ရွက်မွန်စာမျက်နှာ

Tuesday, December 23, 2014

တရားမျှတမှု ကင်းမဲ့တဲ့တိုင်းပြည်

ရားမျှတမှု ကင်းမဲ့နေတဲ့ လူ့အဖွဲ့အစည်းတခုအတွက် တိုးတက်ဖို့ ဖွံ့ဖြိုးဖို့ဆိုတာ ဘယ်လိုမှလွယ်ကူတဲ့ ကိစ္စမဟုတ်ပါ။ ဘာကြောင့် တရားမျှတမှု ကင်းမဲ့ရတာလဲ။ တရားမျှတမှု ကင်းမဲ့ရတဲ့ အဓိက ရေသောက်မြစ်ပြဿနာကတော့ အုပ်ချုပ်သူ အစိုးရ ကိုယ်တိုင်က တရားမျှတမှုကို ထည့်သွင်းစဉ်းစားခြင်း မပြုတာကြောင့်ပါ။ တရားမျှတမှုကို လက်ခံလိုက်နာ ကျင့်သုံးဖို့ ဆိုတာကတော့ ဝေးပါသေးတယ်။ တရားမျှတမှု ကင်းမဲ့ရတဲ့ နောက်ထပ်တချက်ကတော့ ကိုယ့်ဖက်က အမြဲတန်း အသာရလိုမှု အနိုင်ရလိုမှုတွေကြောင့် တရားမျှတမှုကို မျက်ကွယ်ပြုရာကနေ နောက်ဆုံးတော့ လုပ်ချင်ရာလုပ် ကိုယ်မရှုံးရင် ပြီးစတမ်းဆိုတဲ့ အခြေကို ဆိုက်တော့တာပါပဲ။

အရပ်သားအစိုးရပဲ ဆိုဆို၊ စစ်အစိုးရပဲ ဖြစ်ဖြစ် တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က မတရားတာတွေကို တန်းစီပြီး လုပ်နေမှတော့ အုပ်ချုပ်ခံ လက်နက်မဲ့ နိုင်ငံသားတွေအဖို့ လက်ပိုက်ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ကြပါ။ မြန်မာပြည်ဟာ တရားလက်လွတ် လုပ်ချင်သလိုလုပ် ပြုမူချင်သလို ပြုမူနေတဲ့ အစိုးရအဆက်ဆက်အောက်မှာ ရောက်နေခဲ့တာ နှစ်ပေါင်း ၅ဝ ကျော်ပါပြီ။
၁၉၆၂ မှာ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပါတယ်။ ဘယ်သူ့ဆီက သိမ်းတာလဲ။ ပြည်သူတွေက ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပြီး ရွေးကောက်ထားတဲ့ အရပ်သားအစိုးရဆီကနေက သေနတ်ထောက်ပြီး သိမ်းတာဖြစ်ပါတယ်။ ဒါဟာ မတရားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်နက်ရှိတဲ့သူက လုပ်ချင်ရာလုပ်တာ မတရားလုပ်တာကို လက်နက်မဲ့သူတွေ ထိုင်ကြည့်ယုံက လွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ တည့်တည့်ပြောရရင် ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရတရပ်ကို စစ်တပ်အားကိုးနဲ့ အာဏာသိမ်းတယ်ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒကို မတရားသဖြင့် မျက်ကွယ်ပြုတာဖြစ်သလို အနိုင်ကျင့်တယ်ဆိုရင်လည်း မမှားပါဘူး။

၁၉၇၄ ကွန်စတီကျူးရှင်းလို့ လူသိများတဲ့ ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း နိုင်ငံသားအများစု ဆန္ဒမပါဘဲ အတည်ပြုခဲ့ပါတယ်။ လူတွေဟာ အဲဒီအချိန်တုန်းက ဆိုရှယ်လစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့ ကြိုက်ကြောင်း မကြိုက်ကြောင်း ဘာဆိုဘာမှ ဝေဖန်ခွင့် ထောက်ပြခွင့် မရှိခဲ့ပါ။ ဒီပုံးထဲမှာ ဒီမဲကိုထည့်လိုက် ဆိုတာမျိုးနဲ့သာ ပြီးသွားခဲ့ ပါတယ်။ ဒါဟာ မတရားသဖြင့် အနိုင်ကျင့်တာဖြစ်ပါတယ်။ တရားမျှတမှုကို ချိုးဖောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့သဘောနဲ့သူတို့ မြန်မာပြည်ကို တိုင်းနဲ့ပြည်နယ် ၁၄ ခုဆိုပြီး ခွဲခြားသတ်မှတ်ပါတယ်။ တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောထားကို ကောက်ခံခြင်း ဆန္ဒယူခြင်း စသဖြင့် ဒါမျိုးတွေ တခုမှလုပ်ခဲ့တာ မရှိဘဲ စစ်ခေါင်းဆောင်များက သူတို့ လုပ်ချင်သလို မတရားလုပ်ခဲ့တာပါ။

၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီး အပြီး ပါတီတွေ ထောင်ခွင့်ပြုခဲ့ပါတယ်။ စစ်အစိုးရရဲ့ ပေးထားတဲ့ ကတိကဝတ်အတိုင်း ၁၉၉ဝ မှာ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးကျင်းပပါတယ်။ အန်အယ်ဒီက အပြတ်အသတ်အနိုင်ရပါတယ်။ တိုင်းရင်းသားနယ်မြေ တွေမှာလည်း တိုင်းရင်းသားပါတီတွေ အနိုင်ရကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရက သူတို့ မူလတုန်းက ကတိပေးထားသလို ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုတာကို ချိုးဖောက်ပါတယ်။ အရွေးချယ်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ အစိုးရ ဖွဲ့ခွင့် မရပါ။ လွှတ်တော်ခေါ်ယူခွင့် မရခဲ့ပါ။ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုခဲ့ပါ။ ဒါဟာ လက်နက် အားကိုးနဲ့ တဖက်သတ် အနိုင်ကျင့်တာဖြစ်သလို တရားမျှတမှုကင်းမဲ့တယ် ဆိုတာကို တိုက်ရိုက်မီးမောင်း ထိုးပြတာနဲ့ အတူတူပါပဲ။ ပြည်သူတွေပေးခဲ့တဲ့ မဲတွေဟာ အဟောသိကံ ဖြစ်ခဲ့ရပါတယ်။
နောက်တော့ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ တာဝန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေးသာ ဖြစ်တယ်လို့ စစ်တပ်က လမ်းကြောင်းချပေးပြန်ပါတယ်။ ညောင်နှစ်ပင်ညီလာခံလို့ လူသိများတဲ့ ဖွဲ့စည်းပုံရေးဆွဲရေး ဖြစ်စဉ် တလျှောက်လုံးမှာ ကိုယ်စားလှယ်များဟာ အထက်က ဗိုလ်ချုပ်ကြီးများ ရေးပေးထားတဲ့ ရယ်ဒီမိတ် စာတန်းတွေကိုပဲ ပျင်းရိဖွယ် ဖတ်ကြားနေရ ပါတယ်။ ပြည်သူ့အသံ နိုင်ငံသားတွေရဲ့ အသံဆိုတာ တလုံးတပါဒမှ မကြားရပါ။ မတရား လိုက်ပုံများကတော့ အဲသလောက်တောင် ဖြစ်ခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ်ရောက်တော့ မေလထဲမှာ နာဂစ်မုန်တိုင်းတိုက်ပါတယ်။ လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးပြီး လူပေါင်း နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံတကာက ကူညီမယ်ဆိုပြီး ကမ်းလှမ်းလာတာတွေကို အလောင်းပုံတွေ ရှေ့ထားပြီး တွင်တွင် ငြင်းပယ်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ ၂ဝဝ၈ ဖွဲ့စည်းပုံကို မရမက အတည်ပြုပါတယ်။ ဒါကြောင့် လူတွေက အခုလက်ရှိ ဖွဲ့စည်းပုံကို နာဂစ်ဖွဲ့စည်းပုံလို့ ခေါ်ကြတာပါ။ စစ်အစိုးရ အပြောအရ နာဂစ်ဖွဲ့စည်းပုံကို တောင်ပေါ်မြေပြန့် မြန်မာနိုင်ငံသား ၂၄ သန်းက တခဲနက် မဲပေးပြီး ထောက်ခံအတည်ပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ကြိုတင်မဲတွေက သန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။ ဦးရွှေမန်း အပြောမျိုး ပြောရရင် မြန်မာပြည်မှာ လူဦးရေ ၅၁ သန်း ရှိတာ ၂၄ သန်းမဲပေးတယ် ဆိုပေမယ့် ၂၇ သန်းရဲ့ သဘောထားကိုကော ထည့်သွင်းစဉ်းစားဖို့ လိုတာပေါ့။

နောက်တချက်က နာဂစ်ဖွဲ့စည်းပုံအရ စစ်တပ်က ပါလီမန်မှာ အလိုအလျှောက် ၂၅ ရာခိုင်နှုန်း နေရာယူထားနိုင်တယ် ဆိုတာကလည်း တဖက်သတ် အနိုင်ကျင့်တာ မဟုတ်ဘူးလား။ မတရားလုပ်ထားတာ မဟုတ်ဘူးလား။
ဘာဖြစ်လို့တုန်းဆိုတော့ မျိုးစောင့်ဥပဒေ ထွက်လာဖို့ လက်မှတ်ကောက်တာ တသန်းငါးသိန်းလောက် ရတယ်လို့ ဆိုပါတယ်။ အဲဒီတသန်းငါးသိန်းရဲ့ ဆန္ဒအရ လွှတ်တော်မှာ မျိုးစောင့်ဥပဒေ အတည်ဖြစ်ဖို့ ဆက်ဆောင်ရွက်ဖို့ သမ္မတကလည်း ညွှန်ကြား ခဲ့ပါတယ်။ သူတို့စကားနဲ့ ပြန်ပြောရရင် မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းရှိနေတာပဲ။ တသန်းကျော် လက်မှတ်နဲ့ ကိစ္စတခုကို ဥပဒေအထိသတ်မှတ် ပြဌာန်းဖို့ လုပ်တာဟာ တရားပါ့မလား။ ၄၉ သန်းကျော်ရဲ့ သဘောထားကို သိဖို့ လိုသေးတာပေါ့။

ဘာကြောင့် ဒီလိုပြောရတာတုန်းဆိုတော့ အန်အယ်ဒီ၊ ပွင့်လင်းအဖွဲ့တွေက နာဂစ်ဖွဲ့စည်းပုံပြင်ဆင်ဖို့ လူထုဆီက လက်မှတ် ကောက်တော့ ငါးသန်းလောက် ရတယ်လို့ သိရပါတယ်။ အဲဒီငါးသန်းဟာ လူဦးရေ ၅၁ သန်းလုံးကို ကိုယ်စားမပြုဘူးလို့ ဦးရွှေမန်းက ပြောပြန်ပါတယ်။ အဲသလိုဆိုရင် မျိုးစောင့် ဥပဒေထွက်လာဖို့ အတွက် လက်မှတ်တသန်းကျော် ရလာတာ ကိုတော့ အသိအမှတ်ပြုပြီး လွှတ်တော်ထဲအထိ ယူလာတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် လက်မှတ်ငါးသန်း ကိုတော့ လစ်လျှူရှုတယ်ဆိုတာ မတရားလုပ်တာ မဟုတ်ဘူးလား။ အနိုင်ကျင့်တာ မဟုတ်ဘူးလား။ တရားမျှတမှု ကင်းမဲ့တာ မဟုတ်ဘူးလား။

နောက်ရှိပါသေးတယ်။ ဟိုတရက်ကပဲ ဦးရွှေမန်းက ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ လယ်သမားကိစ္စ မြေကိစ္စ တွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ဆိုပြီးပြောထားပါတယ်။ ဒီလယ်သမားတွေရဲ့ မြေတွေကို သိမ်းယူတာ စစ်တပ်က သိမ်းခဲ့တာ။ နောက် ခရိုနီတွေနဲ့ လက်ဝါးရိုက်ပြီး ဝေစားခဲ့တာ။ နဂိုကထဲက စစ်တပ်က သေနတ်မိုးပြီး သိမ်းထားတဲ့ မြေတွေယာတွေ တောင်သူတွေ လက်ထဲပြန်ရောက်ဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ တိုင်းဒေသကြီး အစိုးရများနဲ့ ပြည်နယ် အစိုးရတွေ စစ်တပ်အာဏာကို ဘယ်လိုလုပ်ကျော်ပြီး မြေတွေကိုပြန်ယူလို့ ရနိုင်ပါ့မလဲ။ မဖြစ်နိုင်တာကို လူကြား ကောင်းအောင် ပြောတာလို့ပဲ မြင်ပါတယ်။ ဥပမာ တခုလောက်ပဲ ပြောပါ့မယ်။ သမ္မတကြီး ပိုင်ဆိုင်တဲ့ နေပြည်တော်ဖက်က လယ်ဧက ငါးရာကျော်ဟာ နဂိုက ဘယ်သူပိုင်တာလဲ။ လွှတ်တော်ထဲက ပြောနေကြ ပုံစံအတိုင်း ပြောရမယ်ဆိုရင် အဲဒီ မြေတွေကိုကော မူလ တောင်သူတွေလက်ထဲ ပြန်ပေးဖို့ အစီအစဉ် ရှိမရှိ မေးလိုပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးစကား ပြောနေတဲ့ ကိစ္စမှာလည်း မတရားတာတွေ မြင်ရပြန်ပါတယ်။ အတော် စောစောတုန်းက ဟုတ်မလိုလို ဖြစ်ခဲ့တာတွေ နောက်ကြောင်းပြန်ဆိုက်ပါတယ်။ တိုင်းရင်းသားတွေ တင်ပြတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေး၊ တန်းတူရည်တူ ဖြစ်ရေးတွေ အခုတော့ ဘယ်နေမှန်းမသိတော့ပါ။ တိုက်ပွဲတွေလည်း နေရာ တော်တော်များများမှာ ဆက်ဖြစ်နေတယ်။ ဖက်ဒရယ်တပ်မတော်ဆိုတာ မလိုအပ်ဘူးလို့ ကာချုပ်ကလည်း ပြောပြန်တယ်။ အခုလက်ရှိ တပ်မတော်ဟာ တိုင်းရင်းသားအားလုံး ပါတဲ့ တပ်မတော်လို့ ကာချုပ်က ဆိုပါတယ်။ သူကိုယ်တိုင်လည်း ထားဝယ်ကလို့ ဆိုပြန်ပါတယ်။ ဒီလိုပြောတာကြောင့် မေးခွန်းတခု ပေါ်လာပါတယ်။ ထားဝယ်ဆိုတာ နောက်ထပ် သီးခြား တိုင်းရင်းသားတမျိုးလား။ မနုဿဗေဒ ပညာအရ ဆိုရရင် ထားဝယ်ဆိုတာ မြန်မာစကားပြောတဲ့ မြန်မာတမျိုးပါ။ အထက်ဖက်က မြန်မာစကားသံနဲ့ အသံထွက်ကွဲလွဲတာကြောင့် နောက်ထပ် တိုင်းရင်းသားတမျိုးလို့ ကာချုပ်က ပြောလိုဟန် ရှိပါတယ်။ ဒိုင်ယာလက် ကွဲတာနဲ့ ဘာသာစကား သီးခြားစီကွဲပြား တာကို ကာချုပ်အနေနဲ့ သိဟန်မတူပါဘူး။

ခြုံပြောရရင် မြန်မာပြည်သားတွေဟာ တရားမဲ့မှုတွေကို ရင်ဆိုင်နေရတာ ရာစုနှစ် တဝက်ကျော်ပါပြီ။ တရားလက်လွတ် အနိုင်ကျင့်တာတွေကို ကြုံတွေ့နေရဆဲပါ။ တရားမျှတမှုကို ကျင့်သုံးမှုမရှိတဲ့ အစိုးရအဆက်ဆက် အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ တရားမျှတမှု ကင်းမဲ့နေတာကြောင့် နောင်မှာလည်း တရားမျှတတဲ့ လုပ်ရပ်တွေ တည်ရှိပေါ်ပေါက်လာဖို့ ဆိုတာက ဝေးနေဦးမှာပါ။ တရားမျှတမှုကို မျက်ကွယ်ပြုပြီး ကိုယ်နိုင်ရင် ပြီးစတမ်းဆိုတဲ့ အမူအကျင့်တွေကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲ ဟာလည်း လွတ်လပ်ပြီးတရားမျှတဖို့ မဖြစ်နိုင်ပါကြောင်း။

ဇော်မင်း
၁၇ ရက် ဒီဇင်ဘာလ ၂ဝ၁၄ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.