ရွက်မွန်စာမျက်နှာ

Friday, May 1, 2015

ဒီတခါတင်နေတဲ့အကြွေးက ဆယ်သိန်း

မြန်မာပြည်မှာ ကျေးလက်ဖွံ့ဖြိုးရေးဟာ အခုအထိ အဓိကကျတယ်လို့ ပြောတိုင်း ဒီလူဟာ ကွန်မြူနစ်လား၊ လက်ဝဲကြောင် လားဆိုပြီး လူတချို့ရဲ့ အကြည့်ခံရပါတယ်။ ကျေးလက်ကိုအခြေခံတဲ့ ကိစ္စရပ်များနဲ့ ပတ်သက်ရင် ဒီလိုချဉ်းကပ်မှုမျိုးဟာ လက်ဝဲတွေပဲ လုပ်လေ့ရှိတယ်လို့ အထင်ခံရလေ့ ရှိပါတယ်။ တချို့ကကျတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ လက်ဝဲ ဘာညာ စတာမျိုးလို့တော့ မထင်ဘူး။ ဒါပေမဲ့ ကျေးလက်ဖွံ့ဖြိုးရေးဆိုတာ တခြားသော မြို့ပြကူးသန်းရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်း စတာတွေလောက် အရေးမပါဘူးလို့ ထင်မြင်လေ့ရှိပါတယ်။ ဆိုလိုတာကတော့ တောကတော့ တောကျမှာပဲ။ တိုးတက်မှု နိမ့်နေတာက သဘာဝပဲလို့ ထင်မြင်ယူဆသူတွေ ရှိပါတယ်။

နိုင်ငံတခုချင်းစီမှာ မတူညီတဲ့ သဘာဝတွေရှိပါတယ်။ ဥပမာ စင်္ကာပူလို နိုင်ငံမျိုးမှာ ကျေးလက်ဖွံ့ဖြိုးရေးလို့ သွားပြောရင် လူရယ်စရာ ဖြစ်မှာပါ။ ဘာကြောင့်တုန်းဆိုတော့ မူလသဘာဝကို၌က လယ်သမားမရှိသလို ကျေးလက်ဆိုတဲ့ ဒေသမျိုး လည်း မရှိတာကြောင့်ပါ။ နိုင်ငံသေးတာလည်း ပါတာပေါ့။ နိုင်ငံသေးတာကြောင့် ကူးသန်းရောင်းဝယ်ရေးကို အဓိက ထားပါတယ်။ နိုင်ငံတကာက စီးပွားရေး အဖွဲ့အစည်း ကြီးငယ်လတ်တွေ အခြေစိုက်ခွင့် ပြုပါတယ်။ အဲဒီ နိုင်ငံတကာ စီးပွားရေးအဖွဲ့ အစည်းတွေအပေါ်မှာ အမျိုးစုံတဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလုပ်ပါတယ်။

ထိုင်းနဲ့ မလေးရှားလို နိုင်ငံမျိုးမှာတော့ နိုင်ငံတကာ ကူးသန်းရောင်းရေး လုပ်ငန်းတွေ တည်ရှိနေသလို၊ စက်မှုပိုင်းဆိုင်ရာ မှာလည်း အနောက်နိုင်ငံများကို မမီသေးသော်လည်း အတော်လေး ထွန်းကားလာနေပါတယ်။ တချိန်ထဲမှာလည်း ကျေးလက်ဒေသနဲ့ လယ်သမားဆိုတဲ့ အဝန်းအဝိုင်းလည်း ဆက်လက်တည်ရှိနေပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း ဆိုတာ ကျေးလက်ကို အခြေခံရတာ ဖြစ်တာကြောင့် လယ်သမားလူတန်းစားကို ပစ်မထားပဲ အစိုးရများအနေနဲ့ ပံ့ပိုးကူညီ ရပါတယ်။ နည်းပညာ၊ လျှပ်စစ်စွမ်းအင်၊ ဓာတ်မြေသြဇာ၊ လယ်ယာသုံး စက်မှုပစ္စည်းထွေထွေနဲ့ ထွက်လာတဲ့ စိုက်ပျိုး ကုန်တွေကို ပြည်တွင်းဈေးကွက် နိုင်ငံတကာ ဈေးကွက်တွေမှာ အမြတ်ရရှိအောင် အစိုးရလုပ်သူက ဖန်တီးရှာဖွေ ပေးပါတယ်။ ဥပမာ ထိုင်းဆန်ဟာ ကနေ့ ကမ္ဘာတလွှားမှာ နေရာယူထားနိုင်တာကို ကြည့်ရင် သိသာပါတယ်။ ထိုင်းနိုင်ငံမှာ ကျေးလက်ဆိုတာ ဆက်လက်တည်ရှိ နေပါတယ်။ ဒါပေမဲ့ မျိုးဆက်သစ်လူငယ်တွေကတော့ မြို့ကြီးပြကြီး တွေကို ထွက်ခွာပြီး အလုပ်အကိုင် ရှာဖွေတာ မြင့်မားလာ တာကြောင့် ကျေးလက် လူ့အဖွဲ့အစည်းဟာ ရှေးတုန်းကနဲ့ နှိုင်းစာရင် တဖြည်းဖြည်းနဲ့ သေးငယ်စလာပါတယ်။ ဒါပေမဲ့ လုံးလုံးတော့ ပျောက်ပျက်သွား ခြင်းမရှိပါဘူး။

အိန္ဒိယနိုင်ငံကို ကြည့်လိုက်ရင်လည်း သဘောခြင်းတူနေတာကို တွေ့ရပါတယ်။ ကျေးလက်ဒေသနဲ့ ကျေးလက် လူ့အဖွဲ့ အစည်းဟာ ထုကြီးထည်ကြီးနဲ့ တည်ရှိနေတုန်းပါ။ ဒါကြောင့် အိန္ဒိယအစိုးရဟာ ကျေးလက်ဖွံ့ဖြိုးရေးအတွက် နည်းမျိုးစုံ သုံးပြီး မဖြစ်မနေ ဆောင်ရွက်ပါတယ်။ မြန်မာအစိုးရလို လယ်သိမ်းမြေသိမ်း လယ်သမားထောင်ချတဲ့ နိုင်ငံမျိုး မဟုတ်ဘူး ဆိုတာ မြင်ရပါတယ်။ အိန္ဒိယအစိုးရဟာ စိုက်ပျိုးရေးအမီပြုနေတဲ့ လယ်သမားလူတန်းစားရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ပြိုဆင်းမသွားရအောင် ဂရုတစိုက်လုပ်ပါတယ်။ ကျေးလက်လူ့အဖွဲ့အစည်းက ထုထည် ကြီးမား တာကြောင့် ပြိုဆင်းသွားတယ်ဆိုရင် တိုင်းပြည်နစ်နာတာနဲ့ အတူတူဖြစ်တာကြောင့် ဂရုစိုက်တာ ဖြစ်ပါတယ်။

တချိန်ထဲမှာလည်း တသီးပုဂ္ဂလ စက်မှုလုပ်ငန်းတွေ တိုးတက်လာအောင်လည်း လမ်းဖွင့်ပေးပါတယ်။ ကန့်သတ်ထားတာ မျိုး မရှိပါဘူး။ ကန့်သတ်ချုပ်ချယ်တာ မရှိဘူးဆိုပေမယ့် ငွေရှင်ကြေးရှင်တွေ လုပ်ချင်သလို မလုပ်နိုင်အောင်တော့ စောင့်ကြည့် ထိန်းညှိပါတယ်။

ကနေ့ခေတ်မှာတော့ ကွန်ပြူတာ ဆော့ဝဲပရိုဂရမ်တွေ ရေးဆွဲတဲ့ ပညာရပ်နဲ့ လုပ်ငန်းက ကြီးမားသထက် ကြီးမားလာပါ တယ်။ နိုင်ငံတကာတန်းမီတဲ့ အိန္ဒိယနိုင်ငံသား ကွန်ပြူတာပညာရှင်တွေ တိုးပွားလာပါတယ်။ အမေရိကန်နိုင်ငံက စီလီကွန်ဗယ်လီမှာ အိန္ဒိယနိုင်ငံသား ကွန်ပြူတာပညာရှင်တွေ တစတစ စိုးမိုးလာနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အားသာချက်က ကျေးလက်ဒေသနဲ့ ကျေးလက်လူ့အဖွဲ့အစည်း ကြီးကြီးမား ဆက်လက်တည်ရှိနေသလို စက်မှုလုပ်ငန်း တွေလည်း ထောင်တက်လာနေပါတယ်။ တဖက်က အရမ်းမြင့်တက်နေပြီး နောက်တဖက်က အရမ်းနိမ့်ကျနေတာမျိုး မရှိပါ။ ဒီရလဒ်က ပညာရေးစနစ် တည်ငြိမ်ပြီး ကောင်းမွန်အခြေခိုင်ခဲ့တာက အရေးကြီးတဲ့ သော့ချက် ဖြစ်ခဲ့တာကြောင့်ပါ။

မြန်မာပြည်လို စစ်တပ်တခုထဲရဲ့ ကဏ္ဍကို ဇောင်းပေးခဲ့တဲ့ နိုင်ငံရေးစနစ်မျိုး မကျင့်သုံးဘဲ ဒီမိုကရေစီလမ်းစဉ်ကို ဇောင်း ပေးခဲ့တဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့၊ ညူကလီးယား လက်နက်ပါ ပိုင်ဆိုင်နေတဲ့ ကနေ့ အိန္ဒိယနိုင်ငံမှာ ကျေးလက်လူ့အဖွဲ့အစည်းဆိုတာ ဆက်ရှိနေသေးသလို ကျေးလက်ဖွံ့ဖြိုးရေး ဆိုတာကိုလည်း မမေ့မလျှော့ဘဲ ဆောင်ရွက်နေတာ တွေ့ရပါတယ်။

တောင်အာရှနိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေ (စင်္ကာပူနဲ့ ဘရူနိုင်း နိုင်ငံများကလွဲလို့) မှာ ကျေးလက် လူ့အဖွဲ့အစည်း ဆိုတာ အင်အားကောင်းကောင်းနဲ့ ဆက်လက်တည်ရှိနေပါတယ်။ အရှေ့အာရှနိုင်ငံများထဲက ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံများမှာတော့ ကျေးလက်ဆိုတာ ဆက်လက်တည်ရှိနေသေးပေမယ့် ထုထည်သေးသွားပါပြီ။ စိုက်ပျိုးရေးကို မှီခိုရတဲ့ ဂျပန်လယ်သမား ကိုရီးယား လယ်သမား လူတန်းစားဟာ မြို့နေလူတန်းစားထက် လူဦးရေအရ သေးငယ်သွားတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အတိုင်းအတာ တခုအရ ကျေးလက်ဒေသဟာ ဆက်လက်တည်ရှိနေပါတယ်။

ဒုတိယကမ္ဘာစစ် မတိုင်ခင်က ဂျပန်နိုင်ငံမှာ ကျေးလက်နေ လူဦးရေဟာ မြို့နေလူဦးရေထက် ပိုများခဲ့ပါတယ်။ စိုက်ပျိုးရေး ကို အမီပြုတဲ့ လယ်သမားယာသမား လူတန်းစားများခဲ့တာပါ။ စစ်ကြီးအတွင်း အာရှတိုက်က နိုင်ငံအတော်များများကို ဂျပန်တွေ သိမ်းပိုက်တုန်းက ပါဝင်ခဲ့တဲ့ အောက်ခြေဂျပန်စစ်သားအများစုဟာ လယ်ကွင်းတွေထဲကနေ မဖြစ်မနေ စစ်ထဲကို ဝင်လာရတဲ့ သူများ ဖြစ်ပါတယ်။ စစ်ကြီးပြီးတော့ စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်မြင့်မားအောင် ဆောင်ရွက်မယ်လို့ ဂျပန်အစိုးရက ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ရိုးရာအရ အလွန်အင်မတန် ချမ်းသာတဲ့ မြေပိုင်ရှင်ကြီးတွေဆီက လယ်တွေကို အစိုးရက ဝယ်ယူပြီး ဒေသခံမြေမဲ့ လယ်သမားတွေကို ဝေခြမ်းပါတယ်။ ပထမတော့ မြေရှင်ကြီးတွေက သူတို့မြေတွေကို မရောင်းလိုပါဘူး။ ဒါပေမဲ့ မရောင်းရင်လည်း အစိုးရက သိမ်းမှာဆိုတော့ ရောင်းရပါတယ်။

ဒီတော့ အစိုးရဖက်က ဘာပြန်လုပ်ပေးသလဲဆိုတော့ မြေရှင်ကြီးတွေ သူတို့မြေကို ရောင်းချပြီး စွန့်လွှတ်လိုက်ရတဲ့အတွက် မြေရောင်းလို့ရတဲ့ ငွေများကို စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြုတ်နှံစေပါတယ်။ နောက်ပိုင်းမှာတော့ စက်မှုလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ စိတ်ချသေချာမှုရှိတယ် ဆိုတာ မြင်လာပါတယ်။ ဒါကြောင့် ဂျပန်မြေပိုင်ရှင်တွေဟာ တဆင့်ခြင်း ဆိုသလို မြေရှင်ဘဝကို စွန့်လွှတ်ပြီး စက်မှုလုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ပါတယ်။ မြန်မာပြည်မှာ အခု မြေယာတွေကို အစုလိုက်အပြုံလိုက် ပိုင်ဆိုင်နေတဲ့ မြေပိုင်ရှင်ကြီးတွေရှိပါတယ်။ ဘယ်သူတွေပါလဲ။ တခေတ်တခါက ဂျပန်မြေပိုင်ရှင် ကြီးတွေလို ရှေးနှစ်ပေါင်း လေးငါးရာကတည်းက အစဉ်အဆက် ပိုင်ဆိုင်တာမျိုးလား၊ ဒါမှမဟုတ် နောက်ပိုင်းကာလကြမှ ဇွတ်အတင်းသိမ်းယူလို့ ပိုင်တာမျိုးလား ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဂျပန်မြေရှင်တွေက သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေကို လယ်မဲ့ယာမဲ့ လယ်သမားတွေဆီ ရောက်စေခဲ့ပါတယ်။ မြေရှင်ကနေ စက်မှုလုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာပြည်မှာက ပြောင်းပြန်ပါ။ အခုခေတ်အထိ မြေမဲ့လယ်သမားတွေကို မြေယာပြန်လည်ဝေခြမ်းရမယ့်အစား လယ်သမားဆီက လယ်မြေ ယာမြေတွေကို သိမ်းကောင်းနေတုန်းပါ။ ဒီလိုဖြစ်နေတာက ဘာကို ပြနေသလဲဆိုရင် မြန်မာပြည်မှာ အဆင့်ဆင့်သော စက်မှုလုပ်ငန်းများ တိုးတက်လာဖို့အတွက် သေချာတဲ့ အခြေအနေတရပ် မရှိသေးဘူး ဆိုတာကို မီးမောင်းထိုးပြနေတာပါ။

ကောင်းပါပြီ မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်းဖွံ့ဖြိုးလာဖို့ အခြေအနေက မပေးသေးဘူးရင်ဆိုရင် စိုက်ပျိုးရေးကို အခြေခံနေတဲ့ ကျေးလက်ဖွံ့ဖြိုးရေးကို ပိုပြီးဦးစားပေး မလုပ်သင့်ဘူးလားလို့ မေးစရာ ဖြစ်လာပါတယ်။ တခါ ကျေးလက်ဖွံ့ဖြိုးဖို့ လုပ်မယ် ဆိုတော့ ငွေကလိုလာပါတယ်။ သမဝန်ကြီးက တရုတ်ဆီက အတိုးများတဲ့ ငွေကြေးချေးယူမှု လုပ်ပါတယ်။ အဲသလို အတိုး များတဲ့ ချေးငွေဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် အလုပ်မဖြစ်နိုင်ဘူးဆိုတာ လူတိုင်း သဘောပေါက် နေပါတယ်။ ဒီကြားထဲ အဲဒီချေးငွေကို လည်သလိုလုပ်စားမယ့် ဆိုင်ရာပိုင်ရာတွေကလည်း ရှိပါသေးတယ်။

အဲသလိုဆိုတော့ စီးပွားရေး ပညာရှင်ခေါ်ပြီး တွက်ချက်ခိုင်းစရာတောင် မလိုပါဘူး။ ပရမ်းပတာ စီမံမှုအောက်က အတိုးများ တဲ့ ချေးငွေကို တနေ့ ပြန်ဆပ်ရတဲ့အခါ ကိုယ့်ဖက်ပဲ နာမယ်ဆိုတာ အားလုံးမြင်နေကြပါတယ်။ သမဝန်ကြီးရဲ့ စဉ်းစား မျှော်မြင်မှုဟာ ဘယ်လောက် တိမ်သလဲ ဆိုတာ မြင်ရပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Common sense လောက်တောင် မရှိဘူးလို့ ဆိုနိုင်ပါတယ်။

အခုကမ္ဘာ့ဘဏ်က ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အတိုးမဲ့ချေးငွေပေးဖို့ ဖြစ်လာပါတယ်။ ကြားရတဲ့ သတင်းများအရ တော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆ဝဝ အထိ ပမာဏများတယ်လို့ ဆိုပါတယ်။ နှစ်အလိုက်ပေးသွားမယ်လို့ ကြားရပါတယ်။ နည်းနည်းနောနော မဟုတ်ပါ။ စိုက်ပျိုးရေး အတွက်သာ မဟုတ်ဘဲ၊ ကျေးလက်မှာ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေ အတွက်လည်းပါဝင်ပါတယ်။ ဒီနေရာမှာ အဲသလောက် ပမာဏများပြားလှတဲ့ ငွေကြေးကို ဘယ်သူတွေက ဘယ်လိုစီမံမှာလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အစိုးရများ လက်ထက်ကလို ပလိုင်း ပေါက်နဲ့ဖားကောက်သလို ဖြစ်ကြဦးမှာလား။ အမှန်တကယ် အကူအညီလိုအပ်နေတဲ့ လယ်သမားတွေ လက်ထဲ အဲသည့်ငွေက ဒုတ်ဒုတ်ထိ ရောက်မှာလား။ ဒါမှမဟုတ် ဘာကော်မတီ ညာကော်မတီနဲ့ ဟိုဝန်ကြီးဌာန ဒီဝန်ကြီးဌာနတွေ အကြားမှာ ဇီးသီးဗန်းကြီး မှောက်ကျဦးမှာလား။ နောက်တချက်ကလည်း လယ်သမားတွေလက်ထဲ အမှန်တကယ်ရောက်ဖို့ လိုတယ်လို့ ထောက်ပြတော့ ခေတ်သစ်မြေပိုင်ရှင်ကြီးတွေက တခြားဟုတ်ရိုးလား ကျနော်တို့က အဲဒီလယ်မြေတွေ ပိုင်ဆိုင်တဲ့ လယ်သမားတွေပါလို့ ရိုက်စားလုပ်ကြဦးမှာလား။

အတိုးမဲ့ချေးတဲ့ငွေဆိုပေမယ့် ချေးငွေဆိုတာ တနေ့ပြန်ဆပ်ရမယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။ အခုတောင် အစိုးရ အပြော အရ နိုင်ငံသားတဦးချင်းစီမှာ တင်နေတဲ့ နိုင်ငံခြားကြွေးမြီဟာ ကျပ်ငွေငါးသိန်းခန့်စီ ရှိတယ်လို့ ပြောထားတယ် မဟုတ်လား။ ကျေးလက်ဒေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က ချေးမဲ့ အတိုးမဲ့ငွေကြေးဟာ ဘယ်လောက်အထိ အကျိုးရှိရှိ သုံးစွဲမယ် ဆိုတာကို အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ နိုင်ငံသားများကို ချပြဖို့လိုတယ်လို့ ထောက်ပြလို ပါတယ်။ အဲသလိုမှ မဟုတ်ရင်တော့ နောက်လာမယ့် သုံးလေးနှစ်ကျမှ မြန်မာနိုင်ငံသား တဦးချင်းစီအပေါ်မှာ တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီဟာ ဆယ်သိန်းကျော်သွားပါပြီဆိုတဲ့ အစီရင်ခံစာမျိုးတော့ မဖတ်လိုမကြားလိုပါကြောင်း။

ဇော်မင်း
၂၆ ရက်၊ ဧပြီလ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.