ရွက်မွန်စာမျက်နှာ

Monday, January 12, 2015

မြန်မာဗိုလ်ရှုခံပွဲနဲ့ အိန္ဒိယအမျိုးသားနေ့

နှစ်
ဟောင်းတခု ကုန်ခဲ့လို့ နှစ်သစ်တခုကို ကူးခဲ့ပြန်ပါပြီ။ နှစ်သစ်တခုကို ကူးပြောင်းတိုင်း မိတ်ဆွေတွေ သူငယ်ချင်းတွေ အကြားမှာ ကောင်းမွန်တဲ့ အောင်မြင်တဲ့ နှစ်သစ်နောက်တခုဖြစ်ဖို့ ဆုတောင်းကြတာကလည်း ရိုးရာတခုလို ဖြစ်နေခဲ့ပါပြီ။ လူတဦးက သူ့ရဲ့ မိတ်ဆွေတဦးအတွက် အဲသလို ဆုတောင်းပေးကြတာ ကောင်းမွန်တဲ့ အလေ့အကျင့်လို့ ဆိုရမှာပါပဲ။ အဲတာ အပြင် လူတဦးက အခက်အခဲတွေ့နေတဲ့ နောက်ထပ်လူတဦးကို တသီးပုဂ္ဂလသဘောမျိုးနဲ့ ကူညီတာ ပံ့ပိုးတာက မြင်လွယ်တဲ့ ကိစ္စတခုဖြစ်သလို အကူအညီအပေးခံရတဲ့ သူအတွက်လည်း အကျိုးရှိပါတယ်။ ဒါက နှစ်သစ်တခု ကူးပြောင်းတာနဲ့ ပတ်သက်လို့ ဆုတောင်းကြတဲ့ ကိစ္စကို ရိုးရှင်းစွာ မြင်မိတာပါ။

အဲသလိုဆိုရင် နိုင်ငံတခုအတွက်ကော နှစ်သစ်အကူးမှာ ကောင်းမွန်လာဖို့ ဆုတောင်းပေးရင် ဆုဆောင်းပြည့်နိုင် ပါ့မလားလို့ စဉ်းစားမိပါတယ်။ လူတဦးချင်းစီက တဦးစီ၊ မိတ်ဆွေတဦးစီကနေ နောက်တဦးစီ ဆုမွန်ကောင်းတောင်းကြ လိုအပ်သလို ဝိုင်းဝန်းကူညီကြတာက တမျိုးတဘာသာဆောင်တဲ့ သဘောရှိနေပါတယ်။ နိုင်ငံတခုလုံးအတွက် နှစ်သစ်မှာ ဆုမွန်ကောင်း တောင်းဖို့ ဆိုတာကြပြန်တော့ အတော်လေး ဂွကျနေတယ်လို့ အောက်မေ့မိပါတယ်။
ဘာဖြစ်လို့တုန်းဆိုတော့ နိုင်ငံတခုလုံး ကောင်းမွန်လာဖို့ လူတဦးထဲအနေနဲ့ ဆောင်ရွက်ပေးလို့ မရတာကြောင့်ပါ။ အဲတာ ဆိုရင် ဘယ်သူတွေကများ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မလဲဆိုတာကို ပြေးကြည့်လိုက်တော့ သူတကာထက် ဆောင်ရွက်ပေးနိုင်သူကို တွေ့ရပါတယ်။

အဲတာကတော့ နိုင်ငံတော်ကို စီမံခန့်ခွဲအုပ်ချုပ်နေတဲ့ အစိုးရတရပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတခု လူအဖွဲ့အစည်း တခုအတွင်းမှာ တခြားသော အဖွဲ့အစည်း အသင်းအပင်းများ နိုင်ငံသားတို့ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ကြတာမျိုး ရှိတာမှန်ပေမယ့် တကယ်တန်းမှာတော့ အစိုးရဆိုတာမျိုးက ပိုပြီး အခရာကြပါတယ်။ အစိုးရက တုတ်တုတ်မှ မလှုပ်ဘူး ဆိုရင် တခြားသော အဖွဲ့အစည်း အသင်းအပင်းများရဲ့ ဆောင်ရွက်ချက်တွေဟာ အကန့်အသတ်ကြားတွေထဲမှာပဲ တဝဲလည်လည် ဖြစ်ရပါတယ်။ လုပ်သလောက် လူတွေအကျိုးခံစားရဖို့ နည်းပါးပါတယ်။ အဲတာကြောင့် မြန်မာနိုင်ငံကြီး နှစ်သစ်မှာ အကောင်းဖက်ကို ဦးတည်တဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံရဖို့ ဆုမွန်ကောင်းတောင်းရတာဟာ ထင်သလောက် မလွယ်ကူဘူးလို့ ပြောခဲ့တာပါ။

အခုနှစ်သစ်ကူးကူးခြင်း တိုင်းပြည်အတွက် လူထုအတွက် အစိုးရ ဘာလုပ်ပါသလဲ။ လုပ်ပါတယ်။ ဗိုလ်ရှုခံပွဲတော်ကြီး ကျင်းပ လိုက်တာပါ။ တိုင်းပြည်ဘဏ္ဍာငွေတွေ ဘီလီယံနဲ့ချီပြီး အကုန်အကျခံခဲ့တဲ့ ပွဲကြီးဖြစ်တာကို မြင်ရပါတယ်။ သံချပ်ကားတွေ၊ ဒုံးပျံတွေကို နောက်ခံထားလို့ သမ္မတထွက်လာပြီး ဗိုလ်ရှုခံပါတယ်။ ဗိုလ်ရှုခံပွဲတော် ကျင်းပရခြင်းဟာ ဒီမိုကရေစီကို အထောက် အကူဖြစ်စေဖို့ လုပ်ရတာလို့ ဝန်ကြီးတပါးက ဆိုပါတယ်။ ဒါပေမဲ့ လူတွေကတော့ စစ်အခမ်းအနားနဲ့ ဗိုလ်ရှုခံသဘင် ဆင်ရင် ကျင်းပတာဟာ အစိုးရအနေနဲ့ လက်နက်အင်အားကြီးမားကြောင်း ပြသတဲ့ပွဲလို့ မြင်ပါတယ်။ ဒီမိုကရေစီကို အထောက် အကူပြုဖို့ ဘာအချက်အလက်မှ ရှာမတွေ့ဘူးလို့ ဝေဖန်ကြပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ဗိုလ်ရှုခံပွဲတော် ကျင်းပရတာဟာ အခုခေတ်နဲ့ အခြေအနေခြင်း ကွာခြားပါတယ်။ ပူပူနွေးနွေး လွတ်လပ်ရေး ရထားတဲ့ ကာလတလျှောက်မှာ ဗိုလ်ရှုခံသဘင် ကျင်းပရတာဟာ ငါတို့သည် အခုအချိန်မှာ သူတပါး ကျေးကျွန်မဟုတ်တော့ ကိုလိုနီ လက်အောက်ခံ မဟုတ်တော့။ ငါတို့သည် လွတ်လပ်သော တိုင်းနိုင်ငံသားများ ဖြစ်ကြသည် ဆိုတဲ့ နိုင်ငံတော်သူ နိုင်ငံသားများရဲ့ ဂုဏ်ဒြပ်ကို ဖော်ကျူးလိုတာကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဆိုရင်တော့ နိုင်ငံသားများရဲ့ sense of pride ကို ဖော်ကျူးတဲ့ အောင်ပွဲတရပ် အနေနဲ့ ပြုလုပ်တဲ့ပွဲတခုလို့ ဆိုနိုင်ပါတယ်။

အရင်ခေတ်တုန်းက ဗိုလ်ရှုခံပွဲတော် ကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ ဒီသဘော ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျတော့ ဒီသဘောမျိုး မဟုတ်ဘူးဆိုတာ ခံစားလို့ ရမိပါတယ်။ ငါတို့ စစ်တပ်မှာ ဒီလို အင်အားနဲ့ ဒီလို လက်နက်တွေ ရှိတယ်။ ဦးနေဝင်း လက်ထက်က စစ်တပ်မှာ မရှိခဲ့တဲ့ မသုံးနိုင်ခဲ့တဲ့ လက်နက်တွေကိုပါ ထုတ်ရှိုးထားတယ်။ ဒါကြောင့် ငါတို့ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့။ နောက်ကြောင်းပြန်လှဲ့ခဲ့ရင် ခင်ဗျားတို့ ပြည်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရင်ဆိုင်ရမယ့် တပ်မတော်ဆိုတာ ဒီဟာပဲကြည့်ထားဆိုတဲ့ သဘောမျိုး ဆောင်နေတာ တွေ့ရပါတယ်။ တဖက်လှည့်နဲ့ ခြိမ်းခြောက် နေတဲ့ သဘောလို့ ယိုးစွပ်ရပါလိမ့်မယ်။

ဘာကြောင့်တုန်း ဆိုတာ ထပ်ရှင်းပါရစေ။ ဗိုလ်ရှုခံပွဲတော်မှာ မြန်မာစစ်တပ် ထုတ်ရှိုးပြတဲ့ လက်နက်တွေဟာ ဘေးက အင်အားကြီး နိုင်ငံတွေအတွက် စာတောင်မဖွဲ့လောက်ပါဘူး။ ဒါကြောင့် တဖက်မှာကြည့်ရင်လည်း အိမ်နီးချင်းနိုင်ငံတွေ ခန့်ညားအောင် ထုတ်ဖော် ပြသတယ် ဆိုတာထက် တရားမျှတမှုကို တောင်းဆိုနေတဲ့ ဒီမိုကရေစီကို တောင်းဆိုနေတဲ့ နိုင်ငံသားတွေ ရွံ့သွားအောင်၊ စိုးကြောက်အောင် ထုတ်ရှိုးတဲ့ သဘောလို့ ဆိုရခြင်း ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံများမှာ ခေတ်အဆက်ဆက် သမ္မတတွေ၊ ဝန်ကြီးချုပ်တွေဟာ စစ်အင်အားပြတဲ့ ဗိုလ်ရှုခံပွဲမျိုး မလုပ်ပါ။ လုပ်ရင်လည်း လက်နက်ကိုင် တပ်မတော်အသီးသီးရဲ့ ကာကွယ်ရေး ဦးစီးချုပ်ကိုသာ ခေါင်ထားပြီး သူတို့ရဲ့ တပ်မတော်နေ့ အထိမ်းအမှတ် အတွက်သာ ပြုလုပ်ပါတယ်။ စစ်အာဏာ မကြာခဏ သိမ်းနေတဲ့ ထိုင်းနိုင်ငံမှာတောင် နိုင်ငံတာဝန်ကို အမြင့်ဆုံး တာဝန်ယူထားရတဲ့ ဝန်ကြီးချုပ်ဟာ ဒီလို ဗိုလ်ရှုခံပွဲမျိုး မပြုလုပ်ပါ။ ထိုင်းဗိုလ်ချုပ်တွေနဲ့ စစ်ရေးပြတာတွေကို ထိုင်းတပ်မတော်နေ့ ဒါမှမဟုတ် အောင်ပွဲအထိမ်းအမှတ် တခုခုအတွက် ကျင်းပတဲ့အခါမျိုးမှာသာ မြင်ရတွေ့ရပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီလို့ တင်စားခံရတဲ့ အိန္ဒိယနိုင်ငံမှာ ဒီလိုဗိုလ်ရှုခံပွဲတော် ဆံဆံ ကျင်းပတဲ့ ပွဲမျိုး တခုရှိပါတယ်။ အိန္ဒိယနိုင်ငံ ဆိုတာကလည်း အားလုံးသိတဲ့အတိုင်း တချိန်က အင်္ဂလိပ်လက်အောက်ခံ ကိုလိုနီနိုင်ငံပါ။ သူတို့နိုင်ငံမှာ ဇန်နဝါရီလ ရောက်တိုင်း ကျင်းပတဲ့ ပွဲကြီးကတော့ နေရှင်နယ်ဒေးလို့ ခေါ်တဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်။ အစိုးရရုံးစိုက်တဲ့ နယူးဒေလီမြို့တော်မှာ ကျင်းပပါတယ်။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုရှိပါတယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်ပြီးတဲ့ နောက်ပိုင်း ဒီမြေဒီရေဟာ ဒို့ပြေဒို့မြေ ဖြစ်တယ်ဆိုတာကို ဖော်ကျူးလိုတာကြောင့် ကျင်းပရခြင်း ဖြစ်ပါတယ်။ မြန်မာပြည်လွတ်လပ်ရေး ရပြီး ကျင်းပတဲ့ ဗိုလ်ရှုခံပွဲတော်နဲ့ သဘောခြင်း ဆင်ပါတယ်။

ဒါပေမဲ့ အခုခေတ်နောက်ပိုင်းမှာတော့ နေရှင်နယ်ဒေး ကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ တစတစ ပြောင်းလာပါတယ်။ အိန္ဒိယ နိုင်ငံဟာ အထူးသဖြင့် အိမ်နီးချင်း ပါကစ္စတန်နဲ့ အမြဲတန်း စစ်အင်အားခြင်း ပြိုင်ဆိုင်နေရပါတယ်။ ပါကစ္စတန်က ညူကလီးယား လက်နက် ထုတ်လုပ်လာနိုင်ပြီဆိုတော့ အိန္ဒိယက နောက်ကျကျန်မနေအောင် လိုက်ပြိုင်ရပါတယ်။ အဲသလို ပြိုင်ဆိုင်ရတာကို အိန္ဒိယနိုင်ငံရဲ့ အမျိုးသားနေ့ ကျင်းပတဲ့ပွဲကြီးမှာ ကျွဲကူးရေပါဆိုသလို ထုတ်ရှိုးပါတယ်။
ဘာတွေထုတ်ရှိုးသလဲဆိုတော့ အိန္ဒိယနိုင်ငံက နောက်ဆုံးထုတ် ညူကလီးယား ဒုံးပျံအပါအဝင် အခြားသော ဒုံးပျံအမျိုးမျိုး၊ သံချပ်ကား တင့်ကား မော်ဒယ်အသစ်များ၊ မြေပြင်ပစ် တောင်ပေါ်ပစ် အမြောက်အမျိုးမျိုး၊ ခေတ်မီ တိုက်လေယဉ်များနဲ့ တိုက်ခိုက်ရေး ရဟတ်ယဉ် အမျိုးမျိုး စတာတွေ ပါဝင်ပါတယ်။ အဲတာအပြင် သူတို့ရဲ့ တပ်ဖွဲ့စည်းပုံအတိုင်း ကုလားအုပ် တွေ စီးလာတဲ့ သဲကန္တရ တိုက်ပွဲဝင်တပ်တွေ၊ ခြေလျင်တပ်အမျိုးမျိုး၊ ကွန်မင်ဒိုတပ်များ၊ ဂေါ်ရခါး အထူးတပ်များ စသဖြင့်တွေလည်း ပါပါတယ်။ အဲဒီတပ်မျိုးစုံက ပါလီမန် အဆောက်အဦကနေ နှစ်မိုင်လောက်ဝေးတဲ့ အင်ဒီးရားဂိတ်ဆိုတဲ့ နေရာအထိ စစ်ရေး ပြကြပါတယ်။ အင်ဒီးရားဂိတ်ဆိုတာက ခေတ်အဆက်ဆက် တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ရဲဘော်များအတွက် ဆောက်လုပ် ထားတဲ့ အထိမ်းအမှတ် ဧရာမဂိတ်ဝကြီးဖြစ်ပါတယ်။

တခါ စစ်သည်တော်တွေ စစ်ရေးပြတာ ဆုံးသွားတာနဲ့ တပြိုင်နက် နောက်ကနေ ကပ်ပါလာတာကတော့ အိန္ဒိယပြည်နယ် အသီးသီးက လူထုလူတန်းစား ပေါင်းစုံဖြစ်ပါတယ်။ ဒေသထွက်ကုန် ပစ္စည်းအမျိုးမျိုး အထွေထွေကို အလှဆင်ထားတဲ့ ကားတွေပေါ်မှာ တင်လာပြီး ပရိတ်သတ်ရှေ့မှာ ပြသပါတယ်။ သက်ဆိုင်ရာပြည်နယ်အလိုက် ရိုးရာအဝတ်အစားတွေ ဝတ်ဆင်ထားကြပါတယ်။ တချို့ကတော့ အုပ်စုလိုက် သီဆိုတီးမှုတ် ကခုန်ပြီး ပြသကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အမျိုးသားနေ့ဟာ စစ်ရေးပြ စစ်အင်အားပြတဲ့ ပွဲတခုသာ မဟုတ်ဘဲ ပြည်နယ်အသီးသီးက အရပ်သူ အရပ်သား များပါ ပါဝင်ဆင်နွှဲခွင့် ရှိပါတယ်။ စစ်ရေးပြ ရဲဘော်များ ချီတက်လာတဲ့အခါမှာ တပ်အမျိုးအစား လက်နက်ယာဉ် အမျိုးအစား ကိုလိုက်ပြီး စောင့်ကြည့်နေတဲ့ လူထုက သြဘာပေးပါတယ်။ ညူကလီးယား ဒုံးပျံကို သယ်ဆောင်လာတဲ့ ကားကြီးကို တွေ့ရချိန်မှာတော့ ဘဝဂ်ညံသွားလောက်အောင် အားပေးကြပါတယ်။ ဘာကြောင့် အဲသလောက် အားပေး ကြတာလဲ။ ဒီလက်နက် ဒီစစ်အင်အား တွေဟာ ပြည်သူကို ဖိနှိပ်ဖို့ မဟုတ်ဘူး။ ပြည်ပရန်ကို ကာကွယ်ဖို့ ဆိုတာကို လူထုက ကောင်းကောင်း နားလည်တာကြောင့် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အဖြစ်အပျက်တချို့ကလွဲရင် လက်နက်မဲ့ လူထုကို စစ်တပ်သုံးပြီး ကြေမွသွားအောင် ချေမှုန်းခဲ့တယ်ဆိုတာ မရှိတာကြောင့်ပါ။

အခု မြန်မာပြည်က ဗိုလ်ရှုခံပွဲတော်ဟာ အာဏာယူထားတဲ့ လူတစု၊ အဖွဲ့အစည်းတခု အတွက် သူတို့နောက်မှာ အင်အား ဘယ်လောက် ရှိတယ်ဆိုတာကို ပြသတဲ့ သဘောမျိုး ဖြစ်နေတာကြောင့် ဘာမှ မလွမ်းလောက်ပါဘူး။ ဗိုလ်ရှုခံပွဲတော်ကြီး ဆင်ရင်ကျင်းပရတာကြောင့် ကုန်ကျခဲ့တဲ့ ငွေတွေကို မူလတန်းကျောင်းများက ကလေးတွေအတွက် နွားနို့တိုက်လိုက်တယ် ဆိုရင် နှစ်ဦးနှစ်ဖက်အတွက် ပိုကောင်းမယ် ပိုအကျိုးရှိမယ်လို့ မြင်မိပါတယ်။ ဘာကြောင့်တုန်းဆိုတော့ တနိုင်ငံလုံး အတွက် ဆုမွန်ကောင်း တောင်းရတာက ခက်ခဲတာကြောင့်ပါ။ နွားနို့သောက်ရတဲ့ ကလေးတွေက သမ္မတကြီးအတွက် နှစ်သစ်ကူးမှာ ဆုမွန်ကောင်းများ တောင်းပေးကြမယ် ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲ သေချာပါကြောင်း။

ဇော်မင်း
၇ ရက်၊ ဇန်နဝါရီလ၊ ၂ဝ၁၅

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.