ရွက်မွန်စာမျက်နှာ

Friday, April 3, 2015

သာတူညီမျှနဲ့ ဖက်ဒရယ်ပြည်ထောင်စု

မြန်
မာပြည်ငြိမ်းချမ်းဖို့ ဖွံ့ဖြိုးတိုးတက်လာဖို့ အရေးအကြီးဆုံး အချက်ဟာ တိုင်းရင်းသားလူမျိုးများအားလုံး အကြားမှာ တန်းတူရည်တူရှိတဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံမျိုး ရှိမှသာ ဖြစ်ပါလိမ့်မယ်။ အင်္ဂလိပ်လို ပြောရင်တော့ ဖက်ဒရယ်ပြည်ထောင်စု လို့ ဆိုရမှာပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူများစု ဗမာတွေ အခွင့်အရေးပိုရတဲ့ ဖွဲ့စည်းပုံဖြစ်ပြီး၊ ဗမာတွေထဲမှာမှ စစ်တပ်လူတန်းစားကသာ (အောက်ခြေရဲဘော်များမပါ) ထပ်ပြီး လွှမ်းမိုးချယ်လှယ်နိုင်တဲ့ စုဖွဲ့မှုသာ ဖြစ်ပါတယ်။ ဘယ် ဒီမိုကရေစီ နိုင်ငံမှာမှ မရှိတဲ့ မကြားဘူးတဲ့ ဖွဲ့စည်းပုံသာ ဖြစ်ပါတယ်။

တချိန်တခါက ဖက်ဒရယ်လို့ ဆိုလိုက်တိုင်း တိုင်းပြည်ပြိုကွဲရေးလို့ ဗမားအများစုက မြင်ခဲ့ပါတယ်။ အဲသလို မြင်ခဲ့တဲ့ ဗမာ အများစု ထဲမှာ တိုင်းသိပြည်သိ ပညာတတ်၊ ပညာရှင်ဆိုတဲ့ လူတန်းစားလည်း ပါပါတယ်။ အုပ်ချုပ်နေတဲ့ စစ်ဗိုလ်တွေကို အသာထား တက္ကသိုလ်က နိုင်ငံခြားပြန် အဆင့်မြင့်ပညာတတ် ပါမောက္ခကြီး တချို့တောင် မူအားဖြင့် တိုင်းရင်းသားများ အကြား တန်းတူရေးကို လိုလားတယ်ဆိုပေမယ့် ဖက်ဒရယ်ဆိုတဲ့ အသံကို ကြားလိုက်ရင် တီကိုဆားနဲ့တို့သလို တွန့်သွား ကြတာ မနည်းပါဘူး။ အဲသလိုဆိုတော့ အဲဒီ ပါမောက္ခကြီးများရဲ့ တပည့်တပန်း ကျောင်းသားများလည်း ဖက်ဒရယ်ကို နားမလည်ကြတဲ့အပြင် ဖက်ဒရယ်ဆိုတာ စိုးရိမ်ဖွယ် နိုင်ငံရေးစနစ်လို့ မြင်ကြပါတယ်။ ဘာကြောင့် အဲသလို ဖြစ်ခဲ့ရတာလဲ ဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
အင်္ဂလိပ်ခေတ် ဂျပန်ခေတ် လွတ်လပ်ရေးခေတ်တွေကို ကောင်းကောင်းမီလိုက်တဲ့ ပညာရှင်များ ဆရာကြီးများကတော့ ဘာကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ လိုသလဲဆိုတာကို နားလည်ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး နောက်ပိုင်းကာလများကြမှ ဆရာကြီးတွေ ဖြစ်လာတဲ့ ပါမောက္ခအချို့ကတော့ နိုင်ငံရေးသမိုင်းကြောင်းကို ဟိုးအစကထဲက သေသေချာချာ မသိမမီလိုက်တာကြောင့် ဖက်ဒရယ်အသံကို ကြောက်ကြတာပါ။

ကြောက်ကြတာကလည်း တိုင်းပြည်များ ပြိုကွဲလေမလား ဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ပါ။ စစ်ဗိုလ်တွေ တိုင်းပြည်ကို အုပ်ချုပ် နေတာ ထောက်ခံလို့တော့ မဟုတ်ပါ။ ဖက်ဒရယ်ကို ကြောက်ကြတာက ထိုဆရာကြီးများအဖို့ တန်းတူရည်တူ ဆိုတဲ့ကိစ္စ အပေါ်မှာ စေတနာမရှိလို့တော့ မဟုတ်ဘူးဆိုတာ မြင်ရပါတယ်။ ဒါပေမဲ့ ကြောက်တာတော့ ကြောက်နေကြတယ်။
ဘာကြောင့် ဖက်ဒရယ်စနစ်ကို ကြောက်ကြတာလဲ။

အရှင်းဆုံးနဲ့ အတိုဆုံးပြောရရင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းကထဲက ဖက်ဒရယ်တောင်းဆိုမှုကြောင့် ပြည်ထောင်စုကြီး ပြိုကွဲ တော့မယ် ဒါကြောင့် တိုင်းပြည်ချောက်ထဲမကျခင် လက်တလုံးအလိုမှာ အာဏာသိမ်းရတာလို့ အကြောင်းပြခဲ့ရာက စခဲ့ပါတယ်။ စစ်အာဏာသိမ်း အစိုးရက ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးလို့ ဆက်တိုက်ပြောလာခဲ့တော့ နောက်ပိုင်း မျိုးဆက်တွေမှာ ဆရာတွေကော ကျောင်းသားတွေပါ ဖက်ဒရယ်ဆိုတာ တကယ်ပဲ တိုင်းပြည်ပြိုကွဲနိုင်တဲ့ စနစ်လို့ မြင်လာပါတယ်။ ညောင်ပင်အောက်မှာ ညမှောင်ရင် သရဲချောက်တယ်ဆိုတဲ့ စကားမျိုးလို အထပ်ထပ်ပြောဆိုလာခဲ့တော့ နောက်လူတွေမှာ ညောင်ပင်မှာ သရဲရှိတယ်လို့ ယူဆလာတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

အဲတာအပြင် ဗိုလ်ချုပ်နေဝင်း လက်ထက်မှာ တောက်လျှောက်ဆိုသလို ပုံဖျက်အပြစ်တင်ခံခဲ့ရတာကတော့ ပါလီမန် ဒီမို ကရေစီ ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီဆိုတာ အရင်းရှင်တွေရဲ့ နိုင်ငံရေးစနစ်သာဖြစ်တယ်။ မကောင်းဘူး။ သာတူညီမျှ မရှိဘူး။ ငွေများ တရားနိုင်တဲ့ စနစ်သာ ဖြစ်တာကြောင့် လူများစု ဆင်းရဲသားပြည်သူ လယ်သမားယာသမားတွေအတွက် ကောင်းကျိုး မပြုနိုင်ဘူးလို့ အကြိမ်ကြိမ်အထပ်ထပ် ဟောခဲ့ပြောခဲ့ ရေးသားခဲ့ပါတယ်။ အဲတာကြောင့် သာတူညီမျှ ရှိစေဖို့ အတွက် မြန်မာပြည်ကို ဆိုရှယ်လစ်စနစ်နဲ့ သွားရခြင်းဖြစ်တယ်လို့လည်း အထပ်ထပ် ပြောပါတယ် ကြေညာပါတယ်။

ပြောရမယ်ဆိုရင် ပါလီမန်ဆိုတဲ့ အင်္ဂလိပ်စကားဟာ မြန်မာလို ပြည်သူ့လွှတ်တော်ပဲမဟုတ်လား။ ပါလီမန်အမတ်ဆိုတာ လူထုက မဲနဲ့ရွေးကောက် တင်မြှောက်ထားတာဖြစ်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆိုတာလည်း လူထုရဲ့ မဲနဲ့သာ တက်ရတဲ့ သူတွေ ဖြစ်တာကြောင့် အတူတူပါပဲ။ အင်္ဂလိပ်လို ချစ်ကင်းကားရီး မြန်မာလို ကြက်သားဟင်းပေါ့။ ဘာများကွာနေလို့လဲ။

ဒါပေမဲ့ ကွာပါတယ်ဆိုပြီး ဗိုလ်ချုပ်နေဝင်းက စလုပ်ခဲ့ပါတယ်။ နောက်တချက်က စစ်ကြီးပြီးတာကလည်း ၁၇ နှစ်လောက်ပဲ ရှိသေးတာဆိုတော့ စစ်ကြိုခေတ်က ကိုလိုနီ ဂုတ်သွေးစုပ် အရင်းရှင်စနစ်ကို မုန်းတီးနေတာကလည်း အရှိန်လက်ကျန် ရှိနေလေတော့ ဆိုရှယ်လစ် ဆိုတာကို ထိပ်တန်းပညာတတ် လူပုဂ္ဂိုလ် တချို့တောင် ထောက်ခံခဲ့ ပါတယ်။

ထောက်ခံယုံတင် မကဘဲ ကိုယ်တိုင် ဝင်ရောက်လုပ်ပေးတဲ့ ပညာရှင်များလည်း ရှိခဲ့ပါသေးတယ်။ နောက်ပိုင်းကျမှ ကျောချ လို့ ဓားပြမှန်း သိတော့မှ နောက်ဆုတ်ကုန်ပါတယ်။ နောက်တခုက ဒီလိုပါ။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ မှာလည်း သာတူညီမျှ ဆိုတာကို ရှေးကထဲက နှစ်ခြိုက်ကျင့်သုံးတာမျိုး ဆိုတော့ သာတူညီမျှကို ဖော်ဆောင်တဲ့ ဆိုရှယ်လစ်စနစ်နဲ့ တိုင်းပြည်ကို တည်ဆောက်မယ်ဆိုတော့ အားရစရာကြီး ဖြစ်နေခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီဆိုတာ အရင်းရှင် လက်ဝေခံလို့ သတ်မှတ်ခဲ့ ကြတာကြောင့်လည်း ဖြစ်ပါတယ်။

သာတူညီမျှနဲ့ ပတ်သက်လို့ ဥပမာ ပြောရရင် လင်မယားချင်း ကွဲလို့ ပိုင်ဆိုင်မှုကို ခွဲဝေတော့မယ်ဆိုရင်ပဲ ဖြစ်ဖြစ် မိဘတွေ သေဆုံးလို့ ကျန်ရစ်သူ သားသမီးတွေအကြား အမွေခွဲတော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ် ပြောလေ့ရှိတဲ့ စကားရပ်တခုရှိပါတယ်။ သရက်စေ့ ထက်ခြမ်းခွဲလို့ ဆိုလေ့ရှိပါတယ်။ သရက်စေ့ကို ထက်ခြမ်းခွဲ လိုက်ရင် အရွယ်အစားဟာ တခြမ်းနဲ့တခြမ်း မတိမ်းမယိမ်း ရှိပါတယ်။ ဆိုလိုတာကတော့ အမွေခွဲပြီဆိုရင် ရရှိတဲ့ အမွေဟာ သိပ်မကွာလှပါဘူး။ နည်းနည်းလောက် ပိုသွားတာ၊ နည်းနည်းလောက် နည်းသွားတာလောက်ပဲ ရှိပါတယ်။ အိမ်နီးချင်း တိုင်းပြည်တွေမှာ မိဘသေလို့ အမွေခွဲ ကြရင် အကိုအကြီးဆုံး စီမံတာကို ဘယ်သူမှ ပြန်လှန်လို့မရတဲ့ ယဉ်ကျေးမှု ရှိကြပါတယ်။ အခုအထိ အဲဒီစနစ်ကို ကျင့်သုံး နေဆဲပါ။ ဒါပေမဲ့ ဗမာတွေက သူတို့နဲ့ မတူပါဘူး သာတူညီမျှကို နှစ်သက်ပါတယ်။ ပြန်ကောက်ရရင် ဗမာတွေဟာ သာတူ ညီမျှ ဖြစ်ခြင်းကို လက်ခံသဘောကြသူများ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေရဲ့ အဲဒီ စိတ်အခြေခံကို ဗိုလ်ချုပ်နေဝင်းက သူ့ကို ဝန်းရံခဲ့တဲ့ အရင်းရှင်မုန်းပြီး ဆိုရှယ်လစ်နှစ်သက်တဲ့ ပညာတတ်များ အကူအညီနဲ့ ကောင်းကောင်းကြီး အသုံးချ သွားခဲ့တာပါ။

တကယ်တန်းမှာတော့ ဖက်ဒရယ်စနစ် ဆိုတာဟာလည်း သာတူညီမျှ သဘောကို ဆောင်တဲ့ လမ်းစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်ဟာ နှစ်ပေါင်းများစွာ ပုံဖျက်ခံထားရပါတယ်။ ဖက်ဒရယ်ဟာ လူဆိုးလို ဖြစ်နေပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာဟာ အမှန်ကတော့ ပြည်နယ်ပေါင်းစုပြည်ထောင်စုလို့ ဆိုရင်လည်း ရပါတယ်။ မတူကွဲပြားတဲ့ တိုင်းရင်းသား မျိုးနွယ်များအချင်းချင်း ကိုယ့်ပြည်နယ်နဲ့ကို နေထိုင်ရာကနေ သဘောတူပူးပေါင်းပြီး နိုင်ငံတော်တခု သို့မဟုတ် နေးရှင်း စတိတ် Nation State တခုကို ထူထောင်မယ်ဆိုပြီး ပေါင်းစည်းလိုက်တာပဲ ဖြစ်ပါတယ်။ ဘယ်သူက အပေါ် ဘယ်သူက အောက် ဆိုတဲ့ အနေအထားနဲ့ ပေါင်းတာမျိုး မဟုတ်ပါ။ ဒါကြောင့် တန်းတူရည်တူ သို့မဟုတ် သာတူညီမျှ ဆိုတာ အရေးကြီးလာပါတယ်။ အောက်က နေရမယ်ဆိုရင် ဘယ်သူက အစကတထဲက ပေါင်းမှာလဲ။ ကိုယ့်ဟာကို နေမှာပေါ့။ ဒါပေမဲ့ ပြည်နယ်များ ပေါင်းစည်းခြင်း အားဖြင့် ပိုလို့ ဖွံ့ဖြိုးတိုးတက်ချမ်းသာမယ် ငြိမ်းချမ်းမယ်လို့ ယူဆပြီး ပေါင်းခဲ့တာပါ။ ဗမာတွေဖက်ကလည်း ကျုပ်တို့နဲ့ပေါင်းပါ ခင်ဗျားတို့လည်း အကျိုးမယုတ်စေရဘူး တန်းတူရည်တူ ဖြစ်ရမယ်ဆိုပြီး ကတိပေးခဲ့တာ မဟုတ်လား။ ဒါကြောင့်လည်း ပင်လုံစာချုပ်ဆိုတာ ပေါ်ပေါက်ခဲ့တာပေါ့။

တခါ ပင်လုံစာချုပ်ရဲ့ နောက်ဆက်တွဲအဖြစ် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ ဟာ ဖက်ဒရယ်စနစ်နဲ့ တိုင်းပြည်တည်ဆောက်ဖို့အတွက် ပြီးပြည့်စုံတဲ့ ဥပဒေ မဟုတ်သေးသော်လည်း ဖက်ဒရယ်တံခါးကို ဖွင့်လှစ်ဖို့ လက်ဦးဆုံးကျတဲ့ သော့ကြီးတခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ ၁၉၄၇ ဖွဲ့စည်းပုံဟာ စစ်တပ်က အာဏာသိမ်း ခြင်းနဲ့အတူ ၁၉၆၂ မှာ ကွယ်ပျောက်သွားရပါတယ်။ အဲတာအစား ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၇၄ ဆိုရှယ်လစ် ဖွဲ့စည်းပုံ ဆိုတာ ပေါ်လာခဲ့ ပါတယ်။ ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်ခဲ့တဲ့ ၂၆ နှစ်တာကာလဟာ ဆိုရှယ်လစ်ခေတ် ဆိုပေမယ့် ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများအားလုံး သာတူညီမျှ ဆိုတာ ခံစားခဲ့ရခြင်း မရှိပါ။ ဒါကြောင့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ပေါက်ဖွား ခဲ့ရခြင်းပါ။ ဖြစ်စဉ်တွေဟာ ဆက်စပ်နေတယ် ဆိုတာကို မြင်နိုင်ပါတယ်။

ဗိုလ်ချုပ်နေဝင်း ၂၆ နှစ်တာ အုပ်ချုပ်မှု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်မှုအောက်မှာ ၂၂ နှစ် တိုင်းပြည်ဟာ တည်ရှိခဲ့ပါတယ်။ ဘာတွေများ သာတူညီမျှ ခံစားခဲ့ကြရပါသလဲ။ ပြည်တွင်းစစ် သက်ဆိုးရှည်တာပဲ အဖတ်တင် ပါတယ်။ တခါ အရပ်သားအစိုးရလို့ ကြွေးကြော်နေတဲ့ ဦးသိန်းစိန် အစိုးရတက်လာတာ အခုဆိုရင် သက်တန်းက ငါးနှစ်ထဲတောင် ရောက်လာပါပြီ။ မြန်မာပြည်တဝှမ်း ဘယ်သူတွေများ သာတူညီမျှ အခွင့်အရေးကို ခံစားရ လို့လဲ။ ချမ်းသာသွားသူတွေ အခွင့်အရေးရသူတွေက လက်တဆုပ်စာပဲ ရှိတာ အားလုံးသိပါတယ်။

ဆိုရှယ်လစ်အယောင်ဆောင် စစ်အုပ်ချုပ်ရေး၊ တိုက်ရိုက်စစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီ ဘန်းပြ အာဏာရှင် အုပ်ချုပ်ရေး အစရှိတာတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်လာတာ ၅၃ နှစ်ရှိခဲ့ပါပြီ။ တိုင်းပြည်ဟာ တိုးတက်မလာသလို ဟိုးအရင်က ရှိထားခဲ့တဲ့ ဖွံ့ဖြိုးမှုလေးတောင် ဘုန်းဘုန်းလဲ သွားတာပဲ အဖတ်တင်ပါတယ်။ သာတူညီမျှ ဆိုတာလည်း ဝေးနေသေးသလို ဖက်ဒရယ် ဆိုတာကိုလည်း မကြားချင်တဲ့ စစ်ဗိုလ်ချုပ်တွေ အများကြီးပါ။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည် မဖော်သေးသမျှ အမျိုးသားများ ပြန်လည်ပေါင်းစည်းရေး ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အတိအလင်း ဆိုပါရစေ။ ကိုယ့်တိုင်းပြည်အတွင်းမှာ မငြိမ်းချမ်းသမျှ သူများအမြတ်ထုတ်တာကို ခံနေရမှာပါ။ အထူးသဖြင့် အိမ်နီးချင်း ဆူပါပါဝါဖြစ်တဲ့ တရုတ်အစိုးရရဲ့ တိုက်ရိုက်ဂုတ်သွေးစုတ်နေတာမျိုးကို ဆက်ပြီး ရင်ဆိုင်နေရဦးမှာဖြစ်သလို နိုင်ငံရေးမှာလည်း သွယ်ဝှိုက်ပြီး ဖိအားပေးခံနေရတဲ့ ဘဝက လွတ်မှာမဟုတ်ပါ။

နှစ်ပေါင်း ၅ဝ ကျော် ဖွတ်သထက်ညစ်လာနေတဲ့ တိုင်းပြည်ကို အမှန်တကယ် တိုးတက်တဲ့ လမ်းကြောင်းပေါ် ရောက်စေ ချင်ရင်၊ ငြိမ်းချမ်းစေချင်ရင်၊ တပါးသူက ဗိုလ်ကျလာတာကို မခံချင်ရင် အချင်းချင်းကြားမှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ပြီး တန်းတူရည်တူရှိတဲ့ သာတူညီမျှရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတခု အမှန်အကန် တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ ပြောလိုပါကြောင်း။

ဇော်မင်း
၂ဝ ရက်၊ မတ်လ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.