ရွက်မွန်စာမျက်နှာ

Saturday, November 15, 2014

အာလူးပြောတဲ့ အိမ်တွင်းရေး

အာ လူးဆိုတာ မြန်မာပြည်သားတွေနဲ့ ရင်းနှီးပြီးသားပါ။ အာလူးဟာ အိမ်ရှင်မတိုင်းရဲ့ အားကိုးရာလည်း ဖြစ်ပါတယ်။ အသား ဟင်းသက်သက် ချက်ဖို့ငွေအလုံအလောက် မရှိတဲ့အခါမျိုးမှာ အာလူးကို အားကိုးကြရတယ် မဟုတ်လား။ ဝက်သားနဲ့ အာလူး၊ ကြက်သားနဲ့အာလူး၊ အမဲသားနဲ့အာလူး စသဖြင့် ရောနှောချက်လိုက်ရင် အသားတုံးလေးလဲမြင်ရ အာလူးကိုလည်း စားရတာကြောင့် ရုပ်သိပ်မပျက်တဲ့ ဟင်းတခွက်လို့ ဆိုနိုင်ပါသေးတယ်။ ဒါ့အပြင် အာလူးနဲ့ ကြာဆံတွဲပြီး အာလူးသုပ် လုပ်စား ရင်လည်း ဟင်းတခွက် ဖြစ်ပါသေးတယ်။ အသားငါး လုံးလုံးမဝယ်နိုင်လို့ အာလူဟင်းသက်သက် ချက်ပြီး မဆလာလေး အုပ်လိုက်ရင်လည်း ဘာပဲပြောပြော အားကိုးရတဲ့ ဟင်းတခွက် ဖြစ်လာပါသေးတယ်။ အာလူးဟာ အိမ်တွင်းမှာ အားကိုးရတဲ့ အရန်တပ်သားလို့ ဆိုနိုင်ပါတယ်။

အာလူးရဲ့ မူလအစဟာ တောင်အမေရိကတိုက် ဖြစ်ပါတယ်။ တောင်အမေရိကတိုက်က ဌာနေတိုင်းရင်းသားများ ထမင်းလို အားထားစားရတဲ့ အစာအဟာရပါ။ ၁၅ ရာစု ကုန်ခါနီး အနောက်တိုင်းသားတွေ အမေရိကတိုက်ကြီးကို ရှာဖွေတွေ့ရှိတဲ့ အချိန်ကစလို့ အာလူးဟာ ကျနော်တို့ ကမ္ဘာသူကမ္ဘာသား အားလုံးရဲ့ ဟင်းတမယ် ဖြစ်လာခဲ့တာ အခုအထိပါပဲ။ မြန်မာပြည်ကို အာလူးရောက်လာတာ ဘယ်တုန်းကလဲ ဆိုတာကတော့ အတိအကျ မသိပါ။ ဒါပေမဲ့ အာလူးဟာ အိန္ဒိယက တဆင့် မြန်မာပြည်ကို ရောက်လာခဲ့ဟန်တူပါတယ်။ ဘာကြောင့်တုန်း ဆိုတော့ အာလူးကို အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်ရှ် နိုင်ငံတွေမှာလည်း အာလူးလို့ပဲ ခေါ်တာကြောင့်ပါ။ အာလူးပူရီတို့ အာလူးပလာတာတို့ ဆိုတာ ကုလားပြည်မှာ စာသုံးကြသလို မြန်မာပြည်မှာလည်း စားသုံးကြပါတယ်။ အထက်မြန်မာပြည်က လက်ဖက်ရည်ဆိုင် တွေမှာ ကိုလိုနီခေတ်ကစလို့ အခုခေတ်အထိ အာလူးပလာတာ၊ ပဲပလာတာ စတာတွေဟာ နံနက်စာအဖြစ် ဒါမှမဟုတ် အစာပြေ အစားအစာ အနေနဲ့ စားသုံးနေဆဲပါ။
အနောက်တိုင်းသားများ အတွက်ကတော့ အာလူးဟာ ပေါင်မုန့်လို အားကိုးရတဲ့ နောက်ထပ် အဓိကအစားအစာလည်း ဖြစ်နေပါပြီ။ ရုရှားတို့ ပိုလန်တို့ ဟန်ဂေရီတို့ အစရှိတဲ့ နိုင်ငံများကတော့ အာလူးကို စားသုံးရုံတင် မဟုတ်ပဲ အရက်လည်း ချက်ပြီး သောက်ပါသေးတယ်။ အထူးသဖြင့် ဗော့ဒကာ အရက်ဟာ ရုရှားနိုင်ငံရဲ့ ထင်ရှားတဲ့ အမှတ်တံဆိပ် ဖြစ်ပါတယ်။ အဲဒီ ဗော့ဒကာ အရက်ကို ဂျုံကနေ ချက်သလို အာလူးကလည်း ချက်ပါတယ်။

ကိုလိုနီခေတ်တုန်းက ခေတ်စမ်းစာပေကို စတင်ခဲ့တဲ့ စာရေးဆရာများထဲက တဦးဖြစ်တဲ့ သိပ္ပံမောင်ဝ အင်္ဂန်ကို ပညာတော်သင် သွားရတော့ ရန်ကုန်ကနေ အင်္ဂလန်ကို ပင်လယ်ကူး သင်္ဘောစီးရပါတယ်။ အဲဒီ သင်္ဘောပေါ်မှာ အစားအသောက် ကျွေးမွေးတာနဲ့ ပတ်သက်လို့ သူကြုံခဲ့တာလေး တခုကို ဖတ်ရပါတယ်။ အဲဒါကတော့ အာလူး အကြောင်းပါ။ သင်္ဘောက စားသောက်ခန်းရဲ့ မီနူးမှာ အာလူးကို မှာမယ်ဆိုရင် အဲဒီ အာလူးတမျိုးကိုပဲ မရိုးရအောင် အမယ်အမျိုးမျိုးအဖြစ် စီမံထားတာကို ပြောပြပါတယ်။ ပြုတ်ထားသော အာလူးတဲ့၊ ပြုတ်ပြီးချေထားသော အာလူးတဲ့၊ အချောင်းလေးများအသွင်နဲ့ ကြော်ထားတဲ့အာလူးတဲ့၊ ပြုတ်ပြီး ပြန်ကြော်ထားတဲ့ အာလူးတဲ့၊ အင်္ကျီဝတ်ထားတဲ့ အာလူးတဲ့ စသဖြင့် ဟာသနှောပြီး ပြောပြထားပါတယ်။ အင်္ကျီဝတ်ထားတဲ့ အာလူးဆိုတာကတော့ အားလူး အလုံးကြီးကြီးကို အခွံ မနွှာဘဲ အော်ဗင်လို့ခေါ်တဲ့ မီးဖိုအလုံထဲမှာ ထည့်ပြီးဖုတ်ထားကို ဆိုလိုတာပါ။ အင်္ဂလိပ်လိုတော့ ဂျက်ကက်ပေါ်တေးတိုး ဆိုပြီး ပြောလေ့ရှိပါတယ်။

မြန်မာ့လူနေမှုဘဝမှာ အာလူးဟာ စားစရာတခုအနေနဲ့သာ မဟုတ်ဘဲ တင်စားပြီး စကားပြောဆို သုံးနှုန်းတဲ့အထိ တွင်ကျယ် လာခဲ့ပါတယ်။ အဲတာကတော့ အမျိုးသား အဆိုတော်တဦးက စတီရီယိုခေတ်ဦးမှာ သီချင်းလုပ်ပြီး ဆိုခဲ့ တာကြောင့်ပါ။ အာလူး လာမပေးနဲ့ လေတွေနဲနဲလျှော့ ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ နောက် အမျိုးသမီး အဆိုတော် တဦးကတော့ ဒီလိုဆိုခဲ့ပါတယ်။ အာလူးပေးတဲ့သူကို သိပ်ကို မုန်းတယ် ဆိုတဲ့ သီချင်းပါပဲ။ အင်း မုန်းမှာပေါ့ အာလူးပေးတယ်ဆိုတာ အပြောသက်သက် လေလုံးသက်သက် အာသက်သက် ဖောလျှောပဲ ဖြစ်နေတာကိုး။ ဒါကြောင့် အပြောသက်သက် လူတွေတိုင်းပြည်ကို အုပ်ချုပ်နေတယ်ဆိုရင် အဲသလို အုပ်ချုပ်သူမျိုးကို ပြည်သူတွေက ဘယ်ချစ်ပါ့မလဲ။ မုန်းတာမဆန်းဘူးလို့ ပြောရမှာပေါ့။

အာလူးနဲ့ ပတ်သက်လို့ ပြောရတာကဒီလိုပါ။ တလောက သတင်းတခုထဲမှာ တွေ့လိုက်ရတယ်။ ဘာတုန်းဆိုတော့ အမေရိကန် နိုင်ငံကနေ မြန်မာပြည်ကို အာလူးတင်သွင်းဖို့ အမေရိကန် စီးပွားရေးသမားတွေက ဈေးကွက်ကို လေ့လာဆန်းစစ်နေတယ်လို့ ကြားလိုက် ရလို့ပါ။ အမေရိကန်ကနေတောင် အာလူးတင်သွင်းဖို့ ဖြစ်ကုန်ကြပြီလား။ ဒါနဲ့ ပတ်သက်လို့ အမေရိကန် အာလူးတင်သွင်းမှာကို ကန့်ကွက်တဲ့သူနဲ့ ထောက်ခံသူတွေလည်း ပေါ်လာပါတယ်။ ကန့်ကွက်တဲ့သူတွေ ပြောတာက အာလူးကို မြန်မာပြည်မှာတောင် အလုံအလောက် မစိုက်နိုင်တာကို ထောက်ပြပါတယ်။ မြန်မာအာလူးတောင်သူတွေ ဘာအကူအညီမှ မရလို့ ဖြစ်တဲ့နည်းတဲ့ အာလူးကို စိုက်ရတာကြောင့် အာလူးအလုံးတွေ သေးသထက် သေးလာတာ ကွာလတီ ကျဆင်းလာရတာကို တင်ပြပါတယ်။ ထောက်ခံတဲ့ သူတွေကတော့ အမေရိကန်အာလူး ဝင်လာရင် ဘယ်လိုဘယ်ပုံ ပြုပြင်စီရင်ချက်ပြုတ်ပြီး ဈေးကွက်တင်ရောင်းမယ်ဆိုတဲ့ အကြောင်းကို ပြောကြပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံခြားကို ဆန်တင်ပို့တဲ့ ထိပ်သီး နိုင်ငံဖြစ်လာဖို့ ဝေးနေသေးကြောင်းကိုလည်း သတင်းတခုထဲမှာ တွေ့ရ ပါတယ်။ ဟိုရှေးအရင်က ဆန်တင်ပို့တဲ့ နေရာမှာ နာမည်ကြီးခဲ့တဲ့ မြန်မာပြည်ဟာ အရင်လို ဆန်တင်ပို့တာ ထိပ်တန်း ရောက်လာဖို့ အခြေအနေ မရှိသေးတဲ့အချိန်မျိုးမှာ အာလူးကိုတောင် သူများဆီက ထပ်တင်သွင်းဦးမယ် ဆိုတော့ မိမိရဲ့ အိမ်တွင်း စိုက်ပျိုးရေး လုပ်ငန်း တိုးတက်လာသလား ဆုတ်ယုတ်နေသလားဆိုတာ လူတိုင်းခန့်မှန်းနိုင်ပါတယ်။ စိုက်ပျိုးရေး ကျွမ်းကျင်သူများ အဆိုအရ အာလူးစိုက်ပျိုးတာဟာ စပါးစိုက်ပျိုးတာလောက် လက်မဝင်ဘူး မခက်ခဲဘူးလို့ ဆိုပါတယ်။ အဲတာဆိုရင် နိုင်ငံတော်ကို အုပ်ချုပ်နေသူများအနေနဲ့ အာလူးစိုက်တဲ့ တောင်သူတွေ အဆင့်မီအာလူးတွေ စိုက်ပျိုးဖို့ မကူညီ နိုင်ဘူးလား။ မျိုးကောင်း၊ နည်းပညာနဲ့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ထောက်ပံ့ကူညီဖို့ မဆောင်ရွက်ပေးနိုင် တော့ဘူးလား။ နဂိုကမှ အာလူး အထွက်ကကျဆင်း အရည်အသွေးက ညံ့ဖျင်းလာတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ အာလူး တောင်သူကို မကူညီပဲ နိုင်ငံခြားကနေ တင်သွင်း ဦးမယ်ဆိုရင်တော့ အာလူးတောင်သူတွေ ပက်လက်လန်တော့မှာပေါ့။ အခု အာလူးကိစ္စတခုထဲနဲ့ပဲ မြန်မာ့ အိမ်တွင်းရေးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ၊ နိုင်ငံရေး ကဏ္ဍနဲ့ စီးပွားရေး ကဏ္ဍ ကောင်းမကောင်း ဆိုတာကို အကဲခပ်နိုင်ပါတယ်။

ဒီနေရာမှာ သင်ခန်းစာယူစရာတွေ ရှိပါတယ်။ မြန်မာရဲ့ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ စိုက်ပျိုးရေးနဲ့ ပတ်သက်ရင် အတော်ကြီးကို တိုးတက်လာနေတဲ့ နိုင်ငံတခုပါ။ နိုင်ငံခြားကို ဆန်တင်ပို့တာမှာလည်း ထိပ်တန်းစာရင်ဝင် နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် သစ်သီးဝလံတွေနဲ့ သစ်သီးဖျော်ရည်တွေ တင်ပို့တာမှာလည်း အောင်မြင်နေပါတယ်။ ကြက်မွေးမြူရေးမှာလည်း ဘယ်လောက်တောင် အောင်မြင်နေသလဲဆိုရင် အခု မြန်မာပြည်မှာ ရောင်းနေတဲ့ စီပီ ကြက်သား ဆိုတာတွေဟာ ထိုင်းနိုင်ငံက ကုမ္ပဏီပါ။ ကြက်မွေးတာနဲ့ စိုက်ပျိုးရေး ဘာဆိုင်သလဲဆိုတော့ ဆိုင်နေပါတယ်။ အဲဒီမွေးထားတဲ့ ကြက်တွေကို ကျွေးဖို့ လိုအပ်တဲ့ ကောက်ပဲသီးနှံ အစေ့အဆန်တွေကို သူတို့တိုင်းပြည်အတွင်းမှာ စိုက်ပျိုးတာဖြစ်ပါတယ်။ ကြက်စာကို နိုင်ငံခြား ကနေ တင်သွင်းတာမဟုတ်လို့ ကြက်သားက ဈေးချိုပါတယ်။ လူတိုင်းစားနိုင်သွားပါတယ်။ နောက်ထပ်စိုက်ပျိုးရေး ထုတ်ကုန် တခုရဲ့ ပြယုဂ်ကတော့ နိုင်ငံခြားကို သစ်ခွပန်းတွေ အကြီးအကျယ် တင်ပို့နိုင်ခြင်းပါပဲ။ ဘန်ကောက်လေဆိပ်ကနေ နိုင်ငံခြားကို သစ်ခွပန်း တင်ပို့တဲ့ နေစဥ့်တန်ဖိုးဟာ ထိုင်းဘတ်ငွေ ၁၅ သန်း အနည်းဆုံး ရှိပါတယ်။ တလဆိုရင် ဘတ်သန်းပေါင်း ၄၅ဝ။ တနှစ်ဆိုရင် ထိုင်းဘတ်ငွေအားဖြင့် ၅ ဒသမ ၄ ဘီလီယံ ကျော်ပါတယ်။ ငွေလဲနှုန်းနဲ့ အကြမ်းဖျဉ်းတွက်ရင် ထိုင်းဘတ်ငွေ တဘတ်ဟာ မြန်မာကျပ်ငွေ ၃ဝ နဲ့ညီမျှပါတယ်။ ဒါကြောင့် ၃ဝ နဲ့သာ မြှောက်သာကြည့်ပါတော့။

အဲသလို စိုက်ပျိုးရေးအရ အောင်မြင်နေတဲ့ ထိုင်းနိုင်ငံမှာတောင် တခါတခါ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလာတယ် အားနည်း သွားတယ်ဆိုရင် တောင်သူတွေ အကြီးအကျယ် ထိခိုက်လေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က တရုတ်ပြည်က ကြက်သွန် တွေကို ထိုင်းနိုင်ငံထဲကိုတင်သွင်းဖို့ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါတယ်။ တရုတ်ကြက်သွန်တွေ ဈေးပေါပေါနဲ့ ထိုင်းနိုင်ငံထဲကို ဝင်လာတော့ ထိုင်းကြက်သွန်တောင်သူတွေ ငါးပါးမှောက်ကုန်ပါတယ်။ တရုတ်ဖက်က ဈေးပေါပေါနဲ့ ဝင်လာတာကြောင့် ထိုင်းကြက်သွန် အရောင်းကျသွားပါတယ်။ ထိုင်းပြည်တွင်းဖြစ် ကြက်သွန်ဈေးကွက် ပျက်ပါတယ်။ ဒါရဲ့ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံ မြောက်ပိုင်းက ကြက်သွန်အဓိကထားပြီး စိုက်ပျိုးတဲ့ တောင်သူတွေ အဲဒီနှစ်က အမြတ်မထွက်တဲ့အပြင် အရင်းလည်း ရှုံးပါတယ်။ နောက်နှစ်တွေမှာလည်း ဆက်ရှုံးပါတယ်။ စုထားတဲ့ ရွှေငွေနဲ့ စီးနေတဲ့ ကားတွေကို ပြန်ရောင်းရတဲ့ အထိ ရင်ဆိုင်ရတဲ့ တောင်သူတွေ မနည်းလှပါဘူး။

ဒါဟာ ဘာကို ပြတာလဲဆိုတော့ မိမိတိုင်းပြည်အတွင်းက လယ်သမားကို ဈေးကွက်သဘောအရ ကာကွယ်ပေးဖို့ ပျက်ကွက်သွားတာကြောင့် ဖြစ်ရတာပါ။ နိုင်ငံကြီးတွေမှာက မြေကလည်း ကျယ်တယ် စိုက်တဲ့ပျိုးတဲ့ နေရာမှာလည်း စက်တွေကိုပဲ အသုံးပြုတယ် ဆိုတော့ လုပ်သားခ ဈေးသက်သာပါတယ်။ ဒါကြောင့် ထွက်လာတဲ့ သီးနှံကို သူတကာထက် ဈေးပေါပေါနဲ့ ရောင်းနိုင်ပါတယ်။ နိုင်ငံကြီးတွေက ထွက်ကုန်တွေလောက် ဒေသခံလယ်သမားတွေက ဈေးကို ထပ်လျှော့ပြီး မရောင်းနိုင်ပါဘူး။ ဒါကြောင့် လူ့သဘာဝအရ စားသုံးသူက ဈေးပေါတာ ဈေးချိုတာကို ဝယ်သုံးတော့ ဒေသခံတောင်သူတွေ ကျောကော့တော့တာပါပဲ။
သစ်ခွသမားတွေလည်း ခံရဘူးပါတယ်။ သူတို့ကတော့ နိုင်ငံခြားကနေ သစ်ခွတွေ ဝင်လာလို့ မဟုတ်ပါ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ထိုင်းနိုင်ငံရေး မတည်ငြိမ်တာကြောင့် ဖြစ်ခဲ့ရတာပါ။ နိုင်ငံရေးအုပ်စုကြီးတခုနဲ့ သူတို့ကို ထောက်ခံတဲ့ လူတွေက ဘန်ကောက်လေဆိပ်ကြီးကို ဝင်စီးပြီး သိမ်းယူထားတာကြောင့် ဖြစ်ရတာပါ။ သစ်ခွတွေကို ဘန်ကောက် လေဆိပ်က တဆင့် သက်ဆိုင်ရာနိုင်ငံတွေကို အအေးခန်း ကုန်တင်လေယာဉ်များနဲ့ ပို့ရပါတယ်။ ဘန်ကောက်လေဆိပ်မှာ လေယာဉ်တွေ အတက်အဆင်း လုပ်ခွင့်မရတာ တလကျော်ကျော်လောက် ကြာခဲ့ပါတယ်။ အဲဒီ ကာလအတွင်း သစ်ခွတွေ လေဆိပ်မှာ သောင်တင်ပြီး ပျက်စီးကုန်သလို ခြံထဲက နောက်ထပ်သစ်ခွတွေလည်း ခြံထဲမှာပဲ ပုံနေပါတယ်။ အဆိုပါ လေဆိပ်စီးနင်းထားတဲ့ တလကျော် ကာလဟာ သစ်ခွတောင်သူတွေအတွက် အရှုံးကာလလို့ ဆိုနိုင်ပါတယ်။

မြန်မာ့အာလူးကိစ္စ ပြန်ကောက်ပါ့မယ်။ အမေရိကန်အာလူး မတင်သွင်းခင် အခုရက်ပိုင်းအတွင်းမှာ အမေရိကန် သမ္မတကြီး မြန်မာပြည်ကို လာတော့မယ်ဆိုတော့ မြန်မာအာလူး ဘဝမပျက်အောင် မြန်မာသမ္မတကြီးက အမေရိကန် သမ္မကြီးကို နိုင်ငံရေးကြောင်းတွေ၊ ဒေသတွင်းလုံခြုံရေးအကြောင်းတွေ၊ နိုင်ငံတကာ အကြမ်းဖက်ပြဿနာ အကြောင်းတွေ ပြောနေ တာထက် အာလူးနာလံထရေး အတွက် အကူအညီ တခုခုပေးဖို့ တောင်းဆိုရင် ပိုမကောင်းဘူးလားလို့ စဉ်းစားမိပါတယ်။ သို့သော်လည်း အာလူးအတွက် အကူအညီ တောင်းရင်း ဟိုဖက်ဒီဖက် အာလူးတွေပဲ များနေဦးမယ် ဆိုရင်တော့ သမ္မတကြီးတွေလည်း အာလူးသမ္မတွေ ဖြစ်ကုန်ပြီး အာလူးပေးတဲ့သူများကို လူတွေက ချစ်ခင်လိမ့်မည် မဟုတ်ပါကြောင်း။

ဇော်မင်း
၁၁ ရက် နိုဝင်ဘာလ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.