ရွက်မွန်စာမျက်နှာ

Tuesday, November 25, 2014

အကြမ်းမဖက် အနုနည်းဆိုပေမယ့်

မိုင်းကြောင်းကို ရှည်ရှည်လျှားလျှား မပြောတော့ဘဲ လိုရင်းတိုရှင်း ပြောရမယ်ဆိုရင်တော့ အကြမ်းမဖက်ဘဲ အနုနည်းနဲ့ တနည်းပြောရရင် ငြိမ်းချမ်းတဲ့လမ်းစဉ်နဲ့ တောင်းဆိုတိုက်ပွဲဝင်တဲ့ နည်းလမ်းကို အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး မီးရှုး တန်ဆောင်ကြီး ဖြစ်တဲ့ မဟတ္တမ ဂန္ဒီက မျိုးစေ့ချပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲသလို အကြမ်းမဖက်တဲ့ နိုင်ငံရေး လမ်းစဉ်ကို ဂန္ဒီကြီးဟာ တောင်အာဖရိကနိုင်ငံမှာ ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေတုန်းကထဲက စတင်ခဲ့ပါတယ်။

နောက်ပိုင်း ဂန္ဒီကြီး အိန္ဒိယ ပြန်ရောက်တော့ အုပ်စိုးသူ အင်္ဂလိပ်ကိုလိုနီ အစိုးရကို တိုက်ပွဲဝင်တဲ့အခါမှာ သူချမှတ်ထားတဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေးနည်းနာအတိုင်း တစိုက်မတ်မတ် ကျင့်သုံးခဲ့ပါတယ်။ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို ကျင့်သုံးခဲ့ ပေမယ့် မရေတွက်နိုင်အောင် များပြားလှတဲ့ အကြမ်းဖက်မှုတွေရှိခဲ့တယ် ဆိုတာလည်း တဖက်မှာ တွေ့ရပြန်ပါတယ်။ ဘယ်လို အကြမ်းဖက်မှုတွေလဲ။ ဘယ်သူတွေက ဘယ်သူ့ကို အကြမ်းဖက်တာလဲ။ အများအားဖြင့် ငြိမ်းချမ်းစွာ တောင်းဆိုတိုက်ပွဲ ဝင်သူတွေကို အကြမ်းဖက်တဲ့ သူတွေကတော့ ကိုလိုနီအစိုးရ အာဏာပိုင်များ ဖြစ်ပါတယ်။ အကြမ်းဖက်ပြီး နှိမ်နင်းဖြိုခွင်း တာကြောင့် ဖြစ်ပါတယ်။ နောက်တချက်ကတော့ တချက်တချက်မှာ ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြသူများ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားပြီး အကြမ်းဖက်တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေ ဖြစ်လာတဲ့ ကိစ္စမျိုး တွေလည်း ရှိနေပါသေးတယ်။ ဒီနေရာမှာ အဓိက မှတ်သားမိတဲ့ သင်ခန်းစာကတော့ အကြမ်းမဖက်တဲ့ နည်းလမ်းကို အသုံးပြု သော်ငြားလည်း အမြဲတန်း အေးအေးချမ်းချမ်းနဲ့ မပြီးနိုင်သေးဘူး ဆိုတာပါပဲ။ အိန္ဒိယနိုင်ငံ အင်္ဂလိပ်ဆီက လွတ်လပ်ရေး မရခင်လေးမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုကတော့ လွတ်လပ်ရေးလိုလားသူ လူထုအချင်းချင်း သတ်ဖြတ် နှိပ်ကွပ်ခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
အင်္ဂလိပ်ဆီက လွတ်လပ်ရေးမရခင်လေးမှာ ဖြစ်သွားခဲ့တဲ့ ပြဿနာက ဒီလိုပါ။ လွတ်လပ်ရေးဟာ အိန္ဒိယတိုက်ငယ်က ပြည်သူတွေ ထင်ထားသလို အိန္ဒိယတိုက်ငယ်တခုလုံး တညီတညွတ်ထဲ လွတ်လပ်ရေးရတာမျိုး မဟုတ်ဘဲ အိန္ဒိယက သပ်သပ် ပါကစ္စတန်က (အရှေ့နဲ့အနောက် ပါကစ္စတန်) သပ်သပ် ဖြစ်သွားတာကြောင့်ပါ။ ပါကစ္စတန်လို့ ဖြစ်သွားခဲ့တဲ့ အခြမ်းက လူများစုဟာ အစ္စလမ်ဘာသာကို ကိုးကွယ်သူများ ဖြစ်ပါတယ်။ ပင်မ အိန္ဒိယနယ်မြေကြီးမှာတော့ ဟိန္ဒိုဘာသာ ကိုးကွယ် သူတွေက လူများစုဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဟိန္ဒူလူများစု ဒေသမှာ နေထိုင်တဲ့ မွတ်စလင်တွေက ပါကစ္စတန် ဖက် ပြောင်းကြပါတယ်။ မွတ်စလင်လူများနေထိုင်တဲ့ အခြမ်းက ဟိန္ဒိုတွေက အိန္ဒိယဖက်ခြမ်းကို ပြောင်းရွှေ့ ကြပါတယ်။ အဲဒီ အချိန်မှာ ဟိန္ဒူနဲ့ မွတ်စလင်တွေ အချင်းချင်း သတ်ဖြတ်ပွဲကြီး စတင်ပါတယ်။ မှတ်တမ်းများအရ ဟိန္ဒူ၊ မွတ်စလင် စုစုပေါင်း လူပေါင်း နှစ်သန်းခန့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ နှစ်ဖက်က အမျိုးသမီးတွေ အဓမ္မပြုကျင့် ခံရ တာကလည်း အမြောက်အများပါ။ အိန္ဒိယနဲ့ ပါကစ္စတန်အကွဲမှာ သာမန်နိုင်ငံသားအချင်းချင်းကြား နိုင်ငံကွဲရတာကြောင့် သူနစ်နာတယ် ကိုယ်နစ်နာ တယ်ဆိုတဲ့ အယူအဆကနေ အကြမ်းဖက်မှုကြီး ပေါ်ပေါက်လာခဲ့တာပါပဲ။
ဒီအကြမ်းဖက်မှုကြီးဟာ လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တဲ့ လက်နက်ကိုင်မထားတဲ့ သာမန်နိုင်ငံသားများ အကြားမှာ ပေါ်ပေါက်ခဲ့တဲ့ သတ်ဖြတ်သုတ်သင်မှုကြီးလို့ ဆိုနိုင် ပါတယ်။ အကြမ်းမဖက်နည်းလမ်းနဲ့ လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့သူများ လွတ်လပ်ရေးရခါနီးမှာ အချင်းချင်း အကြမ်းဖက် ခဲ့တာကို မြင်ရပါတယ်။

တောင်အာဖရိကနိုင်ငံမှာလည်း လူမဲတွေဟာ လူဖြူတွေ အုပ်ချုပ်မှု အောက်ကနေ လွတ်မြောက်ဖို့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ တိုက်ပွဲဝင်နေတုန်း အကြမ်းဖက်မှုတွေ အမြောက်အများကို ရင်ဆိုင်ခဲ့ရပါတယ်။ အကြမ်းမဖက်ပဲ အနုနည်းနဲ့ တိုက်ပွဲဝင်ဖို့ လူမဲခေါင်းဆောင်အများစုက လှုံ့ဆော်ကြိုးပန်းခဲ့ပါတယ်။ အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ဖို့ ဦးဆောင်တဲ့ လူမဲ ခေါင်းဆောင် အတော်များများဟာ လူဖြူအာဏာပိုင်တွေရဲ့ သတ်ဖြတ်သုတ်သင်တာကို ခံရပါတယ်။ လူဖြူအာဏာပိုင် ရဲတွေ၊ စစ်တပ်တွေ၊ ထောက်လှမ်းရေးတွေရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းကို ခံရသလို လူဖြူအာဏာပိုင်တွေ လက်အောက်မှာ အမှုထမ်းနေတဲ့ လူမဲအာဏာပိုင်တွေရဲ့ သတ်ဖြတ်ခြင်းကိုလည်း ခံရပါသေးတယ်။ လူဖြူ အာဏာပိုင် တွေက လူမဲတချို့ကို ငွေပေးဝယ်ပြီး လူမဲတောင်အာဖရိက နိုင်ငံသားတွေရဲ့ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေကို ဝင်ရောက်နှောင့်ယှက် ခိုင်းတာမျိုး လည်း ရှိပါတယ်။ လူဖြူအစိုးရကို သတင်းပေးနေတဲ့ လူမဲတွေလည်း နေရာအနှံ့ ရှိနေခဲ့ပါတယ်။

နယ်ဆင်မန်ဒဲလားနဲ့ လူဖြူအစိုးရ ဆွေးနွေးနေတဲ့ နောက်ဆုံး လေးနှစ်တာကာလ အတွင်းမှာလည်း အကြမ်းမဖက်နည်းနဲ့ တိုက်ပွဲဝင်နေတဲ့ လူမဲခေါင်းဆောင်များ အကြမ်းဖက် သတ်ဖြတ် ခံရတာ မနည်းလှပါဘူး။ အဲဒီကာလအတွင်းမှာ ထောင်သွင်း အကျဉ်းချခံရတဲ့ နိုင်ငံရေးလှုပ်ရှားသူ အရေအတွက်ဟာ နှစ်သောင်းငါးထောင်ကျော် ရှိခဲ့ပါတယ်။ မန်ဒဲလားနဲ့ လူဖြူအစိုးရ အပြန်အလှန်ဆွေးနွေးနေတဲ့ ကာလအတွင်းမှာ နယ်ပယ်အသီးသီးက ထင်ရှားတဲ့ လူမဲခေါင်းဆောင် ၄၅ ဦး ထက် မနည်း ရက်ရက်စက်စက် အသတ်အဖြတ် ခံရပါတယ်။ အလောင်းတွေကို ဂုံနီအိတ်ထဲမှာ အပိုင်းပိုင်းဖြတ်ပြီး လူမဲရပ်ကွက်ထဲက လမ်းတွေပေါ်မှာ ပစ်ထားပါတယ်။ တချို့လူမဲ ခေါင်းဆောင်တွေကတော့ ပျောက်ဆုံးသွားခဲ့ပါတယ်။ အလောင်းလည်း မတွေ့ရပါဘူး။

လူဖြူ အစိုးရဖက်က အဲသလို ရက်ရက်စက်စက် အကြမ်းဖက်နေတဲ့ အပေါ်မှာ အကြမ်းနည်းနဲ့ မတုံ့ပြန်ဖို့ လူမဲခေါင်းဆောင် များက ဆက်တိုက် ဆော်သြောရပါတယ်။ ဒေါသကို ဒေါသနဲ့ မတုန့်ပြန်ဖို့ပါ။ သို့သော်လည်း စိတ်မထိန်းနိုင်တဲ့ တချို့သော လူမဲလှုပ်ရှားသူ များကလည်း အကြမ်းနည်းနဲ့ တုံ့ပြန်ပါတယ်။ လူဖြူတွေကို သတင်းပေးနေတဲ့ လူမဲတွေကို ဖမ်းဆီးပြီး နောင်အဲသလို မလုပ်ရဲအောင်ဆိုတဲ့ သဘောမျိုးနဲ့ ကားတာယာ ကွင်းစွပ်လို့ မီးရှို့သတ်ဖြတ်မျိုး တော်တော်များများ ဖြစ်ပွားခဲ့ ပါတယ်။ အမျှော်အမြင်ကြီးတဲ့ လူမဲခေါင်းဆောင်များက ဒီလို လုပ်ရပ်တွေ ဆက်လက်မဖြစ်ပွားအောင် တားဆီးခဲ့ပါတယ်။

နောက်ဆုံးမှာ မန်ဒဲလား ထောင်ကနေ အပြီးလွတ်လို့ ရွေးကောက်ပွဲ ကျင်းပဖို့အထိ အခြေအနေက ကောင်းလာခဲ့ပါတယ်။ မဲန်ဒဲလား ဦးဆောင်တဲ့ အေအင်စီပါတီဟာ သေချာပေါက် နိုင်မယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အဲသလို အချိန်မျိုးမှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာပြန်ပါတယ်။ အဲသလို အကြမ်းဖက်တာတွေကို ဦးဆောင်နေသူတွေကတော့ အစွန်းရောက် လူဖြူအဖွဲ့အစည်း တချို့ဖြစ်ပါတယ်။ လူမဲတွေနဲ့ လူဖြူတချို့ သတ်ကြဖြတ်ကြ ပြန်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပခါနီးတော့ လူမဲတိုင်းရင်းသား အုပ်စုတခုက ရွေးကောက်ပွဲမှာ သူတို့မပါဘူး ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်မယ်ဆိုပြီး ဖြစ်ပြန် ပါတယ်။ ရွေးကောက်ပွဲ လိုလားတဲ့ လူမဲများနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် လူမဲအုပ်စုအကြားမှာ အကြမ်းဖက် သတ်ဖြတ်တာတွေ ဖြစ်ခဲ့ပါတယ်။ စုစုပေါင်းနှစ်ဖက် လူပေါင်း နှစ်ထောင်လောက် သေပြန်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး မှာတော့ ရွေးကောက်ပွဲ မဝင်ဘူးဆိုတဲ့ လူမဲခေါင်းဆောင်များ မန်ဒဲလားနဲ့ ဆွေးနွေးအပြီးမှာ သူတို့လည်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သဘောတူ ခဲ့ပါတယ်။ ပြောရရင် နောက်ဆုံးမှာ ရွေးကောက်ပွဲကြီး ပြီးမြောက်ခဲ့လို့ မန်ဒဲလား ဟာ ပထမဆုံး တောင်အာဖရိကနိုင်ငံရဲ့ လူမဲသမ္မတ ဖြစ်ခဲ့ပါတယ်။

ဖြစ်စဉ်များကို ပြန်ကောက်ရရင် တောင်အာဖရိကနိုင်ငံရဲ့ အပြောင်းအလဲဟာ အကြမ်းမဖက် အနုနည်းနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းကို အသုံးပြုနေရင်း အကြမ်းဖက်မှုတွေကို အတောမသတ် ရင်ဆိုင်ခဲ့ရ ပါတယ်။ လူပေါင်းမြောက်များစွာ သေဆုံးခဲ့ရပါတယ်။ အကြမ်းမဖက်တဲ့ နည်းလမ်းကို အသုံးပြုနေတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို အာဏာပိုင်တွေဖက်က အကြမ်းဖက်တဲ့ရည်ရွယ်ချက်က အကြမ်းမဖက်တဲ့နည်းနာ၊ အကြမ်းမဖက်တဲ့ လမ်းစဉ် ပျက်သုန်းပြီး အကြမ်းဖက်တဲ့ လမ်းစဉ်ဖက်ကို ဦးတည်သွားအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါတွေကို နားလည်သဘောပေါက်နေတဲ့ လူမဲ ခေါင်းဆောင်များက လူမဲပြည်သူလူထုကြီးကို အကြမ်းဖက်တဲ့ ဘက်ကို ရောက်မသွားအောင် အသက်တွေရင်းပြီး ဆောင်ရွက် ခဲ့တာပဲ ဖြစ်ပါတယ်။

တောင်အာဖရိနိုင်ငံမှာ ရွေးကောက်ပွဲပြီးလို့ အေးအေးချမ်းချမ်း ဖြစ်လာတဲ့ ကာလမှာ လူမဲနိုင်ငံရေး ခေါင်းဆောင်များနဲ့ လူမဲအတတ် ပညာရှင် အသိပညာရှင်များဟာ အတိတ်ကလှုပ်ရှားမှုများကနေ ပြန်ပြီးသင်ခန်းစာထုတ်ယူပါတယ်။ အဲတာ ကတော့ အကြမ်းဖက်တာကို မလိုလားလို့ အနုနည်းနဲ့ ဆောင်ရွက်မယ် ဆိုတာက ရွေးချယ်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းတော့ မဖက်ဘူး၊ အနုနည်းနဲ့ပဲ ဆောင်ရွက်မယ်လို့ ဆိုတဲ့နေရာမှာ လှုပ်ရှားမှုတွေဟာ ခွန်အားပါဖို့ လိုသလို စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့လည်းလိုတယ် ဆိုတာကို ရှာဖွေ တွေ့ရှိပါတယ်။ တချိန်ထဲမှာလည်း အကြမ်းမဖက်တဲ့ လမ်းစဉ်ကို ရွေးထားတာကြောင့် အကြမ်းဖက်တာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အမြင့်မားဆုံး ပေးဆပ်ခဲ့ရတယ် ဆိုတာကိုလည်း မြင်ခဲ့ပါတယ်။

အဲဒီအချိန်ကာလများက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ လူမဲတက္ကသိုလ် ပါမောက္ခတဦးကတော့ သူ့ရဲ့ အတွေ့အကြုံ အယူအဆကို ဒီလိုပြောပါတယ်။ “အကြမ်းမဖက်တဲ့ လမ်းစဉ်ကို ရွေးချယ်တာက အကြမ်းဖက်တဲ့ လမ်းစဉ်ထက် ရေရှည်မှာ နိုင်ငံသားတွေအတွက် အကျိုးရှိတာကြောင့် အကြမ်းမဖက်တဲ့ လုပ်ရပ်ကို ရွေးရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို ဆုပ်ကိုင်ထားတယ်လို့ ပြောပြီး မိမိလှုပ်ရှားမှုတစုံလုံးကို ခွန်အားရှိလာအောင် တွန်းမတင်နိုင်ရင်လည်း အောင်မြင်မှု နဲ့ ဝေးနေဦးမှာ ဖြစ်ပါတယ်။ အလားတူပဲ အကြမ်းမဖက်တဲ့ လမ်းစဉ်ကိုပဲ ရွေးချယ်တယ်ဆိုတဲ့ စကားကို တွင်တွင်ပြောပြီး အားထုတ်မှုမရှိဘဲ နိုင်ငံရေးမှာ ရေစုန်မျှော လိုက်နေရင်လည်း အောင်မြင်မှုနဲ့ ဝေးနေဦးမှာ ဖြစ်ပါတယ်။ တခါ အကြမ်းမဖက်တဲ့မူကို ပွေ့ဖက်ထားတယ် ဆိုပေမဲ့ သက်တောင့်သက်သာ နိုင်ငံရေးလှုပ်ရှားမှုမျိုးလောက်နဲ့ပဲ ကျေနပ်နေဦးမယ် ဆိုရင် အောင်ပွဲဟာ ဝေးနေဦးမှာ ဖြစ်ပါတယ်”။

နိုင်ငံသားပြည်သူတွေရဲ့ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ အတွေ့အကြုံနဲ့ တောင်အာဖရိကနိုင်ငံရဲ့ အတွေ့အကြုံတွေထဲမှာ သင်ခန်းစာယူစရာတွေ အများကြီး ရှိတာကို မြင်ရပါတယ်။ မိမိရေမြေနဲ့ မကိုက်ညီတာတွေ ပါနိုင်သလို မိမိလူ့အဖွဲ့အစည်းအတွက် အကျိုးများစေတဲ့ အတုယူသင့်တဲ့ လုပ်ရပ်တွေလည်း ပါဝင်နေပါတယ်။ အကြမ်းမဖက်နည်းလမ်းနဲ့ ဆောင်ရွက်ပေမယ့် အကြမ်းဖက်မှု ဒဏ်က နောက်မှာကပ်ပြီးပါနေတယ် ဆိုတာလည်း မမေ့အပ်ပါ။ ဒို့ကတော့ အကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲဝင်တဲ့ လမ်းစဉ်ကိုပဲ ကြိုက်တယ်၊ အဲဒီလမ်းကိုပဲ ရွေးချယ်တယ် ဆိုကာမျှနဲ့ မလုံလောက်သေးဘူး ဆိုတာ ဒီနေရာမှာ တွေ့ရပါတယ်။ ခေါင်းဆောင်ကြီးငယ်လတ်များ အနေနဲ့ မိမိရဲ့လုပ်ရပ်၊ မိမိရဲ့ ဦးဆောင်မှုဟာ အကြမ်းမဖက်တဲ့ လမ်းစဉ်ကို ခွန်အားပြည့်သထက် ပြည့်လာအောင် ဖြည့်ဆီး ပေးနိုင်တဲ့ အခြေအနေမျိုးအထိ ရောက်အောင် ဆောင်ရွက်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ မှန်ပါတယ် ခွန်အားပြည့်လာမှ ပိတ်ဆို့နေတဲ့ အရာတွေကို တွန်းဖယ်နိုင်မယ် ဖြစ်ပါကြောင်း။

ဇော်မင်း
၂၄ ရက်၊ နိုဝင်ဘာလ၊ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.