ရွက်မွန်စာမျက်နှာ

Monday, October 13, 2014

ဂုဏ်သိက္ခာရှိသောတိုင်းပြည်နဲ့ ဂုဏ်သိက္ခာရှိသောနိုင်ငံသား

က မ္ဘာ့အလယ်မှာ တိုင်းပြည်တိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ တိုင်းပြည် ဖြစ်ချင်ပါတယ်။ အဲဒီတိုင်းပြည်မှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားတွေဟာလည်း ဂုဏ်သိက္ခာရှိတဲ့ လူမျိုးအဖြစ် ရပ်တည်လိုပါတယ်။ တိုင်းပြည်တပြည်ဟာ တခြားတပါးသော တိုင်းပြည်များ အလယ်မှာ ဂုဏ်သိက္ခာမဲ့နေတယ်ဆိုရင် ဘယ်သူ့မှာ တာဝန်အရှိဆုံးပါလဲ။ အဲတာကြောင့် ဂုဏ်သိက္ခာ ကျဆင်းနေတဲ့ တိုင်းပြည်မှာ နေထိုင်နေတဲ့ နိုင်ငံသားတွေလည်း မျက်နှာငယ်ရပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်ပြီး စီမံခန့်ခွဲနေတဲ့ အစိုးရမကောင်းရင် အဲသလို တိုင်းပြည်ဟာ ရေရှည်မှာ ဂုဏ်သိက္ခာမဲ့ရတဲ့ အဖြစ်ကို ရင်ဆိုင်ရပါတယ်။
ရှေးဗမာဆိုရိုးစကားအတိုင်း ပြောရရင်တော့ အုပ်ချုပ်တဲ့မင်းက တရားသောမင်း၊ တရားသောအစိုးရ မဟုတ်ရင် အဲဒီ တိုင်းပြည်ဟာ ဂုဏ်သိက္ခာကျဆင်းတော့ တာပါပဲ။ နိုင်ငံသားတွေ မကောင်းလို့ တိုင်းပြည်နာမည် ပျက်ရတယ်ဆိုတာ ကမ္ဘာ့ သမိုင်းမှာ မရှိသေးပါဘူး။ စစ်တပ်အစဉ်အလာ စစ်တပ်ယဉ်ကျေးမှုနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာရတဲ့ တိုင်းပြည်တပြည် နာမည်ကောင်းမရှိတာကို ဥပမာနဲ့ တင်စားရရင် စစ်ပွဲရှုံးတာ ကွပ်ကဲတဲ့ တပ်မှူး၊ စစ်သူကြီး မကောင်းလို့ ညံ့လို့ ဖြစ်ရတာလို့ ဆိုရမှာ ပါပဲ။

တရားသောမင်း တရားသောအစိုးရ မဟုတ်တာကြောင့် တကိုယ်ကောင်းဆန်တဲ့ အမူအကျင့် ရှိပါတယ်။ အာဏာရဖို့ ထိုင်ခုံမြဲဖို့အတွက် ဘာပဲလုပ်လုပ် တရားတယ်ဆိုတဲ့ အယူအဆကို ပွေ့ပိုက်ပါတယ်။ မတရားသဖြင့် လုပ်ရတာကို အစဉ် အဆက် ကျင့်သုံးလာတာကြောင့် အမျက်မာန်စောင်ကြီးသလို အာဃာတတရားလည်း ကြီးမားလေ့ရှိပါတယ်။ အာဏာ မြဲဖို့အတွက် ရက်ရက်စက်စက် လုပ်ရပ်တွေကို လုပ်ဖို့ဝန်မလေးပါဘူး။ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်လေ့ရှိတာကြောင့် တိုင်းသူ ပြည်သားတွေ ကောင်းစားဖို့၊ အဆင့်အတန်းမြင့်မားလာဖို့ ဂရုစိုက်လေ့လည်း မရှိပါဘူး။ အဆိုးဆုံးကတော့ မိမိ အာဏာ တည်မြဲဖို့အတွက် ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်လို့ အစွန်းရောက် အယူအဆတွေ၊ ဝါဒတွေကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ရိုက်သွင်းလေ့ ရှိပါတယ်။ အဲသလို အစွန်းရောက် အယူအဆတွေကို လက်မခံတဲ့ မထောက်ခံတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်း အသင်းအပင်းတွေကို အမျိုးသား သစ္စာဖောက်လို့ အမည်တပ်ပါတယ်။
ဒီလိုအစွန်းရောက်တဲ့ အယူအဆတွေကို ဟစ်တလာတို့၊ မူဆိုလီနီတို့ အသုံးပြုပြီး အာဏာကို ယူခဲ့ကြတာ သမိုင်းမှာ အထင်အရှား မြင်ရပါတယ်။ ဂျပန်မှာလည်း ဖက်ဆစ်ဝါဒကို အင်အားကြီးလာအောင် လုပ်ခဲ့တာ အားလုံးအသိပါ။ အဲဒီ နိုင်ငံတွေမှာ အတိုက်ခံဆိုတာ မရှိအောင် နှိပ်ကွပ်ခဲ့ပါတယ်။ အတိုက်ခံထဲမှာ နိုင်ငံရေးပါတီများသာမက မီဒီယာဆိုတာ ကလည်း ပါဝင်နေတော့ နောက်ဆုံး အဲဒီနိုင်ငံတွေမှာ သတင်းမီဒီယာတွေ သင်းသတ်ခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး နှစ်ကာလ အတန်ကြာတဲ့အထိ ထိုနိုင်ငံများက နိုင်ငံသားများ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်ငယ်နဲ့ နေခဲ့ရပါတယ်။ ဒီလို သမိုင်းသင်ခန်းစာတွေ ဖြစ်ခဲ့ပျက်ခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်ပဲ ရှိပါသေးတယ်။ မမေ့သင့်ပါဘူး။
အခုထိုင်းနိုင်ငံမှာ မြန်မာပြည်သားတွေ ဂုဏ်သိက္ခာမဲ့စွာ နေထိုင်လုပ်ကိုင်စားသောက် နေရပါတယ်။ လမ်းပေါ်မှာ မြန်မာ တယောက်သေတာဟာ အဆန်းမဟုတ်ပါ။ ဘယ်ထိုင်းရဲကမှလည်း အမှုကို ပေါ်အောင်လိုက်မယ်ဆိုတာ မရှိပါ။ ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား မွန်လူမျိုး အလုပ်သမားတဦး လမ်းပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံရပါတယ်။ ပစ်တဲ့သူက ထိုင်းလူမျိုးပါ။ ပစ်ရတဲ့ အကြောင်းအရင်းက သူ့ခွေးက ဟောင်တာကို အဲဒီ မြန်မာလုပ်သားက မောင်းလို့ ပစ်ခြင်းပဲ ဖြစ်ပါတယ်။ အခုအထိ အဲဒီ အမှုဟာ ဘယ်ရောက်လို့ ဘယ်ပေါက်သွားတယ်ဆိုတာ ဘယ်သူမှ မသိတော့ပါ။ ဒီလိုနဲ့ပဲ ပြီးဆုံးသွားပါတယ်။ မြန်မာနိုင်ငံသားတဦးရဲ့ အသက်တချောင်းဟာ ခွေးလောက်မှ တန်ဖိုးမရှိဘူးဆိုတာ လက်တွေ့မြင်လိုက်ရတာပါပဲ။

အလားတူဆိုသလို ထိုင်းနိုင်ငံရဲ့ ရေလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းလုပ်သားတွေ မကြာခဏ ပစ်သတ် ခံရတာ၊ ပင်လယ်ထဲ ပစ်ချခံခဲ့ရတာ တွေကလည်း မနည်းလှပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံသား ဘယ်လောက် သေသေ ဘယ်သူကမှ အရေးမလုပ်ပါဘူး။ စက်ရုံကြီးတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေရဲ့ လုပ်အားခကို ထိုင်းစက်ရုံပိုင်ရှင် တွေက ဖြတ်တောက်တာ၊ တခါခါ လစာရှင်းခါနီးမှ ငွေမပေးချင်လို့ တဖက်လှည့်နဲ့ ထိုင်းရဲကို အမှုဆင်ပြီး အဖမ်းခိုင်း တာမျိုး ကလည်း ရိုးအီ နေတဲ့ ဇတ်လမ်းတွေပါ။ ဒီလိုပြောလိုက်လို့ ထိုင်းအလုပ်ရှင်တိုင်း လူဆိုးတွေလို့ ဆိုလိုတာ မဟုတ်ပါ။ ကောင်းတဲ့ အလုပ်ရှင်လည်း ရှိပါတယ်။ ထိုင်းအလုပ်ရှင်က လုပ်သက်ရင့်တဲ့ မြန်မာအလုပ်သမားကို ယုံလို့ မီးခံသေတ္တာ သော့ပါအပ်ပြီး အပျော်ခရီးထွက်နေတုန်း ရှိတာအကုန်ခိုးပြီး မြန်မာပြည် ပြန်ပြေးတဲ့ အလုပ်သမား လူဆိုးမျိုးလည်း ရှိပါတယ်။ လူဆိုးလူကောင်း ဆိုတာ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ ရှိပါတယ်။

ဂုဏ်သိက္ခာ မရှိသလို ဆက်ဆံခံရတယ်ဆိုတာက ကိုယ့်အစိုးရက ကိုယ့်လူမျိုး အဝေးရောက် အလုပ်သမားတွေကို အစဉ် အဆက် အကာအကွယ် မပေးတာကနေတဆင့် ဖြစ်ရတဲ့ ကိစ္စပါ။ ကိုယ့်အစိုးရကတောင် အကာအကွယ် မပေးမှန်း သိတော့ လုပ်တဲ့ဖက်ကလည်း တဖြည်းဖြည်းနဲ့ အတင့်ရဲလာပဲ ဖြစ်ပါတယ်။ အဝေးတိုင်းပြည်မှာ မြန်မာလုပ်သားတွေ ဒီလိုဘဝမျိုးမှာ နေထိုင်နေရတယ်ဆိုတော့ ပြည်တွင်းက လုပ်သားတွေကော ဂုဏ်သက္ခာရှိစွာ ဆက်ဆံခံရရဲ့လား။ စက်ချုပ်ရုံလုပ်သားတွေ ဆန္ဒပြတဲ့ကိစ္စမှာ အာဏာပိုင်တွေက ဘယ်သူ့ဖက်က ရပ်တည်လဲ။ မန္တလေးကျောက်ဝိုင်းမှာ တရုတ်လူမျိုးတွေနဲ့ ပြဿနာ တက်တော့ အာဏာပိုင်တွေ ဘယ်သူ့ဖက်က ရပ်တည်သလဲ။ လက်ပံတောင်းမှာ ပြဿနာ တက်တော့ အစိုးရက ဘယ်သူ့ ဖက်က ရပ်တည်သလဲ။ ဂုဏ်သိက္ခာကျဆင်းရတယ် ဆိုတဲ့ နေရာမှာ ကိုယ့်ဖက်က စည်းမဲ့လို့ ဖြစ်ရတာတွေလည်း အများကြီးပါ။

ဥပမာတခုလောက် ပြောပါရစေ။ ထိုင်းနိုင်ငံက အိန္ဒိယသံရုံးဟာ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ သူတို့ နိုင်ငံသားတွေ ပြဿနာ တစုံတရာတက်ပြီဆိုရင် ဖြေရှင်းပေးဖို့အတွက် ဌာနတခု သတ်သတ်ဖွဲ့ထားပါတယ်။ အိန္ဒိယ နိုင်ငံသား တဦးဦး ဒုက္ခတွေ့တယ်ဆိုတာကို သတင်းရတာနဲ့ သံရုံးက တာဝန်ရှိတဲ့ အရာရှိကလိုက်လံ ဆောင်ရွက်ပါတယ်။ သူ့နိုင်ငံသား ဖက်က မှားရင်မှားတဲ့ အတိုင်း၊ မှန်ရင်မှန်တဲ့အတိုင်း ဖြစ်စေဖို့အတွက် ဆောင်ရွက်ပေးရပါတယ်။ ခေါင်းရှောင် နေလို့ မရပါဘူး။ ခေါင်းရှောင်နေတာကြောင့် ဝိုင်းပြီး တိုင်တယ်တောတယ်ဆိုရင် အဲဒီသံရုံးက သံအမတ်အပါအဝင် အရာရှိတွေ ရာထူးချ ခံရမှာပါ။ အိန္ဒိယသံရုံးက ဘာကြောင့် သူတို့နိုင်ငံသားတွေ ကိစ္စကို သူတပါးနိုင်ငံတွေမှာအထိ လိုက်လံ ဆောင်ရွက်ပေးတာလဲ။ ဆန်းစစ်ဖို့ လိုပါတယ်။
ဆန်းစစ်လိုက်တော့ အိန္ဒိယမှာ တက်လာတဲ့ အစိုးရအဆက်ဆက်ဟာ သူတို့ပြည်သူလူထုက ရွေးကောက်ပွဲမှာ ရွေးချယ် တင်မြှောက်ခဲ့တာကြောင့် ဆိုတာ သွားတွေ့ရပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် အိန္ဒိယနိုင်ငံက ရွေးကောက်ပွဲတွေ ဟာ စစ်မှန်တဲ့ ပါတီစုံ ရွေးကောက်ပွဲတွေဖြစ်သလို လွတ်လပ်ပြီး တရားမျှတတာကြောင့် ဖြစ်ပါတယ်။ လူထုရဲ့မဲနဲ့ စစ်စစ်မှန်မှန် တက်လာတဲ့ အစိုးရတရပ်ဟာ လူထုကိုမျက်ကွယ် ပြုလို့ မရဘူးဆိုတာ မြင်ရပါတယ်။ လူထုမဲနဲ့ တက်လာရတဲ့ အစိုးရ ဖြစ်လေတော့ တရားတဲ့အစိုးရဖြစ်ကြောင်း၊ လူထုကို အလုပ်ကြွေးပြုတဲ့ အစိုးရဖြစ်ကြောင်း အမြဲသက်သေ ပြနေဖို့ လိုပါတယ်။ မဲဝယ်၊ မဲခိုးပြီးတက်လာရင်တော့ တမျိုးဖြစ်မှာပေါ့။

အစိုးရကိုယ်၌က သူတို့နိုင်ငံသားတွေ အတွက် သံရုံးကနေတဆင့် လိုက်လံဆောင်ရွက်ပေးမှန်း သိတော့ ထိုင်းအာဏာပိုင် တွေဖက်ကလည်း လက်လွတ်စပါယ် လုပ်လို့မဖြစ်ဖူးဆိုတာကို သဘောပေါက်နေပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံသားတွေအတွက် ထူးခြားတဲ့ ဝိသေသပါ။ သူတို့မှာ ဂုဏ်သိက္ခာရှိတယ်ဆိုတာကို မြင်ရပါတယ်။ ပြောရရင် အိန္ဒိယနိုင်ငံဟာ အခုအထိ ဆင်းရဲသား များနေဆဲ နိုင်ငံတခုပါ။ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်တဲ့ သူတို့နိုင်ငံသားတိုင်းက လူချမ်းသာ တွေ မဟုတ်ပါ။ တခိျု့လည်း တရားမဝင် အလုပ်ခိုးလုပ်တာမျိုး ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှုအခင်း ဖြစ်လာပြီ ဆိုရင် သူတို့သံရုံးက လိုအပ်တဲ့ အကူအညီတွေကို ဥပဒေကြောင်းအရ ပေးအပ်ပါတယ်။ ပစ်မထားပါဘူး။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများကတော့ မိမိအစိုးရ၊ မိမိသံရုံးကနေ နှစ်ပေါင်းများစွာ ပစ်ထားခြင်း ခံထားရလေတော့ အထူးသဖြင့် ထိုင်းရဲများနဲ့ မတရားတဲ့ အလုပ်ရှင်များရဲ့ အနိုင်ကျင့်မှု၊ စော်ကားမှုကို ခံကြရပါတယ်။ ဒါဟာ လက်တွေ့ ဖြစ်နေတဲ့ ကိစ္စတွေပါ။ ငြင်းလို့မရပါဘူး။

အခု ဖြစ်သွားတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ကိုထောင်ကျွန်းက ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ လူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးကို တရားခံအဖြစ် ဖမ်းဆီးထားပါတယ်။ သူတို့နှစ်ဦးဟာ အမှန်တကယ် တရားခံဖြစ်တယ် မဖြစ်တယ်ကို မပြောလိုပါ။ ဒါပေမဲ့ အမှုသွားအမှုလာ သတင်းများအရ ထိုင်းရဲတွေ ဆောင်ရွက်ပုံဟာ နည်းလမ်းမကျသလို ဖြစ်နေပါတယ်။ ဖက်လိုက် သလိုလည်း ဖြစ်နေပါတယ်။ လွတ်လပ်တဲ့ တရားစစ်ဆေးမှုမျိုး ရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဘန်ကောက် မြန်မာသံရုံးက ထိုင်းရှေ့နေ့တွေကို ငှားရမ်းပြီး လိုက်ပါ ဆောင်ရွက်မယ်လို့ သတင်းကြား တာကြောင့် ဒီအချက်ကိုတော့ အမှတ်ပေးပါတယ်။ ဖြစ်သင့်တယ်လို့လည်း မြင်ပါတယ်။ တခုပဲ ရှိပါတယ် ဒီအမှုကို ရေဆုံး ရေဖျားတော့ လိုက်ဖို့လိုတယ်လို့ ထောက်ပြလိုပါတယ်။ အားလုံးအမြင်မှာတော့ တရားသဖြင့် လွတ်လပ်စွာ အမှုကို စစ်ဆေးလို့ အမှုမှန်ပေါ်ရင် လက်ခံကြ မှာပါပဲ။ သတ်ရင်လည်း သူ့နိုင်ငံဥပဒေအတိုင်း စီရင်ချက်ချ၊ မသတ်ဘူးဆိုရင်လည်း အမှုကလွတ်ဆိုဆဲ့ အမြင်ဟာ အခုဒီအမှုကို စောင့်ကြည့်နေတဲ့ လူတိုင်းရဲ့ အမြင်ပါ။

အခု ဒီအမှုကို စောင့်ကြည့်နေသူများ အားလုံးရဲ့ အမြင်မှာ ထိုင်းရဲတွေအနေနဲ့ သူတို့နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဦးရေ လျှော့ကျမှာကို စိုးရိမ်တဲ့အတွက် လူသတ်တရားခံကို မြန်မြန်ဖော်ထုတ်ချင်တာကြောင့် မြန်မာ အလုပ်သမား နှစ်ဦးကို ဆွဲထည့်တယ်လို့ မြင်နေကြပါတယ်။ နောက်တချက်က ဒီလို လူသတ်တာမျိုးက ထိုင်းတွေ မလုပ်ဘူး မြန်မာတွေပဲ လုပ်တတ်တယ်ဆိုတဲ့ အယူအဆကိုလည်း ထိုင်းရဲတွေက နိုင်ငံတကာကို တင်ပြချင်ဇော များနေတယ်လို့ အတော်များများက ဝေဖန်ကြပါတယ်။ အပြစ်ရှိရင် ရှိသလို အဲဒီပြစ်ဒဏ်ကို ခံယူဖို့လိုပေမယ့် အပြစ်မဲ့တဲ့သူတွေ ဆိုရင်တော့ အဲသလို ပြစ်ဒဏ်မျိုးကနေ လွတ်မြောက်ဖို့ ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်။
မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်မဖို့ အတွက် လက်ရှိမြန်မာအစိုးရ အနေနဲ့ ဘယ်လောက်အထိ ဇွဲကောင်းကောင်းနဲ့ လိုက်ပါဆောင်ရွက်မလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ ဘယ်တိုင်းပြည်က ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ် လူတိုင်းဟာ ဂုဏ်သိက္ခာရှိစွာ နေထိုင်သက်ရှင် လိုတယ်ဆိုတာ ပြောလိုပါကြောင်း။

ဇော်မင်း
၆ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.