ရွက်မွန်စာမျက်နှာ

Wednesday, December 17, 2014

အားလုံးပြဿနာ ကိုယ်လည်းပါ

ဟို တနေ့က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကမ္ဘာကြီး ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးက ဦးဆောင်ပြီး အထူးသတိပေးတဲ့ အစည်းအဝေးကြီး ပြုလုပ်သွားခဲ့ပါတယ်။ ကမ္ဘာကြီး ပိုပိုပြီး ပူနွေးလာတဲ့ အခြေအနေကို ကမ္ဘာ့ခေါင်းဆောင်များ ဂရုပြုဖို့ တိုက်တွန်းတဲ့ ပွဲတခု ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ ကမ္ဘာကြီးပိုပူလာတော့ ဘာဖြစ်ရမှာတုန်း အခုလည်းပူတဲ့နေရာတွေက ပူနေတာပဲ၊ ဒါတွေကို အရေးလုပ်မနေနဲ့ ကိုယ့်စီးပွားရေးသာ ကိုယ်လုပ်ဆိုတဲ့ လူစားမျိုးတွေကတော့ ဒီကိစ္စကို ဂရုစိုက်မှာ မဟုတ်သေးပါဘူး။

ကနေ့ခေတ် ကမ္ဘာ့နိုင်ငံရေး စီးပွားရေး၊ ဒေသတွင်းနိုင်ငံရေး စီးပွားရေး၊ နိုင်ငံတခုအတွင်းက နိုင်ငံရေးစီးပွားရေး ကိစ္စတွေဟာ တကမ္ဘာလုံး ရာသီဥတု ပြောင်းလဲလာတာတွေနဲ့ ပိုပြီး ဆက်စပ်လာနေပါတယ်။ ဒါကို ငြင်းပယ်လို့ မရပါဘူး။ အခု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တင်ပြသတိပေးသွားတဲ့ အထဲမှာ အလွန်စိုးရိမ်ဖွယ်ရာ အချက်တွေ ပါပါတယ်။ ဒီအတိုင်းသာ လစ်လျှူ ရှုနေကြမယ်ဆိုရင် ပြောင်းလဲလာနေတဲ့ ကမ္ဘာ့ရာသီဥတုဟာ တချိန်မှာ ပြန်လည်ပြုပြင်လို့ မရတဲ့ အခြေအနေအထိ ဆိုက်ရောက်သွားမယ် ဆိုတာကိုပါ အလေးအနက် တင်ပြသွားပါတယ်။
ကမ္ဘာ့ရာသီဥတု အပြောင်းအလဲဟာ လူတိုင်းနဲ့ နိုင်ငံတိုင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီကိစ္စကြီး ဒို့ဆီတော့ လာမှာ မဟုတ်သေးပါဘူး ဆိုပြီး လိုက်နာသင့်တာတွေကို မလိုက်နာဘူးဆိုရင် နောင်မှာ ကျောချမှ ဓားပြမှန်းသိမယ့် အခြေအနေကို ရင်ဆိုင်ရပါလိမ့်မယ်။ ကမ္ဘာကြီး ပူနွေးသထက် ပူနွေးလာတာဟာ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဟန့်တားပါတယ်။ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပါတယ်။ ကျန်းမာရေး ကောင်းမွန်မှုကို ဆုတ်ယုတ်စေပါတယ်။ တချိန်ထဲမှာလည်း ပညာရေးနဲ့ တခြားသော လူမှုယဉ်ကျေးမှု ဖြစ်စဉ်တွေကိုပါ ဆုတ်ယုတ် ကျဆုံးစေပါတယ်။ တိုတိုပြောရရင် ကမ္ဘာကြီးရဲ့ ရာသီဥတု ပျက်စီးလာမှုကို ဒီအတိုင်းလွှတ်ထားရင် နောင်တချိန်မှာ လူတွေဟာ စားဝတ်နေရေးကလွဲလို့ ဘာကိုမှ ဦးစားပေးနိုင်တော့မှာ မဟုတ်ပါ။ စားဝတ်နေရေးအတွက် အလုအယက် ရှာဖွေရတဲ့ အခြေအနေကို ရောက်သွားနိုင် ပါတယ်။ အဲသလို အလုအယက် ရှာဖွေ ရတဲ့ အခြေအနေတွေကြောင့် ဘယ်သူကမှ ဘယ်သူ့ကို စာနာညှာတာ ထောက်ထားနိုင်ခြင်း မရှိတော့ပါ။

မိမိသက်ရှင်ရေးက ပထမ ဖြစ်လာတာကြောင့်ပါ။ အဲတာတွေရဲ့ အကျိုးဆက်အဖြစ် လောကပါလတရား ဆိတ်သုဉ်း လာပါလိမ့်မယ်။ ဒါ့အတွက် တရားမျှတမှု ဆိုတာ လူ့အဖွဲ့အစည်းအတွင်း တည်ရှိမနေနိုင်တော့ပါ။ ဒီမိုကရေစီ ဆိုတာလည်း ဘေးချိတ်ထားရမယ့် အရာ ဖြစ်လာပါ လိမ့်မယ်။

အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေက နိုင်ငံရေးအရ အာဏာချိန်ခွင်ကို မောင်ပိုင်စီးဖို့ အားထုတ်နေမှုက များနေ တယ်လို့ ဆိုရပါလိမ့်မယ်။ အာဏာလက်ဝယ် ရှိထားသူက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားမပေးဘဲ နောက်ထပ် အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်ဖို့အတွက် အားထုတ်နေမှုများကသာ လွှမ်းမိုးနေပါတယ်။ အတူတကွ ပူးပေါင်း ဆောင်ရွက်ရေးဆိုတဲ့ ကိစ္စကို ပစ်ပယ်ထားတယ်လို့ ပြောပါရစေ။ ထိုနည်းတူ သဘာဝဝန်းကျင် ပျက်သုဉ်းတဲ့ ကိစ္စများ ကိုလည်း လစ်လျှူရှုနေပါတယ်။ တိုင်းပြည်တခု တိုးတက်ဖို့ဆိုတာ အာဏာရအစိုးရ တခုထဲက ဆောင်ရွက်လို့မရပါ။ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ခွင့် ရမှာသာ တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ အာဏာရအစိုးရဟာ ကမ္ဘာကြီးမှာ ရာသီဥတုဖောက်ပြန်လာတာ၊ မိမိဒေသတွင်းမှာ ရာသီဥတု ဖောက်ပြန်လာလို့ ဆုတ်ယုတ်မှုတွေက ရှိနေတာကို ဂရုစိုက်ပုံ မပေါ်ပါ။ အထက်ကပြောသလို ဒါတွေ ဒို့နဲ့ အဝေးကြီးလို့ ထင်နေဟန် ရှိပါတယ်။ ဒါ့အပြင် မိမိ နိုင်ငံအတွင်းမှာပဲ သစ်တောတွေ အပါအဝင် သဘာဝသယံဇာတတွေကို အလုံးအရင်းနဲ့ ထုတ်ယူနေဆဲပါ။ ဒီလို လုပ်ရပ်တွေဟာ တကမ္ဘာလုံးကို အသာထား၊ မိမိနိုင်ငံအတွင်းမှာ လက်ဦးဆုံး ရာသီဥတုကို ဖောက်ပြန် ပြောင်းလဲ စေတယ်လို့ သတိထားမိပုံလည်း မရပါ။ နားမလည်ဘူးလို့ ဆိုရင်ပိုပြီး မှန်ပါလိမ့်မယ်။

ကမ္ဘာကြီး ဘာကြောင့် ရာသီဥတု ပြောင်းလာပါသလဲ။ ဘာကြောင့် ပိုပြီး ပူသထက်ပူလာတာလဲ။ အဲသလို ပူနွေးလာတဲ့ အကျိုးဆက်နောက်မှာ ဘာတွေဖြစ်လာမလဲဆိုတာ အကျဉ်းရုန်းလောက် ပြောပါရစေ။

သစ်တောတွေကို အလွန်အကျွံ ခုတ်ယူတာ၊ ရေနံကထွက်တဲ့ လောင်စာတွေကို အလွန်အကျွံ သုံးစွဲလို့ လေထုထဲမှာ ကာဗွန် ဒိုင်အောက်ဆိုဒ် များလာတာ၊ ကျောက်မီးသွေးကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်ယူတာကြောင့် ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်တွေ လေထုထမှာ များလာတာ၊ မြစ်ကြောင်းတွေကို ပိတ်ပြီး ဆည်ဆောက်တာကြောင့် သဘာဝအတိုင်း စီးဆင်းနေတဲ့ ရေလမ်းကြောင်းတွေ ပြောင်းကုန်တာ၊ မြေပေါ်မြေအောက် ရေအရင်းအမြစ်ကို ပမာဏကြီးမားလွန်းတဲ့ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေအတွက် လိုအပ်တာထက် ပိုပြီး အလွန်အကျွံ သုံးစွဲလာတာ၊ ဒီအချက်တွေဟာ ကမ္ဘာကြီး ပိုပြီး ပူနွေးလာဖို့အတွက် လူတွေဖက်က ဖန်တီးတဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာတော့ ဘာဖြစ်သလဲ။ ဝင်ရိုးစွန်းက ရေခဲတွေ တစတစနဲ့ အရည်ပျော်လာပါတယ်။ ရေခဲတောင် ဒေသ များက နှင်းခဲတွေ သဘာဝထက် ပိုပြီး ပျော်ဆင်းလာပါတယ်။ ဒါကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာစေပါတယ်။ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာတော့ ကျွန်းနိုင်ငံလေးတွေ ရေမြုပ်လာမယ့် အရေးကို ရင်ဆိုင်ရပါတယ်။ တဆက်ထဲမှာလည်း ပင်လယ်ကမ်းရိုတန်း မြစ်ဝကျွန်းပေါ်ဒေသတွေ အမြဲတန်း ရေလွှမ်းခံရမယ့် အရေးကိုလည်း ရင်ဆိုင်ရပြန်ပါတယ်။ မြစ်ဝကျွန်းပေါ် ဒေသဆိုတာ ယေဘုယျအားဖြင့် စိုက်ပျိုးရေး ထွန်းကားထဲ့ အရပ်တွေပါ။ စိုက်ပျိုးရေး ထိခိုက်လာမယ်လို့ ပြဆိုတဲ့ သဘော ဖြစ်ကြောင်း ပြောနိုင်ပါတယ်။

ကမ္ဘာကြီး ပူနွေးလာတယ်ဆိုတော့ နေရာတိုင်း ဒေသတိုင်း ပိုပြီး ပူလာတယ်၊ ပိုပြီး မိုးခေါင်လာတယ်လို့ ထင်ရင်မှားပါ လိမ့်မယ်။ ဖန်လုံအိမ်အပူဓာတ်လို့ တင်စားခေါ်ဝေါ်တဲ့ အပူချိန်မြင့်တက်လာခြင်းရဲ့ နောက်ဆက်တွဲကြောင့် အနာဂတ်မှာ ရင်ဆိုင်ရမယ့် ကိစ္စများကိုတော့ ကျွမ်းကျင်သူ ပညာရှင်များက ဒီအတိုင်းထောက်ပြထားပါတယ်။

ကမ္ဘာကြီး ပိုမိုပူနွေးလာတာကြောင့် ပုံမှန်အားဖြင့် မိုးခေါင်လေ့ရှိတဲ့ တချို့ဒေသတွေမှာ ပိုပြီး မိုးခေါင်တာကို ရင်ဆိုင်ရပါ လိမ့်မယ်။ ပုံမှန်အားဖြင့် မိုးခေါင်တဲ့ တချို့ဒေသတွေမှာတော့ ပိုပြီးမိုးခေါင်ရမယ့်အစား ပိုပြီးမိုးများလာပြီး ရေကြီးတဲ့ဘေးကို ရင်ဆိုင် ရပါလိမ့်မယ်။

ပုံမှန်အားဖြင့် မိုးကောင်းတဲ့ ဒေသတချို့မှာ မိုးခေါင်လွန်းတဲ့ ပြဿနာကို ရင်ဆိုင်ရပါလိမ့်မယ်။ ပုံမှန်အားဖြင့် မိုးကောင်းတဲ့ တချို့ဒေသတွေမှာ အလွန်အကျွံမိုးများတဲ့ ပြဿနာကို ထပ်ပြီးတွေ့ရပါလိမ့်မယ်။ အေးမြတဲ့ ရာသီဥတုရှိတဲ့ ဒေသတချို့ မှာတော့ သဘာဝအတိုင်း ရှိတတ်တဲ့ အအေးဓာတ် လျှော့ကြလာပြီး ပိုပူလာပါလိမ့်မယ်။ အေးမြတဲ့ ရာသီဥတုရှိတဲ့ ဒေသတချို့မှာတော့ ပိုပူမလာဘဲ ခါတိုင်းထက် ပိုအေးလာပြီး နှင်းတွေပိုကျဆင်းလာတာကြောင့် အအေးဓာတ် အလွန်အကျွံ မြင့်တက်လာတာမျိုးကို ရင်ဆိုင်ရပါလိမ့်မယ်။

ကမ္ဘာ့လေထုထဲမှာ အပူရှိန်မြင့်တက်နေတာကြောင့် လေဖိအားနည်း ရပ်ဝန်းတွေ ပိုပြီးပေါ်ပေါက်လာပါလိမ့်မယ်။ လေဖိအားနည်း ရပ်ဝန်းတွေထဲကို လေဖိအားများတဲ့ ဒေသက လေထုက အစားထိုး ဝင်ရောက်လာတဲ့ အခါမှာ မုန်တိုင်းတွေ မျိုးစုံဆိုသလို ဖြစ်ပေါ်လာပါတယ်။ ဒီအကျိုးဆက်ကြောင့် ကျွန်းနိုင်ငံများနဲ့ ပင်လယ်ကမ်းရိုးတန်းဒေသတွေ မုန်တိုင်းဒဏ်ကို ခါတိုင်းထက် ပိုပြီး ခံလာရဖွယ် ရှိပါတယ်။

ဒီလိုအချက်အလက်တွေကို ပြန်ကြည့်လိုက်တဲ့အခါ နိုင်ငံတွေ၊ လူတွေအတွက် အနာဂတ်မှာ နစ်နာဖို့ထိခိုက်ဖို့ရာက ပိုပို များလာတယ်လို့ ဆိုနိုင်ပါတယ်။ အဲသလို မထိခိုက်ဖို့ မနစ်နာဖို့အတွက် အခုကထဲက သတိထားဖို့၊ လိုအပ်တာတွေ ပြင်ဆင်ဖို့၊ နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ ကမ္ဘာကြီး နောင်မှာ ဒီထက်ဒီ ပိုပူနွေးလာမယ့် ကိစ္စအရပ်ရပ်ကို လျှော့ချဖို့ ဆိုတာ ဖြစ်လာ ပါတယ်။ အဲသလို လျှော့ခြဖို့ ပြောကြတော့ ပြဿနာက ဒီမှာ စလို့ ဒီမှာ ဆုံးတယ်လို့ ဆိုရဦးမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကနေ့ ကမ္ဘာ့ချမ်းသာတဲ့ နိုင်ငံကြီး အတော်များများရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အပူဓာတ် ထုတ်လွှင့်တဲ့ လုပ်ငန်းတွေက အများစုလို ဖြစ်နေတာကြောင့်ပါ။ အပူဓာတ်လျှော့ချဖို့ ဒီလုပ်ငန်းတွေကို ရပ်တန့်ပစ်ဖို့ကလည်း ခက်နေပါတယ်။ ရပ်လိုက်ရင် စီးပွားရေးထိခိုက်ကျဆင်းမယ်ဆိုတဲ့ အခြေအနေကို ရင်ဆိုင်ရမှာ ဖြစ်တာကြောင့်ပါ။ ဒါက ချမ်းသာတဲ့ နိုင်ငံတွေရင်ဆိုင်ရမယ့် ကိစ္စများ ဖြစ်ပါတယ်။ မြန်မာအပါအဝင် ဆင်းရဲတဲ့ နိုင်ငံများကတော့ အပူဓာတ် တိုက်ရိုက် ထုတ်လွှင့်တဲ့ စက်ရုံတွေ လုပ်ငန်းတွေ များများစားစား မရှိသေးပေမယ့် သစ်တောကို ခုတ်ရောင်းတာရယ် သဘာဝ သယံဇာတတွေ လက်လွတ်စပါယ် ထုတ်ယူတဲ့ နေရာမှာတော့ သူမတူအောင် မြန်ဆန်လွန်းတယ်လို့ ပြောရပါလိမ့်မယ်။

ကနေ့ စီးပွားရေအရ အနောက်နိုင်ငံတွေနဲ့အတူ အလျှင်အမြန် တိုးတက်လာနေတဲ့ တရုတ်နိုင်ငံဟာ အဲဒီ စီးပွားရေး တိုးတက်မှုအတွက် လုပ်ရင်းလုပ်ရင်း ပြန်ပေးဆပ်နေရတာတွေ ရှိလာပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ သတိမထားဘဲ လုပ်ကိုင်ရင် ရေရှည်မှာ ဆိုးကျိုးတွေကိုလည်း သယ်ဆောင်လာတယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။ တရုတ်ပြည်ဟာ ဒီလို ဆိုးကျိုးတွေကို စတင်ရင်ဆိုင် နေရပါတယ်။ ဥပမာ တခုလောက်ပြောရရင် တရုတ်ပြည်မှာ သဲကန္တာရတွေဟာ ပိုပြီး ကျယ်ပြန့်လာနေပါတယ်။ တရုတ်ပြည်ရဲ့ အနောက်ဖက် ပြည်နယ်တွေမှာ ရေကိုစိုက်ပျိုးရေးအတွက် အလွန်အကျွံ သုံးခဲ့လို့ မြေပေါ်ရေ ကုန်သလောက်နီးနီး ဖြစ်နေတဲ့အပြင် မြေအောက်ရေပါ ခမ်းခြောက်လာနေတာကို ရင်ဆိုင်နေရပါပြီ။ နောက် ပီကင်းမြို့ရဲ့ အစွန်ဟာ သဲကန္တရနဲ့ ကီလိုမီတာ ၇ဝ လောက်သာ ဝေးပါတော့တယ်။ မိုင်နဲ့တွက်မယ် ဆိုရင် ၄၅ မိုင် လောက်သာ ဝေးပါတော့တယ်။ တရုတ်ပြည်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြီးရင် ဒုတိယ သို့မဟုတ် တတိယ အများဆုံးနိုင်ငံလို့ ဆိုနိုင်ပါတယ်။

မြန်မာပြည်မှာကော အခြေအနေကောင်းရဲ့လား။ မကောင်းပါ။ တနှစ်တနှစ် မိုးဖျက်လို့ ပျက်တဲ့စိုက်ခင်းတွေ၊ မိုးခေါင်လို့ ပျက်တဲ့ စိုက်ခင်းတွေ တစတစများလာနေပါတယ်။ ဒီကြားထဲ လူဖျက်လို့ အပျက်ခံရတာတွေလည်း မနည်းလှပါ။ ဘယ်သူဖျက်လို့ ပျက်တာလည်း ဆိုတာကိုတော့ မြန်မာနိုင်ငံသားများ သဘောပေါက်ပါတယ်။ အားလုံးရင်ဆိုင်နေတဲ့ ပြဿနာထဲမှာ ကိုယ်လည်း ပါနေတာကြောင့် နိုင်ငံတကာက ဆော်သြောနေတဲ့ ကမ္ဘာကြီး ရာသီဥတု ပြောင်းလာတဲ့ ကိစ္စရပ်တွေမှာလည်း မြန်မာနိုင်ငံက အမြင်ကျယ်ကျယ်နဲ့ တတပ်တအား ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပြီလို့ ပြောလို ပါကြောင်း။

ဇော်မင်း
၃ ရက် နိုဝင်ဘာလ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.