ရွက်မွန်စာမျက်နှာ

Tuesday, September 30, 2014

မီးခိုးမထွက်တဲ့စက်ရုံများ သို့မဟုတ် အဝေးရောက်လုပ်သားများ

ထိုင်း
နိုင်ငံက ကိုထောင် ဆိုတဲ့ ကျွန်းပေါ်မှာ တလောလေးက လူသတ်မှု ဖြစ်ခဲ့ပါတယ်။ အသတ်ခံရသူများက ဗြိတိန် နိုင်ငံသား အမျိုးးသမီးတဦးနဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦး ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူဟာ အသတ်မခံရခင် အဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ ရဲသတင်းများက ဆိုထားပါတယ်။ အသတ်ခံရသူများဟာ အသက်အရွယ်အရ ၂၃၊ ၂၄ အရွယ်တွေ ဖြစ်ပါတယ်။ တော်တော်လေး ဆိုးဝါးတဲ့ ဖြစ်ရပ်ပါ။ သက်ဆိုင်ရာ မိဘတွေ ရင်ကျိုးရတဲ့ အဖြစ်ဆိုးမျိုးလို့လဲ ဆိုနိုင်ပါတယ်။

လူသတ်မှုဖြစ်ပြီဆိုတော့ ထိုင်းရဲတွေဖက်က လူသတ်တရားခံကို ရှာရပါတယ်။ သံသယရှိသူတွေကို ခေတ္တဆိုသလို ထိန်းသိမ်းပြီး စစ်ချက်ယူပါတယ်။ လူသတ်မှုဖြစ်ပွားခဲ့တဲ့ နေရာကနေဗဟိုပြုပြီး မီတာ ၆ဝဝ အဝန်းအဝိုင်းမှာ နေထိုင်သူတွေကို အရင်ဆုံး စစ်ချက်ယူတယ်လို့ ပြောပါတယ်။ အဲဒီလူသတ်မှုဖြစ်ပွားခဲ့တဲ့ အဝန်းအဝိုင်းက မဟုတ်ပေမယ့် တချို့မသင်္ကာသူများကိုလည်း ခေတ္တခေါ်ယူမေးမြန်း စစ်ချက်ယူတာမျိုးးလည်း ရှိပါတယ်။ အဲဒီမှာ ပြဿနာကို အဓိက ရင်ဆိုင်လိုက်ရတာကတော့ အဲဒီ ကိုထောင်ကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေပဲ ဖြစ်ပါတယ်။
နိုင်ငံခြားသား အသတ်ခံရတယ်ဆိုတော့ ထိုင်းအာဏာပိုင်တွေဖက်မှာ အတော်လေး ခေါင်းကြီးသွားပါတယ်။ ထိုင်းနိုင်ငံ ဆိုတာ နိုင်ငံခြားသား ဧည့်သည်များကို အမီပြုပြီး စီးပွားရေးလုပ်ကိုင်တာဆိုတော့ သူတို့နိုင်ငံ နာမည်ပျက်မှာကို အလွန်စိုးရိမ်ပါတယ်။ အဲသလို လူသတ်မှုတွေ မုဒိန်းမှုတွေဖြစ်လို့ နိုင်ငံခြားသားတွေ သေဆုံးတာရဲ့ အကျိုးဆက်ကြောင့် ခရီးသွားဧည့်သည် လာရောက်တာ လျှော့သွားမှာကို စိုးရိမ်တာက အဓိကလို့ ပြောနိုင်ပါတယ်။ ပြောရမယ်ဆိုရင် တိုးရစ်ဇင်ခေါ် ခရီးသွား လုပ်ငန်းက ဝင်တဲ့ဝင်ငွေဟာ ထိုင်းနိုင်ငံတခုလုံးရဲ့ နိုင်ငံခြားငွေမာ ဝင်နှုန်း ၄၅% လောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ဖက်က စိတ်ပူပါတယ်။ တဆက်ထဲဆိုသလို တရားခံကို အမြန်ဆုံး ဖမ်းနိုင်တယ်၊ တရားစီရင်နိုင်တယ် ဆိုတာကိုလည်း ပြသဖို့ လိုနေပြန်ပါတယ်။ အဲသလို လိုနေတဲ့အချက်ကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံသား အလုပ်သမားများ မကြာခဏဆိုသလို တရားခံအဖြစ် အဖမ်းခံရပါတယ်။ ထောင်ချခံရပါတယ်။
နောက်တချက်ကလည်း ထိုင်းရဲတွေဖက်က အမြင်က ဘယ်လို ရှိသတုန်းဆိုတော့ ဒီလို ပြဿနာမျိုး ပေါ်လာပြီဆိုရင် ဒါမျိုးကို ဒို့ထိုင်းနိုင်ငံသားမလုပ်ဘူး မြန်မာတွေပဲ လုပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုတဲ့ အယူအဆပါ။ မြန်မာတွေက အလုပ်သမားတွေ၊ ပိုက်ဆံမရှိတဲ့လူတွေ ဒါကြောင့် လုယက်တာ၊ ဓားပြတိုက်တာ၊ လူသတ်တာ သူတို့ပဲလုပ်တယ် ဆိုတဲ့ အမြင်ကလည်း ရှိနေတာကြောင့်ပါ။ လူတကာယိုတဲ့ချေး ပုဇွန်ဆိတ် ခေါင်းပေါ်ပုံချတဲ့ ကိစ္စမျိုးးဖြစ်နေပါတယ်။ ဒီနေရာမှာ ထောက်ပြလိုတာတွေ ရှိလာပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၃ သန်းကျော် အလုပ်လုပ်နေတယ်လို့ ထိုင်းအာဏာပိုင်များဖက်က ခန့်မှန်းထား ပါတယ်။ ဆိုတော့ကာ ရှိနေတဲ့ မြန်မာအလုပ်သမား ၃ သန်းကျော်မှာ လူကောင်းတွေပါသလို လူဆိုးတချို့လည်း ပါနိုင်ပါတယ်။ ငမူးငရူးတွေလည်း ရှိနိုင်သလို မုဒိန်းကျင့်ဖို့ ဝန်မလေးတဲ့ လူစားမျိုးလည်း ရှိနေနိုင်ပါတယ်။
အဲသလို အလားတူပဲ ထိုင်းနိုင်ငံသားတွေထဲမှာလည်း လူကောင်းတွေရှိသလို လူဆိုးတွေ၊ ဓားပြတွေ၊ မုဒိန်းကောင်တွေလည်း ရှိနေနိုင်ပါတယ်။ ဘယ်လူမျိုးဖြစ်လို့ လူကောင်းတွေသာဖြစ်တယ်၊ ဘယ်လူမျိုးကတော့ လူဆိုးတွေသာ ဖြစ်တယ်ဆိုတဲ့ မှတ်ချက် အမြင်မျိုးးဟာ အလွန်အောက်တန်းကျတဲ့ အလွန်မတရားတဲ့ တဖက်သတ် အမြင်လို့ ဆိုပါရစေ။ ထိုင်းနိုင်ငံမှာ ဘာပဲ ပြဿနာ တက်တက် တရားခံမိဖို့ အထောက်အထား မခိုင်လုံဘူးဆိုရင် ပထမဦးဆုံး ရိုးစွပ်ခံရတာ မြန်မာလူမျိုး အလုပ်သမားတွေပဲ ဖြစ်နေတတ်ပါတယ်။ မြေနိမ့်ရာလှံစိုက်ခံရတဲ့ သဘောပါပဲ။
ကိုထောင်ကျွန်းဆိုတာ ကျွန်းသေးသေးလေး တခုပါ။ ထိုင်းနိုင်ငံအရှေ့ဖက်ခြမ်း ပင်လယ်ထဲမှာ တည်ရှိပါတယ်။ အဲဒီကျွန်းကို သွားလည်ပတ်တဲ့ အများစုသော နိုင်ငံခြားသားတွေဟာ အဓိကအားဖြင့် စကူဘာ ဒိုက်ဗင်လို့ခေါ်တဲ့ ရေငုတ်ဝါသနာရှင်တွေ ဖြစ်ပါတယ်။ အောက်ဆီဂျင်ဘူးတွေနဲ့ အပျော်တန်းရေငုတ်တဲ့သူတွေ ဖြစ်ပါတယ်။

အဲဒီကျွန်းသေးသေးလေးပေါ်မှာ မြန်မာလုပ်သား ရှစ်ထောင်ကျော်လောက် ရှိပါတယ်။ ရခိုင်နဲ့ ဗမာက အများစုလို့ ဆိုနိုင်ပါတယ်။ ကရင်အမျိုးးသားတွေ၊ မွန်အမျိုးသား လုပ်သားတွေလည်း ရှိပါတယ်။ ဒီအလုပ်သမားတွေဟာ အောက်ခြေသိမ်း အလုပ်တွေကို လုပ်ကိုင်တဲ့ လုပ်သားတွေ ဖြစ်ပါတယ်။ တချိန်ထဲမှာလည်း ထိုင်းလူမျိုး အလုပ်သမားတွေလည်း ဒီကျွန်းပေါ်မှာ ရှိပါသေးတယ်။ မြန်မာနိုင်ငံသား ဦးရေနဲ့ နှိုင်းစာရင်တော့ နည်းပါတယ်။ ဒီကျွန်းပေါ်မှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားရော ထိုင်းနိုင်ငံသားပါ အရက်ဘီယာနဲ့ မကင်းကြပါဘူး။ တချို့ဆိုရင် ဘိန်းစာရွက်လို့ ခေါ်တဲ့ ဈေးချိုတဲ့ ဒေသထွက် မူးယစ် အရွက်တမျိုးကို ကွမ်းယာဝါးသလို အစိမ်းလိုက် ဝါးကြပါတယ်။ အလုပ်ပင်ပန်းတဲ့ ဒဏ်ကို ခံနိုင်အောင် မှီဝဲတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘိန်းစာရွက်ကို မှီဝဲတဲ့သူက လူနည်းစု လောက်ပဲ ရှိပါတယ်။

အခုလို လူသတ်မှု မုဒိန်းမှုဖြစ်တော့ ဒို့ထိုင်းတွေက ဒါမျိုးမလုပ်ဘူး၊ မြန်မာတွေလုပ်တာလို့ ထိုးချတာဟာ မတရားတဲ့ လုပ်ရပ်ပါ။ ရာဇဝတ်မှုကို ဖော်ထုတ်တဲ့နေရာမှာ အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ ဖြေရှင်းပေးရမယ့်အစား နီးတဲ့ မြန်မာတွေကို ဖမ်းပြီးစစ်လိုက်စမ်း ဆိုတဲ့ လုပ်ရပ်မျိုးးကို ဘယ်လိုမှ မထောက်ခံနိုင်ပါဘူး။

မြန်မာလူမျိုး အလုပ်သမားတွေထဲမှာကော လူဆိုးတွေ မရှိနိုင်ဘူးလား။ ရှိပါတယ်။ ဥပမာ တခုလောက်ပြောရရင် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရော်ဘာခြံတွေရှိပါတယ်။ ရော်ဘာတခါသိမ်းလို့ ရောင်းလိုက်ပြီဆိုရင် ငွေအတော်လေးရပါတယ်။ ခြံရှင်နဲ့ အလုပ်သမား တဝက်စီခွဲဝေယူလေ့ ရှိပါတယ်။ အဲသလို ငွေစလေးရွှင်နေတဲ့ အချိန်မျိုးမှာ ရော်ဘာခြံထဲကို လာပြီး ဓားပြတိုက်တာမျိုး ကြုံရလေ့ရှိပါတယ်။ မြန်မာအလုပ်သမား မိသားစုတွေ ငွေရွှင်နေတာကို သိလို့ လက်ထောက်ချတာက မြန်မာနိုင်ငံသားပဲ ဖြစ်ပါတယ်။ ခေတ်မီသေနတ်ကို ကိုင်ပြီး ဓားပြတိုက်သူက ထိုင်းလူမျိုး ဓားပြတွေပါ။ ဓားပြတိုက် နေတုန်း စကားပြန် လုပ်ဖို့တောင် မြန်မာလူမျိုး ပါလာပါသေးတယ်။

ရော်ဘာခြံအလုပ်သမားက မွန်မိသားစုဆိုရင် စကားပြန်ကလည်း မွန်လူမျိုးပါ။ အတိုက်ခံရသူက ထားဝယ်မိသားစုဆိုရင် ထားဝယ်လို ပြောတတ်တဲ့ ထားဝယ်စကားပြန် ပါပါတယ်။ ရခိုင်မိသားစု ဖြစ်နေရင် စကားပြန်က ရခိုင်ပါ။ ဗမာဆိုရင်တော့ ဗမာစကားပြန်ပေါ့။ ဓားပြတိုက်တာနဲ့ မပြီးသေးပါဘူး။ အမျိုးသမီးတွေကို မုဒိန်းကျင့်ခဲ့တာမျိုးလည်း ရှိတတ်ပြန်ပါတယ်။ စကားပြန်လုပ်သူကို ဓားပြတိုက်ခံရသူတွေက ရိပ်မိသွားတာမျိုးဆိုရင် တမိသားစုလုံးကိုပါ သတ်ပြစ်ခဲ့တာမျိုးတွေလည်း ရှိပါသေးတယ်။ အဲသလိုမျိုး ဓားပြတိုက်တာမျိုးး လူသတ်တာမျိုးတွေ တောင်ပိုင်းက ရော်ဘာခြံတွေမှာ အဖြစ်များ တာကြောင့် နောက်ပိုင်း မြို့ပေါ်မှာ ရော်ဘာရောင်းပြီးပြီဆိုရင် ဘဏ်ထဲကို ငွေတန်းသွင်းပါတယ်။ ဟိုတုန်းကလို ငွေကို ရော်ဘာခြံထဲ ပြန်ယူလာတာမျိုး မလုပ်ကြတော့ပါဘူး။ အရင်တုန်းကတော့ မြန်မာလုပ်သားဆိုတာ တရားမဝင်တွေက များလေတော့ ဘဏ်စာရင်းဖွင့်ဖို့ ခက်ပါတယ်။ ဒါကြောင့် ခြံရှင်သူဌေးက သူ့နာမည်ခံထားပေးပြီး ဘဏ်စာရင်း ဖွင့်ပေးတယ်ဆိုပေမယ့် ဘဏ်စာရင်း မရှိသူတွေက အများစုပါ။ အခုအချိန် မှာတော့ တရားဝင်အလုပ်သမား လက်မှတ်ရှိတဲ့ အလုပ်သမားဟာ ကိုယ်ပိုင် ဘဏ်စာရင်း ဖွင့်နိုင်ပါပြီ။

ကိုထောင်ကျွန်းက နိုင်ငံခြားသားနှစ်ဦး အသတ်ခံရတဲ့အမှုမှာ ခေါ်ယူစစ်ဆေးခံရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းရဲတွေက ရိုးရိုးတန်းတန်း မစစ်ဘဲ ရိုက်နှက်ပါတယ်၊ နှိပ်စက်ပြီးမှ စစ်ပါတယ်။ အဲတာကြောင့် ရိုက်နှက်စစ်ဆေးခံရတဲ့ အလုပ်သမားတွေက အလုပ်သမားရေးရာ ကိစ္စတွေ လုပ်ကိုင်နေတဲ့ အန်ဂျီအိုတွေကို တိုင်တန်းပါတယ်။ အဲဒီ အန်ဂျီအိုတွေက မြန်မာသံရုံးကို အကြောင်းကြားပါတယ်။ မြန်မာအလုပ်သမားတွေကို အဲသလိုမျိုး စစ်ဆေးတာမျိုး မလုပ်ဖို့ ထိုင်းအာဏာပိုင်တွေကို ပြောဆို ပေးဖို့ အကြောင်းကြားတာပါ။ ဒါပေမဲ့ ဘန်ကောက်မှာ ရှိတဲ့ မြန်မာသံရုံးက ဘာသံမှ ထွက်မလာပါဘူး။ ကိုယ့်နိုင်ငံသားတွေ သူများတိုင်းပြည်မှာ မတရား ပြုမူခံနေရတာကို ဝင်ရောက်ကာကွယ်ပေးဖို့ မြန်မာသံရုံးမှာ တာဝန်ရှိပါတယ်။ အခုဆိုရင် ဘန်ကောက်က မြန်မာသံရုံးမှာ အလုပ်သမားရေးရာတွေ ဆောင်ရွက်ဖို့ အရာရှိတဦး ခန့်ထားပြီးသား ရှိပါတယ်။ နောက် မြန်မာသံအမတ်ကိုယ်တိုင်က ထိုင်းအာဏာပိုင်တွေကို မြန်မာ အလုပ်သမားတွေ အပေါ်မှာ ထိုင်းရဲတွေ တရားလက်လွတ် ပြုလုပ်နေတာကို အဲသလိုမျိုးး မပြုလုပ်ဖို့ မေတ္တာရပ်ခံဖို့ တောင်းဆိုဖို့ လိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာသံအမတ် ဆီကလည်း ဘာသံမှ လောက်လောက်လားလား ထွက်မလာပါဘူး။

အလုပ်သမားတွေ ရင်ဖွင့်ချက်အရ အခွန်ငွေဆောင်တော့မယ်ဆိုရင် ဘန်ကောက်မြန်မာသံရုံးက အရာရှိတွေဟာ ငန်းငန်းတက် ဖြစ်သလောက် အလုပ်သမားတွေဖက်က တစုံတခု အကူအညီတောင်းခံလာရင် မရှောင်မလွှဲသာတဲ့ ကိစ္စရပ်မျိုးကြမှပဲ ဝင်ရောက်ဆောင်ရွက် ပေးတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် မျက်နှာလွှဲခဲပစ် နေလေ့ရှိတယ်လို့ သိရပါတယ်။ တကယ်ဆိုရင် ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ သူတို့ရတဲ့ လုပ်အားခငွေကို မြန်မာပြည်က မိသားစုတွေအတွက် ပြန်လွှဲပေးနေတာပါ။ ဒါကြောင့် မြန်မာပြည်ထဲကို ငွေတွေ တိုက်ရိုက် ဝင်သွားပါတယ်။ ဘောဂဗေဒစကားနဲ့ ပြောရရင် ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ နိုင်ငံတော် အတွက် တိုက်ရိုက်ဝင်ငွေ ရှာဖွေပေးနေတဲ့ သူတွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံတခုထဲမှာပဲ မြန်မာလုပ်သား သုံးသန်းကျော်တယ်လို့ ပြောခဲ့ပြီးပါပြီ။ အလုပ်သမားတဦးဟာ တလကို ထိုင်းဘတ်ငွေ တထောင်ပဲ အနည်းဆုံး ပြန်ပို့တယ်ထားဦး။ တလတလ မြန်မာပြည်တွင်းကို ထိုင်းနိုင်ငံကနေ ဝင်လာနေတဲ့ ငွေဟာ အကြမ်းဖျဉ်းအားဖြင့် ဘတ်သန်းပေါင်းသုံးထောင် ရှိပါတယ်။ ထိုင်းဘတ်ငွေ သုံးဘီလီယံ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာနဲ့တွက်ရင် ဒေါ်လာသန်းတရာ ကျော်ပါတယ်။ တနှစ်ဆိုရင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ အိမ်ပြန်ပို့တဲ့ငွေဟာ အမေရိကန်ဒေါ်လာ သန်းတထောင့်နှစ်ရာကျော် ရှိပါတယ်။ ဒါတောင် ဘန်ကောက်က မြန်မာသံရုံးဆီမှာ အခွန်ပေးရတာကို ထည့်မတွက်ရသေးပါဘူး။ တွက်လို့လွယ်အောင် ဘတ်တထောင်ပြန်ပို့တယ်လို့ ဆိုပေမယ့် တကယ်တန်းမှာ အလုပ်သမား တဦးချင်း မြန်မာပြည်ကို ပြန်ပို့တဲ့ငွေဟာ တလ တလကို ဘတ်တထောင်အထက်မှာ ရှိပါတယ်။ အလုပ်နဲ့ဝင်ငွေကိုလိုက်ပြီး ပြန်ပို့တဲ့ငွေဟာ တလတလမှာ ဘတ်နှစ်ထောင်လည်း ဖြစ်နိုင်တယ်၊ ဘတ်သုံးထောင်လည်း ဖြစ်နိုင်ပါတယ်။ ဒီထက်လည်း များရင်များနိုင်ပါသေးတယ်။

နောက်တချက် ဝေဖန်လိုတာက မြန်မာပြည်တွင်းက အထင်ကရခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြည်ပရောက် မြန်မာလုပ်သားတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားဟန် မတူပါဘူး။ မြန်မာလုပ်သားတွေ လူမှုရေးအရ၊ ငွေရေးကြေးရေးအရ၊ လုပ်အားခအရ အနှိမ်ခံနေရတာတွေ၊ ခွဲခြားဆက်ဆံခံနေရတာတွေနဲ့ ပတ်သက်လို့ တစိုးတစိမှ ဝင်ရောက်ပြောကြားတာမျိုး မကြားမိသေးပါဘူး။ ဝမ်းနည်းစရာပါ။ ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံမှာ ရောက်နေပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား လုပ်သားတွေမှ မဟုတ်ပါဘူး၊ ကမ္ဘာတလွှားမှာ အလုပ်လုပ်ရင်း မြန်မာပြည်ကို ငွေပြန်ပို့နေတဲ့ လုပ်သားတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ သူတို့ရဲ့ ထုတ်လုပ်မှုကြောင့် တိုင်းပြည်မှာ အကျိုးအမြတ်တွေရနေတာကြောင့် သူတို့ဟာ မီးခိုးမထွက်တဲ့ စက်ရုံတွေလို့ ပြောနိုင်ပါတယ်။ မီးခိုးမထွက်တဲ့ စက်ရုံက လုပ်သားများကို ကာကွယ်ပေးဖို့ အဆောတလျှင် လိုအပ်နေပါကြောင်း။

ဇော်မင်း
၂၉ ရက်၊ စက်တင်ဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.