ရွက်မွန်စာမျက်နှာ

Sunday, November 9, 2014

စေတနာနဲ့ ဆွေးနွေးဖို့ပဲ လိုပါတယ်

မြန် မာပြည်မှာ တည်ရှိနေတဲ့ ပြဿနာပေါင်းများစွာကို ဖြေရှင်းဖို့ရာမှာ ဘယ်လမ်းကို ဘယ်လိုသွားလို့ ဘယ်လို ဆောင်ရွက်ကြ မှာတုန်းဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တချိန်ထဲမှာလည်း ဒီမိုကရေစီ ဆိုတာကို အကောင်အထည် ဖော်နေတယ် လို့လည်း လက်ရှိအစိုးရ ဆိုထားပြန်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ အစိုးရ ပြောနေတဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ လုပ်ရပ်တွေဟာ အတော်ကလေး နှေးကွေးနေသေးတယ်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ရှင်းရှင်း ပြောရရင် မီဒီယာတွေ အတော်ကလေး ရေးသားဖော်ပြ နိုင်ခွင့်ရှိတာရယ်၊ ဆန္ဒပြခွင့်တချို့ ရရှိတာရယ်ကလွဲလို့ ဒီမိုကရေစီဟာ ဘယ်ဆီနေမှန်း တောင် မသိသေးပါဘူး။

မြန်မာပြည်မှာ အခုရင်ဆိုင်နေရတဲ့ ပြဿနာတွေက များမြောင်လှပါတယ်။ ပြည်သူတွေရဲ့ အမှန်တကယ် မဲဆန္ဒနဲ့ အတည်ပြု ထားတာ မဟုတ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အဲဒီဖွဲ့စည်းပုံအရ အာဏာစွမ်း အပြည့်အဝရရှိနေတဲ့ စစ်ဗိုလ်ချုပ်များ၊ ကြိုတင်မဲဆိုတဲ့ မဲတွေနဲ့ အစိုးရဖြစ်လာတဲ့ အခုလက်ရှိအစိုးရ၊ ခေတ်အဆက်ဆက်ကနေ အခုအထိ တည်ရှိနေတဲ့ လယ်သိမ်း မြေသိမ်းကိစ္စတွေ၊ သဘာဝအရင်းအမြစ်တွေကို စိတ်ကြိုက်ထုတ်ယူနေတဲ့ အခြေအနေ၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းလာနေမှု၊ ခရိုနီတွေရဲ့ ကြီးမားဆဲ အခန်းကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှုကို ကတိပေးထားသလို မလျှော့ခြနိုင်သေးတာ၊ ဘာမှ အာဏာမရှိတဲ့ လွှတ်တော်၊ တရုတ်ကုမ္ပဏီများရဲ့ သြဇာရိပ် ကြီးသထက်ကြီးလာခြင်း၊ ပြည်နယ်တွေ ပြည်နယ်အရေးကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ခွင့် အမှန်တကယ် မရသေးတဲ့ ကိစ္စ၊ တိုင်းရင်းသားရေးရာ ပြဿနာတွေ မပြေလည်သေးပဲ ဟိုနေရာဒီနေရာတွေမှာ တိုက်ပွဲတွေ ဆက်ရှိနေသေးတာ၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ ရှိ-မရှိ ဆိုတဲ့ အပြောအဆိုမျိုး၊ ပညာရေး ကျန်းမာရေး နိမ့်ကျမှုကို မမြှင့်တင်နိုင်သေးတာ၊ နိုင်ငံသားအများစု လျှပ်စစ်ဓာတ်အားကို ဈေးချိုချိုနဲ့ မသုံးစွဲနိုင်သေးတာ၊ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘယ်လို မဲပေးတဲ့ စနစ်ကို အသုံးပြုကြမှာလဲ စသဖြင့် စုံလှပါတယ်။ နောက်ထပ်လည်း ကျန်ပါသေးတယ်။ ရေးရင် ကုန်နိုင်မှာ မဟုတ်လို့ ဒီလောက်ပဲ ဖော်ပြပါရစေ။
အဲသလောက် ပြဿနာတွေ များမြှောင်လှပြီး အဓိကျတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သေးသရွေ့ ဒီတိုင်းပြည်ဟာ ဘယ်မှ ရောက်မှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးတို့ ဘာတို့ ပြောနေတာဟာ လွမ်းကောင်းအောင် ပြောတဲ့သဘောသာ ဖြစ်နေပါတယ်။ တကယ်တန်းပြောရရင် မြန်မာပြည်ဟာ ဘာရုပ်မှ မပေါက်သေးပါဘူး။

ဒီမိုကရေစီမှာ အားကောင်းတဲ့ အတိုက်ခံပါတီဆိုတာ ရှိရပါတယ်။ ဒါမှမဟုတ်ရင် ကမ္ဘောဒီးယားလို ဖြစ်နေပါလိမ့်မယ်။ ကမ္ဘောဒီးယားမှာ အပတ်တိုင်း ဟွန်ဆန် နိုင်လို့ ဝန်ကြီးချုပ်ဖြစ်ပါတယ်။ သူ့သားက ကြယ်နှစ်ပွင့်ဆိုလား ကြယ်သုံးပွင့် ဆိုလား ဗိုလ်ချုပ်ကြီး အဆင့်လို့ ဆိုပါတယ်။ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ကျောင်းဆင်းဖြစ်သလို၊ အင်္ဂလန် နိုင်ငံကနေ စီးပွားရေးဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့လည်း ရရှိခဲ့သူပါ။ ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတော်လို့ အခုအထိ မပြောနိုင်သေးပါ။ ဘာကြောင့်တုန်း ဆိုတော့ အထက်ကပြောခဲ့သလို အတိုက်ခံပါတီဆိုတာတွေကို တရားမျှတမှုနဲ့ အညီ ရှင်သန်ခွင့် မပေးထားတာကြောင့်ပါ။ အတိုက်ခံပါတီတွေ အားမကောင်းတော့ နောက်ဆုံးမှာ ရွေးကောက်ပွဲလုပ်တိုင်း အာဏာရလက်စ အစိုးရသာ ပြန်ပြီး အာဏာရတာ မဆန်းတော့သလို ဖြစ်နေပါတယ်။ အတိုဆုံးပြောရရင် ပါတီစုံ ဒီမိုကရေစီ သွားတဲ့လမ်းမှာ အင်အားကောင်းတဲ့ အတိုက်ခံဆိုတာ ရှိကို ရှိမှ ဟိုဖက်ဒီဖက် အစွန်းတွေကို ထိမ်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ ဒီနေရာမှာ အရှေ့တောင်အာရှ နိုင်ငံများအတွင်း အတော်လေး လွတ်လပ်ပွင့်လင်းလာတယ်လို့ ပြောနိုင်ပါတယ်။ သူတို့လည်း တချိန်တုန်းက ဗိုလ်ချုပ်ဟောင်း သမ္မတဆူဟာတိုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပိပြားနေခဲ့ရတဲ့ တိုင်းပြည်တခုပါ။ အင်ဒိုနီးရှားစစ်တပ်က ၂၅% ပါလီမန်မှာ အသားလွတ် ဝင်နေရာယူခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မှန်သမျှ သမ္မတ ဆူဟာတို လက်အောက်ကပဲ သွားရလေ့ရှိပါတယ်။ အဲတာကြောင့် သမ္မတ ဆူဟာတိုနဲ့ သူရဲ့ မိသားစု၊ သူတို့ စီးပွားဖက်တွေဟာ ရက်ရက်စက်စက် ချမ်းသာကြပါတယ်။ သမ္မတ ဆူဟာတိုရဲ့ ကြွယ်ဝမှုဟာ အမေရိကန် ဒေါ်လာ ၁၅ဘီလီယံ ကနေ ဘီလီယံ ၂ဝ ကျော်လောက်အထိ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ အဲသလောက် ချမ်းသာကြွယ်ဝပြီး သြဇာကြီးမားခဲ့တဲ့ အုပ်စုကြီးဟာ နောက်ဆုံးတော့ လူထုအုံကြွမှုကြောင့် အာဏာနေရာက ဆင်းပေး ခဲ့ရပါတယ်။ သူတို့ဟာ သူတို့ နောင်တတရားရလို့ ဆင်းပေးသွားတာ မဟုတ်ပါ။

ဆူဟာတို အာဏာက ဆင်းသွားပြီး နောက်တက်လာတဲ့ အင်ဒိုနီးရှား နိုင်ငံရေးခေါင်းဆောင် အဆက်ဆက်ဟာ အရပ်သားပဲ ဖြစ်ဖြစ် စစ်တပ်ကလာတဲ့သူပဲ ဖြစ်ဖြစ် တူညီတဲ့ အတွေးအမြင်တခု ရှိပါတယ်။ အဲဒီ အတွေးအမြင်ကလည်း အတွေ့အကြုံ များထဲက ရရှိလာတာပါ။ ဘာအတွေးအမြင်လည်းဆိုတော့ အင်ဒိုနီးရှားနိုင်ငံမှာ တိုင်းရင်းသား ပြဿနာကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းဖို့ လိုလာပြီဆိုတဲ့ အတွေးအမြင်ပါ။ သူတို့တိုင်းပြည်မှာ မတူကွဲပြားတဲ့ တိုင်းရင်းအုပ်စု လေးရာကျော် ရှိပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့ ဘာသာစကားတွေကို ပြောဆိုပါတယ်။ ကျွန်းပေါင်း မြောက်များစွာနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီ တိုင်းရင်းသား အုပ်စုတွေဟာ ပြန့်နှံ့ပြီးတည်ရှိပါတယ်။ မြန်မာပြည်မှာလို တဆက်တစပ်ထဲ ရှိတဲ့ မြေကြီးပေါ်မှာ ရှိတာမျိုးမဟုတ်ပါ။

တိုင်းရင်းသား ပြဿနာကို ကြေလည်အောင် ဖြေရှင်းဖို့ ပထမဆုံး လုပ်ရပ်ကတော့ ဆူဟာတိုလက်ထက်က အတင်းအဓမ္မ ချမှတ်ကျင့်သုံးခဲ့တဲ့ စစ်တပ်ဗဟိုပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပါတယ်။ နောက်သက်ဆိုင်ရာ တိုင်းရင်းသား အုပ်စု အသီးသီးနဲ့ စကားပြောပါတယ်။ စစ်စစ်မှန်မှန် ပြောတာပါ။ အခုမြန်မာပြည်မှာ လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်းဆိုရင် အင်ဒိုနီးရှားရဲ့ တိုင်းရင်းပြဿနာဟာ အခုအထိမပြောနဲ့ နောက်ဆယ်သက် ကြာတောင် ပြီးဦးမှာ မဟုတ်ပါ။ ဒီနေရာမှာ တွေ့ရတာက အင်ဒိုနီးရှား နိုင်ငံရေးခေါင်းဆောင်တွေရဲ့ တိုင်းပြည်ကောင်းစေဖို့ စေတနာကို ထင်ထင် ရှားရှား မြင်ရခြင်းပါ။ မြန်မာပြည်မှာလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်လိုက် တော်နေ သေနတ် ပြန်ပေါက်လိုက် ဆိုတာမျိုး မရှိခဲ့ပါ။ ဒါပေမဲ့ အင်ဒိုနီးရှားမှာတုန်းက ကြားထဲမှာ ဖျက်မြင်းတွေကလည်း ရှိနေတော့ အဲဒီ ကပျက်ကရက်တွေလည်း နှိမ်နင်းခဲ့ ရပါသေးတယ်။ တိုင်းပြည်ကောင်းစားဖို့ စေတနာလိုတယ် ဆိုတာကို ထောက်ပြ ချင်တာပါ။ စေတနာ မပါရင်၊ စေတနာမရှိရင် ဘယ်နည်းကို သုံးသုံး ဘယ်ဖော်မြူလာနဲ့ပဲ စခန်းသွားသွား အောင်မြင်မှာ မဟုတ်ပါဘူး။
ဟိုတရက် မြန်မာပညာရှင်တဦးဆိုသူက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ်အသစ်တခု လိုအပ် တယ်လို့ ဆိုတာကို ကြားလိုက်ပါတယ်။ ဒီပညာရှင်က မဲများသူအနိုင်ယူဆိုတဲ့ အရင် ရွေးကောက်ပွဲပုံစံဟာ မြန်မာပြည်ရဲ့ အရွေ့ကို အနှောက်အယှက် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ ပီအာစနစ်နဲ့ ရွေးကောက်ပွဲကို သွားမှာလား ဆိုတော့လည်း အဲဒီအတိုင်း သွားသင့်တယ်လို့ တိတိကျကျ ပြောကြားခြင်း မရှိပါ။ ဒါပေမဲ့ ပီအာစနစ်ကို စိတ်အတော် ယိုင်ပုံတော့ ပေါက်ပါတယ်။ အဆိုပါ ပညာရှင် ပြောချင်တဲ့ အဓိက အကြောင်းက နဂိုအသုံးပြုခဲ့တဲ့ မဲများသူအနိုင်ရတယ် ဆိုတဲ့ စနစ်ကို မကျင့်သုံးဖို့ အဓိကထားပြီး ပြောတာလို့ မြင်ပါတယ်။ အဲဒီတော့ ဆန်းစစ် ကြည့်ရင် မြန်မာပြည်ဟာ အင်္ဂလိပ် လက်ထက်ကနေ အခုအချိန်အထိ ကျင့်သုံးခဲ့တဲ့ မဲများသူအနိုင်ရတဲ့ စနစ်ကို စွန့်လွှတ်ပြီး တခါမှ မကျင့်သုံးဘူးတဲ့ စနစ်ကို အသုံးပြုဖို့ဆိုတာ အဆင့်သင်ဖြစ်မဖြစ် ဆိုတဲ့ ကိစ္စက အရေးကြီးလာပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ရှုံးနိုင်တဲ့ ပါတီကြီး တခုအတွက် ကိုယ်စားပြောပေး နေသလားလို့ မြင်မိပါတယ်။ တိုင်းပြည် တိုးတက်ရေးလို့ ပြောနေတဲ့အပိုင်းမှာ စေတနာ မရှိရင်၊ စေတနာ မပါရင် ဘယ်နည်းကိုသုံးသုံး တိုင်းပြည်တိုးတက် ငြိမ်းချမ်းမှာ မဟုတ်ဘူးလို့ အတိအလင်း ပြောလိုပါတယ်။

အခု လက်ရှိအာဏာရထားတဲ့ အစိုးရနဲ့ အာဏာတွေ အများကြီး ဆုပ်ကိုင်ခွင့်ရထားတဲ့ တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်က တိုင်းရင်းသား ပြဿနာကို ဘယ်လို ရှုမြင်ပါသလဲ။ လက်နက်ကိုင် သူပုန်တွေ၊ သောင်းကျန်းသူ တွေလို့ မြင်ထားပါသလား။ ဒါမှမဟုတ် နှစ်ပေါင်းများစွာ နစ်နာနေတဲ့ တိုင်းရင်းသား အခွင့်အရေးများအတွက် လှုပ်ရှား ရုန်းကန် နေသူတွေလို့ သဘော ထားသလား။ သူပုန်တွေ သောင်းကျန်းသူတွေလို့ မြင်နေဆဲ ဆိုရင်တော့ ချေမှုန်းပစ်မယ် ဆိုတဲ့ ဖက်က အားသာလိမ့်မယ်လို့ ထင်ပါတယ်။ ချေမှုန်းမယ်ဆိုတဲ့ အခံက ရှိနေဆဲဆိုရင်တော့ အခု မကြာမကြာ တွေ့ဆုံ နေကြတဲ့ ဆွေးနွေးပွဲ တွေဟာ အတုအယောင်သဘောသာ သက်ရောက် ပါလိမ့်မယ်။ သူတို့လည်း သူတို့အခွင့်အရေး အတွက် တိုက်ပွဲဝင်သူတွေလို့ သဘောထားနိုင်ပါမှ ဆွေးနွေးပွဲတွေဟာ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပါလိမ့်မယ်။ အခွင့်အရေးအတွက် တိုက်ပွဲဝင်သူ တွေလို့ မြင်ပါမှ တန်းတူရေးဆိုတာကို လက်ခံမှာ ဖြစ်ပါတယ်။

တန်းတူရေးကို လက်ခံပါမှ အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ အသက်ဝင်ပါလိမ့်မယ်။ အလုပ် ဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသားအရေးဟာ စစ်စစ်မှန်မှန် စေတနာ ရှေ့ထားပြီး ဖြေရှင်းရမယ့် အရေးလို့ သဘောပိုက် မိတယ်ဆိုရင် ရှေ့မှာ ရလဒ်ကောင်း တွေကို ဆုပ်ကိုင်မိမှာ ဖြစ်ပါတယ်။ အဲဒီကမှတဆင့် တိုင်းပြည်တစုံလုံး တိုးတက်ရေးကို နှောင့်နှေးစေတဲ့ ခရိုနီပြဿနာတွေ၊ အခွန်ရှောင်တာတွေ၊ အနိုင်ကျင့်တာတွေ၊ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ စနစ်ဟောင်းကို ကျင့်သုံး နေဆဲဖြစ်လို့ နိမ့်ကျနေတဲ့ ပညာရေး ကျန်းမာရေး စီးပွားရေး စတာတွေကိုပါ တဆက်ထဲ မြှင့်တင်နိုင်မှာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာတုန်းက အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ခရိုနီတိုင်းကို အရေးယူတာမျိုး မလုပ်ခဲ့ပါဘူး။ ဆူဟာတို လက်ထက်က ရုပ်ပျက်ဆင်းပျက် စားထားဝါးထားလို့ မဖြစ်မနေ အရေးယူရမယ့် သူမျိုးတွေကိုလောက်သာ ပြည်သူအများ ရှေ့မှောက်မှာ အရေးယူအပြစ် ပေးခဲ့တာပါ။ အင်ဒိုနီးရှားမှာ လုပ်ခဲ့ကိုင်ခဲ့တဲ့ နည်းနာက ညင်သာပါတယ်။
ရှေ့လာမယ့် အနာဂတ်အတွက် မြန်မာပြည်ရဲ့ အပြောင်းအလဲတွေ ဖြောင့်ဖြူးဖို့၊ လမ်းသာဖို့ အတွက် ဆောင်ရွက်မယ် ဆိုရင် ဆောင်ရွက်ရမယ့် နည်းလမ်းတွေကတော့ တိုင်းပြည်တစုံလုံးအပေါ်မှာ စေတနာ ရှိတယ်ဆိုတာကို ရိုးရိုးသားသား ဖော်ဆောင် ပြသဖို့သာ လိုပါတယ်။ မြန်မာပညာရှင်တဦး ပြောနေသလို ဟိုလိုလုပ်မှ ဒီလိုလုပ်မှ၊ ဟိုနည်းကိုသုံးမှ ဒီနည်းကို သုံးမှ အဆင်ပြေလိမ့်မယ်၊ အောင်မြင်လိမ့်မယ်ဆိုတာ မဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ စိတ်ကောင်း စေတနာမှန် ရှိဖို့သာ အဓိကလို့ ထပ်လောင်း ပြောလို ပါတယ်။

တချို့ကတော့ ပြောကောင်းပြောပါလိမ့်မယ်။ အပြောတော့လွယ်တယ် လက်တွေ့လုပ်ဖို့က မလွယ်ဘူး ဆိုတာမျိုးပါ။ မြန်မာ ပြည်ကြီး အမှန်တကယ် လမ်းကြောင်းမှန်ပေါ်ကို ရောက်စေချင်တယ်ဆိုရင် လုပ်ရမယ့် နည်းက ထူးဆန်းတဲ့နည်း မဟုတ်ပါဘူး။ ဘယ်နိုင်ငံခြားကမှလည်း တင်သွင်းလာစရာ မလိုပါဘူး။ အဲတာက ဘာတုန်းဆိုတော့ ဖျက်မြင်းတွေကို ဘေးချိတ် ထားလိုက်ပြီး လက်ရှိအစိုးရ ခေါင်းဆောင်တွေ၊ စစ်တပ်က ခေါင်းဆောင်တွေ၊ အရပ်သားနိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးစုပေါင်းပြီး ပထမအဆင့် စေတနာမှန်မှန်နဲ့ ဆွေးနွေးလိုက်ရင် အချိန်တိုတိုအတွင်းမှာ အားလုံးသာဓု ခေါ်နိုင်တဲ့ အဖြေတရပ်ကို ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ တွေ့ရှိမှာ ဖြစ်ပါကြောင်း။

ဇော်မင်း

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.