်အလှန် တဦးနဲ့တဦး အကျိုးပြုနေတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ၁၇၉၉ ခုနှစ်ရောက်တော့ အင်္ဂလန်မှာ မည်သူမဆို မပေးမဖြစ် အခွန်ဆောင်ရမယ့် စနစ်သစ်တခုပေါ်ထွက် လာပါတယ်။ ဝင်ငွေရဲ့ အပေါ်မှာ ဆယ်ရာခိုင်နှုန်း အခွန်ဆောင်ရတဲ့စနစ်ပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ စံနှုန်းထက် ဝင်ငွေနိမ့်ပါးသူများကတော့ အခွန်ဆောင်စရာမလိုပါဘူး။ အထူးသဖြင့် ချမ်းသာတဲ့ မြို့စားနယ်စားတွေ စထိတော့တာပါပဲ။ အဲဒီအခွန်စနစ် မကျင့်သုံးခင်က မြို့စားနယ်စားတွေ၊ အင်္ဂလိပ်အထက်တန်းလွှာတွေ အနေနဲ့ အစိုးရဆီကို သတ်သတ်မှတ်မှတ် အခွန်မဆောင်ရလေတော့ အတော်လေး ချမ်းသာကြတယ်လို့ ဆိုနိုင်ပါတယ်။

မန်နာအိမ်တော်ကြီးပိုင်ရှင်တွေ ပိုပြီးကပ်သင့်လာတဲ့ ကာလကတော့ ပထမကမ္ဘာစစ်အပြီး အချိန်ပါပဲ။ အရင်တုန်းက မန်နာ အိမ်တော်ကြီးတွေမှာ အမှုထမ်းတွေ အမြောက်အများ ခန့်ထားရပါတယ်။ တချို့ မန်နာအိမ်တော်ကြီးတွေဆိုရင် အခန်းပေါင်း လေးဆယ်ကျော်၊ ခြောက်ဆယ်ကျော်၊ တချို့ဆိုရင် တရာကျော် စသဖြင့် ရှိတာကြောင့် ဝန်ထမ်းများများ လိုတာ ဖြစ်ပါတယ်။ ပထမကမ္ဘာ စစ်ဖြစ်တော့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရဆိုတော့ မန်နာအိမ်တော်က အမျိုးသား အမှုထမ်းတွေလည်း စစ်ထဲလိုက် ရပါတယ်။ ပထမကမ္ဘာစစ်ကလည်း အကျအဆုံးများတဲ့ စစ်ပွဲကြီးဖြစ်ပါတယ်။ စစ်ပြီးတော့ မန်နာအိမ်တော်တွေကို ပြန်ရောက်လာတဲ့ အမှုထမ်း အရေအတွက်ဟာ အတော်ကြီးကို နည်းပါးသွားတယ်လို့ ဆိုပါတယ်။ နောက်တချက်ကတော့ စက်မှုထွန်းကားလာတဲ့ ကာလရောက်လာပြီ ဖြစ်တာကြောင့် သာမန်လူတွေက မန်နာ အိမ်တော်တွေမှာ အမှုထမ်း လုပ်တာထက် လစာပိုကောင်းတဲ့ စက်ရုံအလုပ်ရုံနဲ့ မြို့ကြီးတွေကို ပြောင်းရွှေ့ ကုန်တာကြောင့် ဖြစ်ပါတယ်။ တခြားအချက်တွေလည်း ရှိပါသေးတယ်။ အဲတာကတော့ လျှပ်စစ်မီး ပေါ်လာတာနဲ့ လက်နှိပ်စက်တွေ ပေါ်လာတာကြောင့်ပါ။

အရင်တုန်းက မန်နာအိမ်တော်တခုမှာ ညနေတိုင်လာရင် ဖယောင်းတိုင်ထွန်းဖို့ ဖန်မီးအိမ်ထွန်းဖို့ ခန့်ထားရတဲ့ သူကပဲ နှစ်ဆယ်လောက် ရှိတယ်လို့ ဆိုပါတယ်။ အခန်းတွေက များလှတာကိုး။ လျှပ်စစ်ပေါ်လာတော့ ခလုတ်နှိပ်ရုံပဲဆိုတော့ လူများများ မလိုတော့ပါဘူး။ လက်နှိပ်စက်ပေါ်လာတော့ မြို့ပြမှာ အမျိုးသမီးတွေကို လက်နှိပ်စက်စာရေးမတွေအဖြစ် အလုပ် ခန့်ထားလာတော့ အမျိုးသမီးတွေလည်း ကျေးလက်က မန်နာအိမ်တော်တွေမှာ အလုပ်လုပ်တာထက် မြို့ကို ပြောင်းတာ များလာပါတယ်။

မန်နာအိမ်တော်ကြီးတွေအတွက် နောက်ထပ်အထိအနာဆုံးကတော့ ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ဖြစ်ပါတယ်။ စစ်ကြီးပြီးတော့ တက်လာတဲ့ အင်္ဂလိပ်အစိုးရဟာ လေဘာပါတီဖြစ်ပါတယ်။ ဒီပါတီလက်ထက်မှာ နိုင်ငံသားတွေရဲ့ ပညာရေးကျန်းမာရေး လူမှုရေး ချောင်လည်လာဖို့အတွက် social welfare လို့ခေါ်တဲ့ လူမှုဖူလုံရေး အစီအစဉ်ကို စပြီးအကောင် အထည်ဖော်ပါတယ်။ စစ်စားရိတ်ထောင်းထားလို့ ပိုက်ဆံကလည်း အတော်လေးလိုနေပါတယ်။ အဲတာကြောင့် တက်လာတဲ့ လေဘာအစိုးရဟာ ပိုက်ဆံချမ်းသာတဲ့ စက်မှုလုပ်ငန်းရှင်တွေနဲ့ မန်နာအိမ်တော်ကြီးတွေကို ပိုင်ဆိုင်တဲ့ အင်္ဂလိပ် အထက်တန်းလွှာတွေ အပေါ်မှာ အခွန်တိုးကောက်လာပါတယ်။ စက်မှုလုပ်ငန်းရှင်တွေ ကုမ္ပဏီပိုင်ရှင်တွေအနေနဲ့ မထောင်းတာလှပေမယ့် မန်နာအိမ်တော်ပိုင်ရှင် အထက်တန်းလွှာတွေ ဒုက္ခလှလှနဲ့ တွေ့ပါတော့တယ်။ ဘာကြောင့်တုန်း ဆိုတော့ မန်နာအိမ်တော်ပိုင်ရှင် မြို့စားနယ်စား အဆက်ဆက်ဟာ မြေပိုင်ရှင်တွေ ဖြစ်လေတော့ လယ်သမားအပေါ်ကနေ သီးစားခနဲ့ နေလာတာဖြစ်တာကြောင့် ရှေးအတိုင်းအတာအရ ချမ်းသာတယ် ဆိုပေမယ့် စက်မှုလုပ်ငန်းရှင်တွေလောက် ဝင်ငွေ မကောင်းပါဘူး။

ကောက်ခံတဲ့ အခွန်ငွေက များလွန်းတာကြောင့် တချို့မန်နာအိမ်တော်ပိုင်ရှင်တွေဟာ နန်းတော်တမျှ ကြီးမားလှတဲ့ အဆောက်အဦတွေကို ဆက်ပြီးထိန်းသိမ်းထားဖို့ မတတ်နိုင်တော့ပါ။ ဒါကြောင့် တချို့ မန်နာ အိမ်တော်တွေကို ရောင်းပစ်တာမျိုး ရှိလာပါတယ်။ မန်နာအိမ်တော်ကြီး အတော်များများကတော့ အခွန်မဆောင်နိုင်တာကြောင့် ဖြိုချဖျက်ဆီး လိုက်ရပါတော့တယ်။ ပထမကမ္ဘာစစ်အပြီးကနေ ဒုတိယကမ္ဘာစစ်အပြီး၊ နောက်ပိုင်း ၁၉၆ဝ ခုနှစ်များအထိ အင်္ဂလန်မှာ အစိုးရတောင်းတဲ့ အခွန်ကို မဆောင်နိုင်လို့၊ ဝယ်မယ့်သူလည်း မရှိတော့လို့ ဖြိုချဖျက်ဆီးလိုက်ရတဲ့ မန်နာ အိမ်တော်ပေါင်းဟာ အလုံး ၁၂၀၀ ကျော် ရှိပါတယ်။ အစိုးရကိုယ်တိုင်ကလည်း အဲဒီ အိမ်တော်တွေကို ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းထားဖို့ အဲဒီအချိန်ကာလတုန်းက ငွေကြေးမတတ်နိုင်တာ ကလည်း နောက်တကြောင်းလို့ ဆိုရမှာပါ။

အတော်ကြီးကို ချမ်းသာတဲ့ မန်နာအိမ်တော်ပိုင်ရှင် အနည်းအကျဉ်းသာ အခုခေတ်အထိ သူတို့ အိမ်တော်တွေကို ဆက်လက် ထိန်းသိမ်းနိုင်ပါတယ်။ ဥပမာပြောရရင် ဒက်ဗွန်ရှိုင်းယားဒေသက မန်နာအိမ်တော်တခုကတော့ ပိုင်ရှင်ဖြစ်သူ နယ်စားက ငွေအကုန်ခံပြီး ဆက်ထိန်းထားပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အဲဒီ မန်နာအိမ်တော်ပိုင်ရှင် အစိုးရကို ပေးလိုက်ရတဲ့ အခွန်ငွေက အတော်ကြီးများတယ်လို့ ဆိုနိုင်ပါတယ်။ အခုခေတ်ငွေနဲ့တွက်ရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆ဝ လောက် ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒက်ဗွန်ရှိုင်းယားနယ်စားရဲ့သားက စစ်ဗိုလ်အဖြစ် စစ်ကြီးအတွင်းက တာဝန် ထမ်းဆောင်ရင်း တိုက်ပွဲကျပါတယ်။ သူ့ဇနီးသည်ကတော့ အမေရိကန်နိုင်ငံသူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ လုပ်ကြံခံရတဲ့ အမေရိကန်သမတ ဂျွန်အက်ဖ်ကနေဒီရဲ့ ညီမဖြစ်ပါတယ်။ ကနေဒီရဲ့ ညီမလည်း အဲဒီမန်နာအိမ်တော်ကြီးမှာ ဆက်နေရင်း ၁၉၄၈ ခုနှစ်မှာ အပျော်စီးလေယဉ်ပျက်ကျလို့ ပြင်သစ်မှာ ဆုံးပါတယ်။
အခု ၂၁ ရာစုမှာတော့ မန်နာအိမ်တော်ကြီးတွေကို ဆက်ထိန်းသိမ်းနိုင်သူက လက်ချိုးရေလောက်အောင် နည်းပါးသွားပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီးလေဒီ ဒိုင်ယာနာရဲ့ အကိုကတော့ သူတို့ စပင်ဆာမျိုးရိုးပိုင် မန်နာအိမ်တော်ကြီးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ ဒါပေမဲ့ ဒီအတိုင်း ကိုယ့်အိတ်ထဲက ငွေစိုက်ပြီး မထိန်းထားနိုင်တော့ အိမ်တော်ကို ပြတိုက်အဖြစ် အသွင်ပြောင်းပြီး လာကြည့်တဲ့သူတွေဆီက အခကြေးငွေယူ၊ ရတဲ့ငွေနဲ့ အိမ်တော်ကို ပြုပြင်ထိန်းသိမ်း ရပါတယ်။ မန်နာအိမ်တော်ကို ဆယ်နှစ်တခါလောက် ပြုပြင်ထိန်းသိမ်းခက ဒေါ်လာဆယ်သန်းလောက် ကျတယ်လို့ ဆိုပါတယ်။ ဒီကြားထဲမှာလည်း နိုင်ငံတော်ကို အခွန်မှန်မှန် ပေးဆောင်ရ ပါသေးတယ်။

အခွန်ငွေနဲ့ ပတ်သက်လို့ စကားစပ်မိလို့ ထပ်ပြောရရင် အမွေခွန်ဆိုတာ အင်္ဂလန်မှာ အမြင့်ဆုံးအခွန်ထဲမှာပါပါတယ်။ လေဒီ ဒိုင်ယာနာဆုံးတော့ သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ သူ့သားနှစ်ဦးဖြစ်တဲ့ နန်းလျာမင်းသား ဝီလီယံနဲ့ မင်းသားဟယ်ရီတို့ အတွက် ချန်ထားရစ်တဲ့ ငွေဟာ ငွေသားချည်းသက်သက် စတာလင်ပေါင် ၃၁သန်း ကျော်ရှိတယ်လို့ ဆိုပါတယ်။ ညီအကိုတဦးစီကို စတာလင်ပေါင် ရှစ်သန်းခန့်ပဲ ရပါတယ်။ နှစ်ယောက်ဆိုတော့ ပေါင် ၁၆ သန်းရှိပါတယ်။ ကျန်တဲ့ ပေါင် ၁၅ သန်းကျော်ကို အမွေခွန်အဖြစ် နိုင်ငံတော်ကို ပေးဆောင်လိုက်ရပါတယ်။ ငွေသားချည်း သက်သက် အမွေပေးရင် အမွေရတဲ့သူ ပေးဆောင်ရတဲ့ အခွန်ငွေဟာ အတော်လေးမြင့်မားတယ် ဆိုတာကို မြင်နိုင်ပါတယ်။ မြန်မာပြည်မှာတော့ ငွေသားတိုက်ရိုက် ချန်ထားရစ်တဲ့ အမွေကို ဘယ်လိုအခွန်စနစ်နဲ့ ကောက်ယူသလဲ ဆိုတာတော့မသိပါ။

ပြန်ကောက်ရရင် တချိန်တုန်းက အရစ္စတိုကရက်လို့ ခေါ်တဲ့ အင်္ဂလိပ်အထက်တန်းလွှာတွေ ပိုင်ဆိုင်နေထိုင်ခဲ့တဲ့ မန်နာအိမ်တော် စနစ်ဟာ အခုဆိုရင် မရှိတော့ပါဘူး။ အဓိကတော့ ဧကထောင်ချီ ကျယ်ဝန်းတဲ့မြေပေါ်မှာ နန်းတော်တခုလို တည်ဆောက်နေထိုင်မယ်ဆိုရင် နိုင်ငံတော်ကို ပေးဆောင်ရတဲ့ အခွန်ငွေက ကြီးလေးလှလို့ ဖြစ်ပါတယ်။ ဒါဖြင့်ရင် မေးစရာ ရှိတာက အခုခေတ်မှာ စက်မှုလုပ်ငန်းကြောင့် အကြီးအကျယ် ချမ်းသာနေတဲ့ လူတွေကရော ဘာကြောင့် မန်နာအိမ်တော်မျိုး တွေကို ဝယ်ပြီးမနေတာလဲ၊ ဘာကြောင့်ထပ်မဆောက်တော့တာလဲ ဆိုတာပဲဖြစ်ပါတယ်။ ဘီလီယံနာတွေရဲ့ သဘောက ငွေကြေးချမ်းသာပေမယ့် ငွေလည်း ထပ်မပေါ်တဲ့အပြင် မလိုအပ်ဘဲ အခွန်ကြီးကြီးမားမား သက်သက်ပေးဆောင်ရတဲ့ လုပ်ငန်းမျိုးကို မလုပ်တာကြောင့်ပါ။ ဆောက်ခြင်းဆောက် ငွေပြန်ရတဲ့ အထက်တန်းစား ဟိုတယ်ကြီးတွေပဲ ဆောက်မှာပါ။
အခုမြန်မာနိုင်ငံမှာကော အဆောက်အဦအသစ် ဆောက်လုပ်နေထိုင်တာနဲ့ ပတ်သက်လို့ အခွန်ကို ဘယ်လို ကောက်ခံ ပါသလဲ။ ဘယ်သူမှ ရေရေရာရာ မသိပါ။ ရန်ကုန်အပါဝင် မြို့ကြီးတွေမှာ အင်္ဂလိပ်မန်နာအိမ်တော်ကြီးတွေကို မမီပေမယ့် နန်းတော် အသေးစားတမျှ ဆောက်လုပ်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေ အများကြီးရှိပါတယ်။ တချို့အိမ်ကြီးတွေဆိုရင် ဆောက်သာ ထားတယ် လူနေတာလည်း မတွေ့ရပါ။ ဘယ်ကရတဲ့ငွေတွေနဲ့ ဆောက်ထားတာလဲ ဆိုတာကလည်း မေးစရာ မေးခွန်းပါ။ အဲသလို အိမ်ကြီးတွေဆောက်လုပ်ထားတဲ့အတွက် နိုင်ငံတော်ကို အခွန်မှန်မှန်ပေးဆောင် ကြပါ သလား။ ဘယ်သူမှမသိပါ။ တချို့အိမ်တွေဆိုရင် ကြီးလွန်းတာကြောင့် ယူနီဆက်လို ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အီးယူ သမဂ္ဂရုံးတွေ စသဖြင့်က တနှစ်ကို ဒေါ်လာ တသန်းလောက်ပေးပြီး ရုံးဖွင့်ဖို့ ငှားရမ်းထားတာ အားလုံးအသိပါပဲ။

သူများတိုင်းပြည်တွေမှာ အခွန်ငွေဆောင်ဖို့ ပျက်ကွက်ရင်၊ ရှောင်ရှားရင်၊ သတ်မှတ်တာထက် လိမ်လည်ပြီး လျှော့ပေးရင် ရာဇဝတ်မှုမြောက်ပါတယ်။ အင်္ဂလန်မှာ တနေ့ ဘုရင်ဖြစ်လာမယ့် နန်းလျှာလောင်း မင်းသားတောင် အခွန်ကို နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်း ပေးဆောင်ပါတယ်။ ဂလိမ်းဂလက်လုပ်ပြီး ရှောင်ရှားတာမျိုး မလုပ်ပါ။ အခု မြန်မာပြည်မှာတော့ မြေအပါအဝင် အဖိုးတန် အဆောက်အဦတွေ စတဲ့ ºကွယ်ဝမှုတွေကို ပိုင်ဆိုင်သူတွေဟာ မှန်မှန်ကန်ကန် အခွန်မဆောင်ဘူး ဆိုတာ သိသာလွန်းလှပါတယ်။ အုပ်ချုပ်သူလူတန်းစားနဲ့ ခရိုနီတွေက အကျိုးတူတွေဖြစ်၊ ပုလင်းတူဗူးဆို့တွေ ဖြစ်လေတော့ သက်ဆိုင်ရာကဏ္ဍအလိုက် ပေးဆောင်ရမယ့် အခွန်ငွေတွေကို မပေးဆောင်ကြပါ။ အဲဒီ အကျိုးဆက်များကြောင့် နိုင်ငံသားတွေရဲ့ အရေးအရာတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး စတာတွေမှာ သုံးစွဲရမယ့် ငွေကြေးက နည်းပါးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ဟာ အခုအထိ သူများ နောက်မှာ ကျန်ရစ်နေခဲ့တာ ဖြစ်ပါကြောင်း။

ဇော်မင်း
၁၅ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.