ရွက်မွန်စာမျက်နှာ

Thursday, April 23, 2015

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ မီးခိုးမထွက်တဲ့ စက်ရုံများ

ခုလက်ရှိ အစိုးရ တက်လာခဲ့သည်မှာ လေးနှစ်ကျော်၍ လေးလအတွင်းရောက်ခဲ့ပါပြီ။ သမ္မတကြီး ပြောပြောနေသည့် ဆင်းရဲ မွဲတေမှု လျှော့ချရေး ကိစ္စသည်လည်း အခုအထိ မအောင်မြင်သေးတာကို တွေ့ရပြန်ပါတယ်။ ဘယ်လို လုပ်ကြ မည်နည်း။ လယ်တွေသိမ်းထားတာကြောင့် ဆင်းရဲသား လယ်သမားတွေလည်း နလံမထူနိုင်သေးပါ။ စက်ရုံလုပ်သားများ လည်း လုပ်အားခ တိုးတောင်းကြသော်လည်း လုပ်အားခက အမှန်တကယ် တိုးမလာသေးပါ။ နိုင်ငံခြားထွက် အလုပ်လုပ် သည့် အားကောင်း မောင်းသန်အရွယ်များလည်း ထွက်နေဆဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့ ဆင်းရဲမွဲတေမှုကို မလျှော့ချနိုင်တာလဲ။ ဆန်းစစ်ဖို့လိုပါတယ်။ အခြေခံအားဖြင့် ပြောရမယ်ဆိုရင် နိုင်ငံသားများ အကြားမှာ အလုပ်လက်မဲ့ဖြစ်နေတာက မြင့်မားနေတာကြောင့်လို့ ပြောနိုင်ပါတယ်။ မြန်မာပြည်ဟာ ဘယ်ဖက်ကကြည့် ပြောပြော အခုအထိ လူအများစုဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်နေရပါတယ်။ ဒါပေမဲ့ လယ်ယာစိုက်ပျိုးရေးက အရှုံးပဲ ပေါ်နေတော့ လယ်သမားအရွယ်ကောင်းတွေ နိုင်ငံခြားထွက်ဖို့ ဖြစ်လာရပါတယ်။ လယ်အသိမ်းခံရလို့ လုံးလုံး ဘဝပျက်သွား သူတွေလည်း ဒီအထဲမှာ ပါပါတယ်။ အလုပ်လက်မဲ့ ဦးရေ မြင့်မားနေတာကြောင့် ဆင်းရဲတွင်းက မတက်နိုင် ဖြစ်ရသလို အလုပ် ရှိထားသူများမှာလည်း ရရှိတဲ့လုပ်အားခက မသေယုံတမယ်သာ စားသောက်နိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့်ပါ။

နောက်ထပ်တွေ့ရှိရတဲ့ အချက်ကတော့ အလွန်အရေးကြီးပါတယ်။ အဲတာကတော့ ဂွင်အားလုံး စီးပွားရေး နယ်ပယ် အားလုံးကို လူနည်းစုက အစစအရာရာ ချုပ်ကိုင်ထားလို့ ဖြစ်ပါတယ်။ အဲဒီလူနည်းစုထဲမှာ လူကြီးသားသမီး ဆွေမျိုးတွေ ပါသလို လူကြီးတွေနဲ့ နီးကပ်တဲ့ သူတို့ရဲ့စီးပွားဖက်တွေလည်း ပါနေပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိအနေအထားဟာ စက်မှုလုပ်ငန်း ကြီးငယ်လတ်တွေ တဟုန်ထိုးတိုးတက်လာဖို့ အခြေအနေ မရှိသေး တာကို တွေ့ရပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကလည်း ချက်ခြင်းတိုးတက်လာဖို့ အခြေအနေမရှိသေးတာကို အားလုံးလည်း မြင်နေပါတယ် သဘောပေါက်နေပါတယ်။ သဘာဝအရင်းအမြစ်ကို ထုတ်ယူရင်း စီးပွားရှာတာကလည်း အင်အားကောင်းတဲ့ နိုင်ငံခြားနဲ့ မြန်မာကုမ္ပဏီတွေ လက်ထဲမှာပဲ ရှိနေပါတယ်။ ကိုင်း ဒါဖြင့်ရင် ဘာလုပ်ကြမှာလဲ။ လုပ်ဖို့ရာ နယ်ပယ် တခုတော့ ကျန်နေပါသေးတယ်။ လူများစုအတွက်လည်း အလုပ်အကိုင်တွေ ဖန်တီးပေးလာမယ့် လုပ်ငန်းမျိုး ဖြစ်ပါတယ်။ ဘာလုပ်ငန်းလဲဆိုတော့ မီးခိုးမထွက်တဲ့ စက်ရုံများလို့ ကနေ့ကမ္ဘာမှာ တင်စားပြောဆိုနေတဲ့ လုပ်ငန်းပါ။ အဲတာကတော့ တိုးရစ်ဇင်လို့ ခေါ်တဲ့ ခရီးသွားလုပ်ငန်း ဖြစ်ပါတယ်။

အခုလည်း ခရီးသွားလုပ်ငန်းတွေ လုပ်နေတာပဲ မဟုတ်လား။ ဒီထက် ဘာများထူးပြီး လုပ်စရာလိုသေးလို့လဲလို့ မေးမယ့် သူများလည်း ရှိနိုင်ပါတယ်။ အမှန်ဆိုရရင် အခုလုပ်ကိုင်နေတဲ့ ခရီးသွားလုပ်ငန်းဟာ မတွင်ကျယ်သေးဘူးလို့ ပြောလို ပါတယ်။ အရင်းအနှီးအင်အား တောင့်တင်းတဲ့ အဆင်သင့် ဖြစ်နေတဲ့ အုပ်စုများသာ လုပ်ကိုင်နိုင်တာကို မြင်ရပါတယ်။ အရင်းအနှီး အင်အား သေးငယ်သူများ ဒီလုပ်ငန်းအနားကို မကပ်နိုင်သေးပါ။ ဘာဖြစ်လို့ အဲသလို ဖြစ်နေတာလဲ ဆိုတာကို ဆန်းစစ်ကြည့် လိုက်တော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ တင်းမာတဲ့ မပျော့ပြောင်းတဲ့ ဥပဒေတွေ လုပ်ထုံး လုပ်နည်း တွေ ရှိနေလို့ ဆိုတာကို တွေ့ရပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များအားလုံး အဆင်ပြေလာဖို့ လက်ရှိရှိထားတဲ့ ဥပဒေမျိုးစုံကို ဖြေလျှော့ဖို့ လိုလာပါတယ်။

နိုင်ငံခြားသား ခရီးသွားပဲ ဖြစ်ဖြစ် ပြည်တွင်းက ခရီးသွားပဲ ဖြစ်ဖြစ် ခရီးသွားလာ လည်ပတ်တဲ့ အခါမှာ ခရီးသွားနိုင်တယ် ဆိုတဲ့ အချက်ကြောင့် ဒီလူတွေဟာ ချမ်းသာတယ် ငွေကြေးတတ်နိုင်တယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ လူနည်းစု ခရီးသွား များကတော့ အမှန်တကယ် ချမ်းသာသူများ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခရီးသွားအများစုဟာ မိမိရှိထားတဲ့ ငွေကလေးအပေါ် တွက်ချက်ပြီး ခရီးသွားရတဲ့သူက အများစု ဖြစ်ပါတယ်။ ဒါက ကနေ့အထိ မရိုးနိုင်သေးတဲ့ သိထားရမှာဖြစ်တဲ့ ခရီးသွား လုပ်ငန်းရဲ့ သဘာဝများထဲက တခုပါ။ ခရီးသွားတယ်ဆိုတာဟာ လူတွေအတွက် အပန်းဖြေတာ တမျိုးဖြစ်သလို ဗဟုသုတ လိုလားတာ ကြောင့်လည်း ဖြစ်ပါတယ်။ လူတွေထဲမှာ ငွေကြေးတတ်နိုင်တဲ့ အဆင့်အတန်းက တဦးနဲ့တဦး မတူပါ။ ငွေများများနဲ့ ခရီးသွားနိုင်တဲ့ သူများရှိသလို၊ ငွေကြေးကို တွက်ချက်ပြီး အဲဒီတတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ လျှော်ညီတဲ့ ခရီးမျိုးကို သွားသူတွေလည်း အများကြီးရှိပါတယ်။ 


ဥပမာ တခုလောက် ပြောပါရစေ။ အနောက်နိုင်ငံများက ကျောင်းသားတွေဟာ ကျောင်းအားရက်တွေမှာ ခရီးသွားလေ့ ရှိပါတယ်။ သူတို့ဟာ ကျောင်းသားတွေဖြစ်တာကြောင့် ငွေကြေးများများ မတတ်နိုင်ပါ။ အဲတာကြောင့် သူတို့ခရီးထွက်မယ့် နိုင်ငံကိုလေ့လာရပါတယ်။ အဲဒီနိုင်ငံမှာ ဈေးချိုတဲ့ တည်းခိုခန်းတွေ ရှိသလား၊ ဈေးချိုတဲ့ သယ်ယူပို့ဆောင်ရေးစနစ် ရှိသလား၊ ဈေးချိုတဲ့ အစားအသောက်မျိုး ရနိုင်သလား စသဖြင့် တွက်ချက်ရပါတယ်။ အဲသလို တွက်ချက်ပြီးမှ တဦးချင်း ဖြစ်စေ အုပ်စုလိုက်ဖြစ်စေ ခရီးထွက်ပါတယ်။

ငွေကြေးကို စီစစ်ပြီး ခရီးထွက်ရတဲ့ လူငယ်ကျောင်းသား ခရီးသွားဖြစ်တာကြောင့် ဂျပန်လို အစစအရာရာ ဈေးကြီးတဲ့ နိုင်ငံမျိုးကို သွားမှာထက် ထိုင်းနိုင်ငံလို ဈေးသက်သာတဲ့ နိုင်ငံမျိုးကို ရွေးပါတယ်။ ဂျပန်ကို သွားမယ်ဆိုရင် သူတို့ တတ်နိုင်တဲ့ ငွေကြေးပမာဏာဟာ တပတ်လောက်နဲ့ ကုန်သွားနိုင်ပြီး ထိုင်းနိုင်ငံကို သွားလည်မယ် ဆိုရင်တော့ လေးပတ်လောက် နေနိုင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို ရွေးချယ်တာပါ။ ထိုင်းနိုင်ငံကို ရောက်လာတဲ့ လူငယ် ကျောင်းသား နိုင်ငံခြားခရီးသွား တွေဟာ တရက်ကို ဆယ်ဒေါ်လာ သို့မဟုတ် ဒေါ်လာနှစ်ဆယ် ဝန်းကျင်လောက် ပေးရတဲ့ တည်းခိုခန်းအသေးစားတွေမှာ တည်းခိုကြပါတယ်။ လမ်းဘေးကဆိုင်တွေမှာ စားသောက်ပါတယ်။

ဘတ်စ်ကားစီးပါတယ်။ မီးရထားစီးပါတယ်။ ငွေကြေးတတ်နိုင်တဲ့ လူတန်းစားက ပင်လယ်ဆပ်ကမ်းမှာ အပန်းဖြေဖို့ လေယဉ်နဲ့သွားပြီး ကြယ်ငါးပွင့် ကြယ်လေးပွင့် ကြယ်သုံးပွင့် အစရှိတဲ့ တည်းခိုခန်းတွေမှာ တည်းကြပါတယ်။ ဒါပေမဲ့ လူငယ်ကျောင်းသား ခရီးသွားများကတော့ ဒေသခံ ဘတ်စကားစီးပြီး သွားပါတယ်။ ဈေးချိုတဲ့ တည်းခိုခန်း အသေးစား တွေမှာ တည်းပါတယ်။ ဒါက ခရီးသွားများရဲ့ မတူကြတဲ့ သဘာဝ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဈေးချိုတဲ့ တည်းခိုခန်းတွေ ရှိသလို အိမ်တွေမှာလည်း ဟုမ်းစတေးလို့ခေါ်တဲ့ တည်းခိုမှုတွေကို ခွင့်ပြုထား ပါတယ်။ အစိုးရဖက်က လုပ်ရတာကတော့ အဲဒီ ဈေးချိုတဲ့ တည်းခိုခန်းတွေ၊ ဟုမ်းစတေးနေရာတွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်ရဲ့လား အဆင်ပြေရဲ့လား ဆိုတာကို စစ်ဆေးရပါတယ်။ ဒီလောက်ပါပဲ။ အာဏာပိုင်တွေက ဝင်မရှုပ်ပါဘူး။ အာဏာပြတာမျိုးလည်း မရှိပါဘူး။

အခုမြန်မာပြည်မှာ ဖြစ်နေတာက အသေးစားတည်းခိုခန်းတွေ တည်ဆောက်ပြီး ခရီးသွားဧည့်သည်ကို လက်ခံတာမျိုး ခွင့်မပြုသေးပါ။ ဥပမာ တခုလောက်ပြောရရင် ပုဂံက ဒေသခံတဦးဟာ ငွေကြေးများများစားစား မရှိသူတဦး ဆိုပါစို့။ ဒါပေမဲ့ သူ့ရဲ့ အိမ်ဝင်းအတွင်းမှာ မြေအပို ရှိနေပါတယ်။ အဲဒီ ပိုနေတဲ့ မြေကွက်လပ်မှာ သစ်ဝါးစတဲ့ ဈေးချိုတဲ့ ပစ္စည်းများနဲ့ ဘန်ဂလို အသေးစား လေးလုံးငါးလုံးလောက် ဆောက်နိုင်ပါတယ်။ အဲဒီ ဘန်ဂလိုအသေးစား တလုံးကို တညတည်းခိုရင် ဒေါ်လာ သုံးဆယ်လောက်နဲ့ ခရီးသွားများအတွက် တည်းလို့ ရနိုင်ပါတယ်။ အဲတာဆိုရင် ဒေသခံအတွက် တရက်ကို ဒေါ်လာ ၁၅ဝ လောက် ဝင်နိုင်ပါတယ်။ ဘန်ဂလို လေးငါးလုံး ရှိလာတာကြောင့် ဘန်ဂလိုပိုင်ရှင် အနေနဲ့ လုပ်သား လိုလာပါတယ်။ သန့်ရှင်းရေးလုပ်ဖို့၊ အိပ်ယာခင်းနဲ့စောင် စတာတွေ လျှော်ဖွတ်ဖို့ အစရှိတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်။ အဲတာကြောင့် ဒေသခံ နောက်ထပ် လူသုံးလေးဦး အလုပ်ရနိုင်ပါတယ်။ လာတည်းခိုတဲ့ ခရီးသွားများကိုမှီပြီး ဘန်ဂလို ဘေးနားက အိမ်များမှာလည်း စားသောက်ဆိုင် အသေးစားတွေ ထပ်ဖွင့်နိုင်ပါသေးတယ်။ တိုတိုပြောရရင် ခရီးသွားကော အရင်းအနှီးနည်းတဲ့ ဒေသခံတွေ အတွက်ပါ အကျိုးရှိပါတယ်။

ဒါပေမဲ့ အခုလက်ရှိ အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ အရင်းအနှီးနည်းပါးတဲ့ မြေကွပ်လပ်ပိုင်ရှင်က အဲသလို ဘန်ဂလိုမျိုးလေးတွေ ဆောက်မယ်ဆိုပြီး မြို့နယ်က သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြပါတယ်။ ဆောက်နိုင်ပါတယ် လို့ အာဏာပိုင်များက ခွင့်ပြုပါတယ်။ ဒါပေမဲ့ သူတို့ကို သိန်းငါးဆယ် ခြောက်ဆယ်တော့ ပေးရမယ်လို့ တောင်းပါတယ်။ ဒေါ်လာနဲ့ဆို ဒေါ်လာ ငါးထောင် ခြောက်ထောင် လုံးကနဲ သူတို့ကို ပေးရမှာဖြစ်ပါတယ်။ မြေကွပ်လပ်ပိုင်ရှင် အနေနဲ့ အရင်းအနှီးနည်းသူ ဖြစ်လေတော့ အဲသလောက်ငွေကို မပေးနိုင်ပါ။ မပေးနိုင်တော့ ဘန်ဂလို ဆောက်ခွင့် မရပါ။ ဒီအတိုင်း ငုတ်တုတ်ထိုင်နေရပါတယ်။ ကိုယ့်နိုင်ငံသားတွေ စားပါစေဆိုတဲ့ စိတ်ဓာတ်မျိုးကို ဘာကြောင့် မမွေးနိုင်ရတာလဲ။ စိတ်ပျက်ဖို့ ကောင်းပါတယ်။

နောက်တမျိုးကတော့ ခရီးသွားတွေကို ပြစားဖို့ သမိုင်းဝင်နေရာတွေ ကိစ္စပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ နန်းတော်ဟောင်း ထဲက မြဘုရားကို ဝင်ကြည့်ဖို့ နိုင်ငံခြားသားတဦးကို ထိုင်းငွေ ဘတ်ငါးရာ ပေးရပါတယ်။ ထိုင်းနိုင်ငံသားကတော့ ပေးစရာ မလိုပါ။ ဘတ်ငါးရာဆိုတာ ဒေါ်လာနဲ့တွက်ရင် အကြမ်းဖျဉ်းအားဖြင့် ၁၇ ဒေါ်လာခန့် ရှိပါတယ်။ တရက်ကို လူသုံးထောင် မက အဆိုပါ မြဘုရားကို လာကြည့်ကြပါတယ်။ တနှစ်ဆိုရင် ဘယ်လောက်ရမလဲ တွက်ကြည့်နိုင်ပါတယ်။ အဲဒီ နန်းတော် ဟောင်းထဲမှာ ထိုင်းဘုရင်က မနေတော့ပါ။ လူထုအတွက် အများပြည်သူအတွက် ဖွင့်ပေးထားတာ ဖြစ်ပါတယ်။

မြန်မာပြည်က မန္တလေးနန်းတော်ကြီးကို အဲသလိုများ စီစဉ်လိုက်ရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါတယ်။ ဒါပေမဲ့ နန်းတော်အတွင်းမှာ စစ်တပ်တွေက နေရာယူထားတာဆိုတော့ လာကြည့်လို့ ရတယ်ဆိုပေမယ့် တကယ်တန်းကျတော့ လုံခြုံရေးသဘောအရ အများပြည်သူကော နိုင်ငံခြားသားပါ လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုဖို့ အတော်ခက်ပါတယ်။ တကယ်ဆိုရင် နန်းတော်ကြီးကို သေသေချာချာ ပြုပြင်ထိမ်းသိန်း၊ ဘုတ်တလုပ်ကန်နဲ့ ပန်းခြံကို လှပအောင် ပြုပြင်ထား၊ နန်းဝတ်နန်းစားနဲ့ လူတွေက ဟိုဟိုဒီဒီမှာ သွားနေ၊ ဗန္ဓြွုလဝတ်စုံနဲ့ မြင်းစီးနေတဲ့သူတွေလည်းရှိ၊ ရိုးရာအကတွေ ကပြ နေတဲ့ သူတွေကလည်း ကပြ၊ လှည်းယဉ်လေးကို ခြူသံတလွင်လွင်နဲ့ စီးချင်တဲ့ သူကိုလည်း လိုက်ပို့၊ အမှတ်တရ ပစ္စည်း ရောင်းတဲ့ ဆိုင်လေးတွေလည်းရှိ၊ အမောပြေ သုံးဆောင်ဖို့ စားသောက်ဆိုင် ကော်ဖီဆိုင်တွေလည်းရှိ အဲသလိုဆိုရင် တရက်တရက် မန္တလေးနန်းတော်ကြီးက ရှာပေးတဲ့ ငွေကြေးပမာဏဟာ နည်းမှာမဟုတ်ဘူးဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ဒီနေရာမှာ တခုတော့ ရှိပါတယ်။ အဲသလို လုပ်ကိုင်ဖို့အတွက် လုပ်ပိုင်ခွင့်ကို ခရိုနီတဦးဦးကို ချပေးလိုက်ရင်တော့ အသေးစား လုပ်ငန်းလုပ်ကိုင်မယ့် အရင်းအနှီးနည်းတဲ့ ဒေသခံတွေအတွက်က ဇီးရိုးသာ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်မှာ နိုင်ငံခြားသားကို ငွေကြေးနဲ့ ပြစားဖို့ သမိုင်းဝင်နေရာတွေ၊ အဆောက်အဦတွေ၊ ယဉ်ကျေးမှုဆိုင်ရာ နေရာတွေ အများအပြား ရှိပါတယ်။ ဈေးကြီးတဲ့ ဟော်တယ်တွေ ရှိသလို ဈေးချိုတဲ့ တည်းခိုခန်းတွေလည်း ရှိသင့်ပါတယ်။ ဒါတွေဟာ ခရီးသွားလုပ်ငန်း သို့မဟုတ် မီးခိုးမထွက်တဲ့ စက်ရုံတွေပါပဲ။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ မာတောင့်နေတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ၊ အဟန့်အတားတွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့လိုပါကြောင်း။

ဇော်မင်း
၂ဝ ရက်၊ ဧပြီလ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.