ရွက်မွန်စာမျက်နှာ

Monday, October 27, 2014

ဖိနှိပ်မှုတွေက လွတ်မြောက်ဖို့

ဖွံ့ဖြိုး တိုးတက်ရေးအကြောင်း ပြောကြတိုင်း ရေးကြတိုင်း ဆွေးနွေးကြတိုင်း လူအများအကြားမှာ မတူတဲ့အမြင်တွေ၊ မတူတဲ့ ချဉ်းကပ်မှုတွေ ရှိတယ်ဆိုတာ မြင်ရတွေ့ရပါတယ်။ အုပ်ချုပ်တဲ့အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို မြင်တဲ့ အမြင်က၊ အုပ်ချုပ်ခံ နေရတဲ့လူတန်းစား မြင်တာနဲ့တော့ ကွာခြားလှပါတယ်။ အဲသလိုပဲ ပညာရှင်တွေ ကျွမ်းကျင်သူတွေ အနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်ရေးကို မြင်တဲ့နေရာမှ တဦးနဲ့တဦး မတူပြန်ပါဘူး။ အထူးသဖြင့် အစိုးရနဲ့ နီးစပ်တဲ့ ပညာရှင်များ၊ နောက် လူထုနဲ့နီးစပ်တဲ့ ပညာရှင်များ နှစ်ခုအကြားမှာ တည်ရှိနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီတွေ ဟာလည်း တခါတခါ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတတ် ပါတယ်။

အခုခေတ်မှာတော့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ကမ္ဘာတဝှမ်းက ပညာရှင်အများစု လက်ခံလာတဲ့ အချက်တခု ရှိပါတယ်။ အဲတာကတော့ လွတ်လပ်မှုမရှိရင် ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဘူးဆိုတဲ့ ချဉ်းကပ်မှုပဲ ဖြစ်ပါတယ်။ ဒီအယူအဆ မှန်မမှန် ဆိုတာကို ပညာရှင်တွေ ကြားထဲမှာတောင် ၁၉၈ဝ ခုနှစ်များအလယ်လောက်အထိ အငြင်းပွားနေခဲ့ပါသေးတယ်။ ၁၉၉ဝ ခုနှစ်များကြမှ တစတစနဲ့ လက်ခံလာကြတာဖြစ်ပါတယ်။ လွတ်လပ်မှုမရှိရင် ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ဘူးလို့ ဘာဖြစ်လို့ ဆိုပါသလဲ။ လွတ်လပ်မှု မရှိရတာ ဖိနှိပ်မှုတွေ အားကောင်းနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ ဖိနှိပ်မှုဆိုတာ ဘာကို ခေါ်ပါသလဲ ဆိုတာ စူးစမ်းကြရပြန်ပါတယ်။
ဖိနှိပ်မှုလို့ ဆိုလိုက်တော့ ယေဘုယျအားဖြင့် အများက ဒီလိုမြင်ပါတယ်။ ဥပမာအားဖြင့် စစ်တပ် မတရားဖမ်းဆီး သတ်ဖြတ် နှိပ်စက်တာ၊ မြေယာတွေကို အတင်းအဓြွမသိမ်းယူတာ၊ ရဲတွေက တဖက်စီးနင်း အနိုင်ကျင့်တာ၊ အာဏာရှိသူက အာဏာ မဲ့သူကို ထင်သလို ပြုကျင့်တာ၊ တချိန်တုန်းကဆိုရင် အင်အားကောင်းတဲ့ နိုင်ငံက အင်အားနည်းတဲ့ နိုင်ငံကို ကိုလိုနီ လုပ်တာ စသဖြင့် မြင်လေ့ရှိပါတယ်။ ဖိနှိပ်မှုရှိခြင်းကြောင့် လွတ်လပ်မှုကင်းမဲ့ ရတယ်လို့ အထက်မှာ ဆိုခဲ့ပါတယ်။ အဲဒီတော့ လွတ်လပ်မှုကို ပြောတဲ့အခါ အဓိပ္ပါယ်ဖော်ဆောင်တဲ့ အခါမှာလည်း မတူကွဲပြားတဲ့ အမြင်တွေ၊ ချဉ်းကပ်မှုတွေ၊ အတက်အကျ အဆင့်တွေ ရှိနေသေးတာကို သတိထားဖို့ လိုလာပြန်ပါတယ်။

လူ့သမိုင်းမှာ လူသားတွေရဲ့ ယဉ်ကျေးမှုဆိုတာ တစတစပြောင်းလဲဖြစ်ထွန်း လာကထဲကစလို့ မလွတ်မြောက်နိုင်သေးတဲ့ အခြေအနေတွေ လူသားတွေရင်ဆိုင်လာခဲ့ရတာ အခုခေတ်အထိ ဖြစ်ပါတယ်။ ဒါဟာ လူသားတွေကြားမှာ ဖိနှိပ်မှု ပေါင်းစုံဟာ အသွင်သဏ္ဌာန်မျိုးစုံနဲ့ တည်ရှိနေဆဲဖြစ်တာကြောင့်ပါ။ ရှေးတုန်းကတော့ လူတွေဟာ မိမိရဲ့ ကြီးမြတ်လိုမှု၊ ဘုန်းတန်ခိုးနဲ့ သြဇာ ကြီးထွားလိုမှုတွေ အတွက်ကြောင့် စစ်ပွဲကြီးတွေကို ဆင်နွှဲပါတယ်။ ထုံးစံအတိုင်း အင်အားကြီးသူ အင်အားနည်းသူကို ဖိနှိပ် အနိုင်ယူခဲ့ပါတယ်။ တခါ စက်မှုဖွံ့ဖြိုးလာတဲ့ ကာလတွေ ရောက်လာတော့ ကြီးမြတ်လိုမှု တခုထဲအတွက် မဟုတ်တော့ဘဲ ဓနဥစ္စာ ကြွယ်ဝရေးဆိုတာပါ ကပ်ပါလာပါတယ်။ ကြီးပွားချမ်းသာဖို့ဆိုတာ လူသား တွေကြားမှာ အခုအထိ မပျောက်မပျက် သေးတဲ့ ရည်မှန်းချက်ပါ။ တရားတဲ့နည်းနဲ့ ချမ်းသာတာလား မတရားတဲ့နည်းလား ဆိုတာကတော့ နောက်တချက်ပေါ့။
အဲဒီတော့ အင်အားကြီးသူတွေက အင်အားနည်းသူတွေ အပေါ်မှာ အနိုင်ယူပြီး ဓနဥစ္စာ ကြွယ်ဝရေးအတွက် ခရီးနှင်ပြန် ပါတယ်။ အင်အားကြီးသူတွေ အချင်းချင်း ထိပ်တိုက်တွေ့တော့ စစ်ပွဲကြီးတွေ ဖြစ်ရပါတယ်။ အခု ၂၁ ရာစုဟာလည်း သူ့အရင် နောင်တော်ရာစုနှစ်များလိုပဲ ဓနဥစ္စာအတွက် လုယက်ဖိနှိပ်ရင်း လွတ်လပ်မှုကို ပိတ်ပင်ပါတယ်။ တချိန် ထဲမှာလည်း ဆင်းရဲ မွဲတေမှုကို နေရာအလိုက် ဒေသအလိုက် နိုင်ငံအလိုက် ဆက်လက်သက်ဆိုး ရှည်စေပြန်ပါတယ်။

အခု ၂၁ ရာစုမှာတော့ စစ်ပွဲတွေဟာ နေရာဒေသအလိုက် အကန့်အသတ်နဲ့သာ ဆင်နွှဲခွင့် ရပါတော့တယ်။ ဒါပေမဲ့ လက်နက်နဲ့ ဓနအင်အားကြီးသူ၊ နည်းပညာပိုင်ဆိုင်သူများက မတူကွဲပြားတဲ့ ဖိနှိပ်မှုစနစ်တွေကို ပါးနပ်တဲ့ နည်းနာများကို အသုံးပြုပြီး သူတို့ရဲ့ ဓန ကြွယ်ဝမှုအတွက် ဆက်ပြီးခရီးနှင်ပြန်ပါတယ်။ ငွေပင်ငွေရင်း အားကြီးသူတွေ လုပ်လိုတဲ့ ကိစ္စများကို ငွေမရှိသူတွေက ခုခံကာကွယ်ဖို့ ခက်ခဲလေ့ရှိပါတယ်။ နည်းပညာအင်အားကောင်းသူများရဲ့ အလိုဆန္ဒကို နည်းပညာမဲ့သူများ တွန်းလှန်ဖို့ မလွယ်ကူသေးတာကိုလည်း တွေ့ရပါတယ်။ ခြုံပြောရရင် ဒီလိုလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ ဖိနှိပ်မှု အမျိုးအစား တွေထဲမှာ အကျုံးဝင်ပါတယ်။ ဖိနှိပ်မှုဆိုတာကလည်း နေရာမျိုးစုံမှာ အသွင်မျိုးစုံနဲ့ ဆက်လက်တည်ရှိ နေပါတယ်။ ချမ်းသာတဲ့ နိုင်ငံကြီးတွေ၊ ဓနကြွယ်ဝတဲ့ အဖွဲ့အစည်းကြီးတွေနဲ့ အုပ်ချုပ်သူ အာဏာရှင်တွေ၊ အစိုးရတွေကသာ ဖိနှိပ်မှုကို လုပ်ဆောင်တယ်ထင်ရင် မှားပါလိမ့်မယ်။

တခါတရံ အာဏာရှင်ကို တွန်းလှန်နေတယ် ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ အဖွဲ့အစည်းများ အတွင်းမှာတောင် မလွတ်လပ်မှုနဲ့ ဖိနှိပ်မှုတွေဟာ အသွင်မျိုးစုံနဲ့ ရှိနေသေးတာကို မြင်ရပါတယ်။ လူတွေကို သံသရာက လွတ်မြောက်အောင် တရားပြနေတယ်ဆိုတဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ အတွင်းမှာလည်း ဖိနှိပ်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။ တခါ ဘာသာမတူသူတွေကို ချေမှုန်းနှိပ်ကွပ်ဖို့ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ လုပ်လေ့ရှိပါတယ်။ ယေဘုယျ အားဖြင့်တော့ ဥပဒေမဲ့ တရားလက်လွတ် သတ်ဖြတ်၊ ဖမ်းဆီး၊ ချုပ်ချယ်၊ နှိပ်စက်၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာ မျိုးကိုသာ ဖိနှိပ်မှုလို့ လူတွေက သမရိုးကျ မြင်လေ့ရှိပါတယ်။

ဥပမာတခုလောက် ပြောရရင် အဖွဲ့အစည်း ခပ်သေးသေး တခုအတွင်းမှာလည်း ဖိနှိပ်မှုဆိုတာ ရှိနေနိုင်ပါတယ်။ အဖွဲ့အစည်း အတွင်းမှာ မိမိအုပ်စုနဲ့ အမြင်မတူတဲ့သူ အယူအဆမတူတဲ့သူကို မသိမသာ ပထုတ်ထားတာမျိုး၊ အရည်အချင်း ရှိရဲ့သားနဲ့ နေရာမပေးတာမျိုး၊ အလုပ်လုပ်လို့ မရအောင် ကပ်သပ်ထားတာမျိုး၊ အသိအမှတ်မပြုတာမျိုး၊ ထင်ပေါ်စေတဲ့ နေရာမျိုး အရောက်မခံဘဲ ချောင်ထိုးထားတာမျိုး၊ နောက်ဆုံး အဖွဲ့အစည်းကနေ လွှင့်ထွက်သွားအောင် ပါးပါးနပ်နပ် ဆောင်ရွက်တာမျိုး စတာတွေဟာလည်း ဖိနှိပ်မှုအမျိုးအစားထဲမှာ အကြုံးဝင်ပါတယ်။ ပြောရမယ်ဆိုရင် အောက်ခြေလူထုအတွက် ဆောင်ရွက်ပေး နေတယ်ဆိုတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အန်ဂျီအိုတွေ ကြားထဲမှာတောင် ဖိနှိပ်မှုတွေ ရှိတတ်ပါတယ်။ ဖိနှိပ်မှုကို လက်တလုံးခြား ဖြစ်ပေါ်စေတဲ့ ခွဲခြားကန့်သတ်မှုတွေ ရှိနေတတ်ပြန်ပါတယ်။ ထောက်ပြလိုတာက ဖိနှိပ်မှုဆိုတာ အုပ်ချုပ်တဲ့ အာဏာပိုင်တွေ၊ ငွေကြေးတောင့်တင်းတဲ့ အဖွဲ့အစည်းကြီးတွေ ကသာ ပြုလုပ်တဲ့ ကိစ္စသက်သက် မဟုတ်ပါဘူး။ နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ရှိနေသေးတယ် ဆိုတာကို ထောက်ပြချင်တာပါ။ အခု ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ မြန်မာလုပ်သား နှစ်ဦးကိစ္စကို ကြည့်မယ်ဆိုရင် သာမန်အားဖြင့် ထိုင်းရဲတွေ လူလည်ကျတယ်၊ ညစ်တယ်ဆိုတာ ဆိုတာမျိုးလောက်ပဲ ထင်ကောင်း ထင်နိုင် ပါတယ်။ အမှန်ကတော့ ဒါဟာလည်း ဖိနှိပ်မှုတမျိုးပါ။

အစိုးရလုပ်သူက အရင်းအနှီးကြီးမားတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီကြီးတွေနဲ့ ပေါင်းပြီး နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ သယံဇာတ တွေကို ကုန်ခမ်းလုမတတ် ထုတ်ယူသွားတာ ရောင်းချသွားတာ၊ လယ်သမားတွေရဲ့ မြေတွေကို သိမ်းယူတာ၊ အလုပ်သမား လက်ခစား လူတန်းစားအပေါ်မှာ မတော်မတရား အမြတ်ထုတ်တာ အစရှိတဲ့ ဖိနှိပ်မှုတွေဟာ ကမ္ဘာမှာကော မြန်မာမှာပါ ဖြစ်ပျက် နေဆဲပါ။ တောင်အမေရိကတိုက်ကနေ အာဖရိကတိုက်ကို ဖြတ်လို့ အာရှတိုက်အထိ ရှိနေဆဲ ဖိနှိပ်မှုတွေပါ။ တခါ ဖိနှိပ်မှုဆိုတာကို ဖိနှိပ်ခံရသူဖက်က မကြိုက်တာ သဘာဝကြပါတယ်။ ဒါကြောင့် ဖိနှိပ်မှုကို ပြန်လည် တွန်းလှန်တဲ့ ခုခံတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက် လာရတာပဲ ဖြစ်ပါတယ်။ လူ့သမိုင်း စကထဲက ဖိနှိပ်မှုကို တွန်းလှန်လာခဲ့ကြ တာ အခုအချိန်အထိပါ။ စပါတာကပ်ရဲ့ တော်လှန်ရေးကနေ ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံတွေ အပါအဝင် လက်ပံတောင်းလို လှုပ်ရှားမှုတွေအထိ ပါဝင်ပါတယ်။

ဖိနှိပ်မှုကို ဘာကြောင့်တွန်းလှန်ခုခံတာလဲ။ လွတ်မြောက်မှုကို လိုချင်လို့ပါ။ ဘာကြောင့် လွတ်မြောက်မှု၊ လွတ်လပ်မှုကို လိုချင်တာလဲ။ လွတ်လပ်မှုကနေတဆင့် ဒီထက်ဒီ ပိုပြီး ဖွံ့ဖြိုးတိုးတက်လိုတာကြောင့်ပါ။ ဒါကြောင့် အပြန်အလှန်အားဖြင့် ပြောရမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လိုပါက လွတ်လပ်မှုက မရှိမဖြစ် လိုတာကြောင့် မိမိအပေါ်မှာ ပိနေတဲ့ ဖိနှိပ်မှုကို တွန်းလှန် ဖြိုဖျက်ဖို့ လိုပါတယ်။ လွတ်လပ်မှုမရှိဘူး ဆိုတာကလည်း မိမိအခွင့်အရေး ဆုံးရှုံးနေတယ်ဆိုတဲ့ သဘောကို ပြဆိုခြင်းလို့ ပြောနိုင်ပါတယ်။ အဲဒီတော့ ဖိနှိပ်မှုကို ဖြိုဖျက်တယ် တွန်းလှန်တယ်ဆိုတာ မိမိဆုံးရှုံးနေတဲ့ အခွင့်အရေးနဲ့ ပိုင်ဆိုင်မှုတွေကို တစတစ လက်ဝယ်ပြန်လည် ရရှိဖို့အတွက် ဆောင်ရွက်တဲ့ အရေးလို့ ဆိုနိုင်ပြန်ပါတယ်။

တဆက်ထဲဆိုသလို ဖိနှိပ်မှုကို ပြန်လည်ခုခံတဲ့ တွန်းလှန်တဲ့ အလုပ်တွေလုပ်ရင်း မိမိသွားနေတဲ့ ခရီးမှာ လေ့လာမှုတွေ၊ အကဲဖြတ်မှုတွေ၊ ဆန်းစစ်မှုတွေ၊ သုံးသပ်ချက်တွေ အစရှိတာတွေကိုလည်း ထုတ်နှုတ်ဆည်းပူးဖို့ကလည်း လိုလာပြန် ပါတယ်။ ခေါင်းဆောင်လုပ်သူများ အထူးသဖြင့် မမေ့အပ်တဲ့ အချက်တွေလို့ ပြောလိုပါတယ်။ တချိန်ထဲမှာလည်း မိမိကို ကူညီလိုတဲ့ ပံ့ပိုးလိုတဲ့ သူများကိုလည်း ဖိတ်ခေါ်လက်ကမ်းဖို့ လိုပါတယ်။ တခါ ကိုယ့်ကို ကူညီမယ်ဆိုပြီး အဲဒီအပေါ်ကနေ ပြန်အမြတ် ထုတ်တဲ့ သူတွေလည်း ပါနိုင်တာကြောင့် ဒါမျိုးကိုလည်း သတိထားဖို့ လိုပါတယ်။ သတိတမံ ဉာဏ်မြေ ကတုတ်လို့ ပြောရမှာပေါ့။

ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ပါမောက္ခ အမာတရာစန်က ဝေဖန်ထောက်ပြဖူးပါတယ်။ အဲတာကတော့ ငွေကြေး အရင်းအနှီးတွေ အပုံအပင်ရှိနေခြင်း၊ သဘာဝသယံဇာတတွေ ကြွယ်ဝခြင်း၊ နိုင်ငံတွင်းမှာ ဈေးကွက်ကို ဖွင့်လှစ်လိုက်ခြင်း၊ လှလှပပ ရေးထားတဲ့ စီးပွားရေးစီမံကိန်းတွေ ရှိထားခြင်းဆိုတဲ့ အချက်တွေ ပြည့်စုံနေတာတောင် လွတ်လပ်မှုကင်းမဲ့ပြီး ဖိနှိပ်မှုတွေ အသက်ရှင်နေရင် တိုင်းပြည်တခုဟာ တိုးတက်ဖို့ ဖွံ့ဖြိုးဖို့ မလွယ်ကူပါဘူးတဲ့။ အဲသလို ဖော်မြူလာမျိုးကို ဟုတ်လှပြီ မထင်ပါနဲ့လို့ သတိပေးတာပါ။ တိုင်းပြည်အဆင့်၊ အဖွဲအစည်းအသင်းအပင်း ကြီးငယ်လိုက် အဆင့်ဆင့် အတွင်းမှာ လွတ်လပ်မှု ကပ်ပါနေမှသာ လုပ်ငန်းတွေ ပေါက်မြောက်လိမ့်လို့ ပြောလိုရင်းဖြစ်ပါတယ်။

နောက်တခုကတော့ ဖွံ့ဖြိုးတိုးတက်ဖို့တော့ လုပ်လိုက်တာပဲ ဒါပေမဲ့ ရေရှည်မှာ ထိခိုက်ဆုံးရှုံးတဲ့ ဝန်တာကို ပြန်ထမ်းနေရ တာက များနေတယ်ဆိုရင် ဒါဟာ ဖွံ့ဖြိုးတာလို့ မခေါ်နိုင်ပါဘူး။ တိုးတက်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ဒါကြောင့် သူများတိုင်းပြည်တွေမှာ ဖွံ့ဖြိုးရေးအတွက် လုပ်ကိုင်ရင်း မှားခဲ့တာတွေကို သင်ခန်းစာယူဖို့ လိုပါတယ်။ သင်ခန်းယူလိုတဲ့ စိတ်ထားမျိုးလည်း ရှိဖို့လိုပါလိမ့်မယ်။ ဒါကိုတော့ အစိုးရများ ကိုယ့်ကိုကိုယ် ပြန်မေးဖို့လိုပါတယ်။ ဒီမိုကရေစီ လမ်းစဉ် ကိုလည်း ကျင့်သုံး ဖွံ့ဖြိုးတိုးတက်မှုလည်း ကောင်းမွန်တဲ့ နိုင်ငံတွေကို ပြန်လေ့လာရင် နိုင်ငံသားတို့ရဲ့ လွတ်လပ်မှုကို မပိတ်ပင်ဘူး ဆိုတာ မြင်ရပါတယ်။ လွတ်လပ်မှုကို မပိတ်ပင်တာဟာ ဖိနှိပ်မှုလျှော့ကြသွားပြီလို့ ပြောတာနဲ့ အတူတူပါပဲ။ မြန်မာနိုင်ငံသားအားလုံး ဖိနှိပ်မျိုးစုံကနေ ကင်းလွတ်ဖို့ ကိုယ့်အားကိုယ်ကိုးဖို့သာ ရှိတယ်ဆိုတာ ပြောလိုပါကြောင်း။

ဇော်မင်း
၉ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.