ရွက်မွန်စာမျက်နှာ

Thursday, June 4, 2015

တပ်မတော်ကို ထောက်ခံမယ့်နေ့

ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက ပြည်သူများအနေနဲ့ လောက်ကိုင်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော်ကို ထောက်ခံဖို့ ပြောကြားခဲ့ပါတယ်။ လောက်ကိုင်ဒေသ အတွင်း တိုက်ပွဲများနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဖက်က အချုပ်အခြာအာဏာကို ကာကွယ်တဲ့ တိုက်ပွဲများလို့ အမည်တပ်ပြီး သုံးပါတယ်၊ ပြောပါတယ်။

စစ်ဖြစ်တယ်၊ တိုက်ပွဲဖြစ်တယ်ဆိုရင် နှစ်ဖက်စလုံးက လက်နက်ကိုင်ရဲဘော်တွေ အရင်သွေးမြေကျပါတယ်။ သေဆုံး ရပါတယ်။ သက်ဆိုင်ရာမိသားစုတွေ ကြေကွဲထိခိုက်ရပါတယ်။ နောက်ထပ်ခံရသူများကတော့ တိုက်ပွဲများကြားထဲက အရပ်သူ အရပ်သားများ ဖြစ်ပါတယ်။ စစ်တိုက်တယ်ဆိုတာဟာ ငွေကြေး ကုန်ကျတဲ့ ကိစ္စဖြစ်တာကြောင့် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ လျှော့ကျစေပါတယ်။ အဲတာကြောင့် ရေရှည်လာရင် စစ်စရိတ် ထောင်းတာကြောင့် စီးပွားရေးထိခိုက်ပါတယ်။ စီးပွားရေး ထိခိုက်လာတော့ တချိန်ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေပါ ထိခိုက်ကျဆင်း လာတာဟာ မငြင်းနိုင်ပါဘူး။ ကချင်ဒေသ၊ ရှမ်းပြည်တွင်း နေရာတချို့ များမှာလည်း တိုက်ပွဲတွေ ရှိနေဆဲအချိန် လောက်ကိုင်မှာ တိုက်ပွဲတွေ ဖြစ်လာတာဟာ ဗူးလေးရာ ဖရုံဆင့်တယ်လို့ ပြောရမှာပါပဲ။
ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာက နောက်ထပ် သရုပ်ခွဲ ကြည့်ရမယ့် ကိစ္စပါ။ အမ်အန်ဒီအေအေက အလစ် အငိုက်မှာ လက်ဦးမှုယူပြီး စတိုက်တယ်ဆိုရင် ဒါက သူတို့ဖက်ကမှားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အမ်အန်ဒီအေအေ ဆိုတာ အရင်တုန်းက တပ်မတော်နဲ့ အရင်ဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။ နောက် သူတို့ရဲ့ ခေါင်းဆောင် ဖုန်ကြားရှင်းဟာ တချိန်တုန်းက ဗိုလ်ချုပ်ခင်ညွှန့်တို့ ဖိတ်ကြားမှုနဲ့ ဖွဲ့စည်းပုံရေးဆွဲရေးအတွက် ညောင်နှစ်ပင် ညီလာခံမှာ တက်ရောက်ခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ တချိန်က သူတို့ဟာ စစ်တပ်နဲ့ မိတ်ဖက်ဖြစ်လာခဲ့ပြီး အခုဘာကြောင့် သေနတ်ပြန်ပေါက်တယ်ဆိုတာ နောက်ခံဇာတ်လမ်းတွေ ရှိပါလိမ့်မယ်။ လောက်ကိုင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဆိုတဲ့ ကိစ္စတခုထဲနဲတော့ ဦးရွှေမန်းပြောသလို တပ်မတော်ကို မထောက်ခံနိုင်ပါ။ အောက်ခြေက အပင်ပန်း ဆင်းရဲခံ၊ အသေခံနေရတဲ့ တပ်မတော်သားများကိုတော့ အားနာပါတယ်။

ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့ အချိန်နဲ့ မရှေးမနှောင်းမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ အနား ရေပူကျေးရွာက လယ်သမားကြီး ဦးမြင့်အောင်ဟာ အသိမ်းခံခဲ့ရတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေသွားခဲ့ပါတယ်။ သူပိုင်တဲ့ လယ် ၁၄ ဧကဟာ အသိမ်းခံရတဲ့အထဲမှာ ပါသွားပါတယ်။ ရေပူရွာ လယ်သမားများ ဆီက စစ်တပ်က မြေတွေယာတွေကို ၂ဝဝ၄ ခုနှစ်ကထဲက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ လယ်ဧက စုစုပေါင်း နှစ်ထောင်ကျော် သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ လယ်သမားကြီး ဦးမြင့်အောင်ဟာ ပထမဆုံး မိမိကိုယ်ကို မီးရှို့သတ်သေ သွားခဲ့တဲ့ မြန်မာနိုင်ငံသား လယ်သမားကြီးလို့ ဆိုနိုင်ပါတယ်။ ဆင်းရဲသား လယ်သမားတွေရဲ့ ဓားမဦးချ လယ်ယာမြေ တွေကို ခေါင်းစဉ်မျိုးစုံတပ်ပြီး သိမ်းယူခဲ့တာ မြန်မာနိုင်ငံအနှံအပြားမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။ လက်ပံတောင်းက ဒေါ်ခင်ဝင်းကတော့ သမ္မတဦးသိန်းစိန် လက်ထက်မှာ ရဲတွေရဲ့ ကျည်သင့်ပြီး သေဆုံးခဲ့ရတဲ့ ပထမဆုံးသော မြန်မာနိုင်ငံသား လယ်သူမကြီးလို့ ဆိုနိုင်ပါတယ်။

ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့အချိန်မှာ မြစ်ဝကျွန်းပေါ်က လယ်သမားတွေဟာ အစိုးရ ထံကနေ လယ်စိုက်ဖို့ ငွေချေးတယ်ဆိုရင် အဲသလို ငွေချေးတဲ့အတွက် ဦးရွှေမန်းရဲ့သား ပိုင်ဆိုင်တဲ့ ကုမ္ပဏီကနေ မဖြစ်မနေ ဓာတ်မြေသြဇာတွေ ပြန်ပြီးဝယ်ယူရပါတယ်။ ကုလားခပ်တဲ့ရေ ကုလား ဟိုဟာဆေးတာနဲ့ကုန် ဆိုတဲ့ သဘောနဲ့ အတူတူပါပဲ။ လယ်သမားတွေက အကြောင်းကြောင်းကြောင့် ဒီကိစ္စတွေအတွက် လမ်းပေါ်တက်ဆန္ဒပြတာမျိုး မလုပ်ပေမယ့် တနိုင်ငံလုံး သိနေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့ အချိန်မှာ ၂ဝဝ၈ အခြေခံဥပေဒကို ကာကွယ်တဲ့ ဥပဒေမျိုး ပြဌာန်း ဖို့လည်း လေသံပစ်ခဲ့တာ ကြားရပါတယ်။ ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့အချိန်မှာ ရခိုင်ပြည်နယ်က ရခိုင်အမျိုးသားတွေဟာ ကိုယ့်ပြည်နယ် ပင်လယ်ပြင်ကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို အသုံးပြုခွင့် မရပဲ တရုတ်ပြည်ကို ပိုက်လိုင်းနဲ့တင်ပို့နေတာကိုပဲ ငေးကြည့် နေကြရပါတယ်။

ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့ အချိန်မှာ နယ်စပ်က သစ်တင်ကားတွေ တရုတ်ပြည်ထဲကို တသဲသဲနဲ့ ဝင်နေတုန်းပါ။ ရှမ်းပြည်နယ်က တိုင်းရင်းသူလေးတွေ တရုတ်မယားအဖြစ် ရောင်းစားခံနေရဆဲပါ။ အလားတူဆိုသလို ထိုင်းငါးဖမ်းလှေ တွေဆီမှာ မြန်မာနိုင်ငံသားတွေ ခေတ်သစ်ကျေးကျွန်များအဖြစ် ရောင်းစားခံ နေရဆဲပါ။

ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့ အချိန်မှာ ငွေဆောင်က ဒေသခံတွေ သူတို့ရဲ့ အုန်းခြံများနဲ့ လယ်ယာမြေတွေ ပြန်ရဖို့ ဆန္ဒပြကြပါတယ်။ အုန်းခြံနဲ့လယ်ယာမြေ စုစုပေါင်း ဧက ၈ဝဝ ကျော်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒါက ဟိုတယ်ဇုံ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟိုတယ်ပိုင်ရှင်များထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ ဦးတေဇ၊ ယုဇန ဦးဌေးမြင့်၊ သမ္မတအကြံပေးဟောင်း ဖြစ်သူ ဒေါက်တာနေဇင်လတ် (အခုတော့ အသစ်တည်ထောင်မယ့် နိုင်ငံရေးပါတီတခုရဲ့ နာယက)၊ ဦးဇော်ဇော်၊ အေရှားဝေါလ် ဦးထွန်းမြင့်နိုင်တို့ ဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။ ဒေသခံတွေရဲ့ မြေတွေကို လောဘဇောတိုက်ပြီး သိမ်းကြတာဟာ နက်ဖန်ဆိုတာ မရှိတော့ဘူး ကနေ့ရသလောက် သိမ်းဆိုတဲ့ သဘောတောင် ဖြစ်နေပါပြီ။

ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့ အချိန်မှာ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် တီကျစ်မြို့က ဒေသခံတွေ ကျောက်မီးသွေးဒဏ်ကို အလူးအလဲခံနေရပါတယ်။ ဒေသခံတွေဆီက မြေဧကပေါင်း ၈ဝဝ ကျော်ကို သိမ်းယူပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ဆောက်ခဲ့ပါတယ်။ တနေ့တနေ့ စက်ရုံက ထုတ်လွှတ်တဲ့ ကျောက်မီးသွေးပြာမှုန် တွေဟာ တန်ချိန် ၁ဝဝ လောက်ရှိတယ်လို့ ဒေသခံများက ဆိုပါတယ်။ အနီးနားက ရွာပေါင်း ၉ ရွာဟာ အဲဒီပြာမှုန်များဒဏ်ကို ခံလာရတာ ၂ဝဝ၅ ခုနှစ်ကထဲက ဖြစ်ပါတယ်။ ပြာမှုန်တွေကြောင့် ဒေသခံတွေ ရောဂါဘယထူပြော လာပါတယ်။ အထူးသဖြင့် ခေါင်းကိုက်ခြင်း၊ အဆုတ်နဲ့ ဆိုင်တဲ့ရောဂါ စတာတွေ အဖြစ်များတယ်လို့ ဆိုပါတယ်။ တခါ စက်ရုံကစွန့်ပစ်လိုက်တဲ့ ရေဆိုးများက ဘီလူးချောင်းထဲကို စီးဝင်ပါတယ်။ ဘီလူးချောင်းဟာ အင်းလေးကန်ထဲကို ဆက်ပြီးစီးဝင်ပါတယ်။ အဆိုပါ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဟာ အင်းလေးကန်နဲ့ ၁၃ မိုင်သာ ဝေးတာကြောင့် အင်းလေးကန် ထိခိုက်လာမှာ ကိုလည်း ဒေသခံများ စိုးရိမ်နေပါတယ်။

ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့အချိန်မှာ တောင်သမန်အင်းထဲက ငါးတွေထောင်သောင်းချီပြီး သေဆုံးခဲ့ပါတယ်။ အင်းထဲကို စွန့်ပစ်တဲ့ ရေဆိုးတွေနဲ့ အင်းကိုငါးလုပ်ငန်းအတွက် ရေအသေ ပိတ်ထားတာကြောင့် ဖြစ်ရတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အင်းထဲကို ရေဆိုးစွန့်ပစ်တဲ့ စက်ရုံများကို ယာယီပိတ်ထားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် မကြာခင်ရက်ပိုင်းအတွင်းကပဲ စက်ရုံတချို့ကို ပြန်လည်ပတ်ခွင့် ပြုခဲတယ်လို့လည်း ကြားသိ ရပါတယ်။ တောင်သမန်ဟာ တချိန်က သုံးရာသီကာလအတွင်း သုံးပန်လှလို့ တင်စားခံရတဲ့ နေရာပါ။ အခုတော့ ဒါတွေဟာ အတိတ်မှာကျန်ရစ်ခဲ့ပါပြီ။

ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့အချိန်မှာ ပညာရေးစနစ်ပြောင်းလဲရေးအတွက် ဆန္ဒပြ တောင်းဆို ခဲ့တဲ့ ကျောင်းသားများ အရိုက်အနှက်ခံရတဲ့အပြင် အချုပ်ထဲရောက်လို့ တရားရုံးမှာ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးခဲ့ပြီလို့ ဆိုပေမဲ့ အခုလက်ရှိမှာ နိုင်ငံရေးအကျဉ်းသား လေးရာကျော် ရှိနေသေးတယ်လို့ သိရပြန်ပါတယ်။ မိမိလယ်မှာ မိမိ ပြန်ပြီး ထွန်တုံးတိုက်ပွဲဝင်တဲ့ လယ်သမားတချို့လည်း ထောင်နန်းစံ နေရပါတယ်။ အလွတ်သတင်းထောက် ကိုပါကြီးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ကိစ္စကိုလည်း အာဏာပိုင်များက ကျေလည်အောင် တရားဥပဒေအရ ဖြေရှင်းပေးခြင်း မရှိသေးပါ။ ဦးရွှေမန်းက တပ်မတော်ကို ထောက်ခံကြပါလို့ ပြောနေတဲ့အချိန်မှာ အခု လာမယ့် ရွေးကောက်ပွဲပြီးတဲ့အထိ နာဂစ်ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖို့ အလားအလာမရှိဘူး ဆိုတာကိုလည်း ကြားနေ ရပါတယ်။

ဦးရွှေမန်းပြောသလို တပ်မတော်ကို ပြည်သူတွေ နိုင်ငံသားတွေက ထောက်ခံစေချင်ရင် အဲသလို ထောက်ခံဖို့အတွက် ထိပ်ကဦးဆောင်နေတဲ့ ခေါင်းဆောင်များ မှန်ကန်တဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုပါတယ်။ လောက်ကိုင်တိုက်ပွဲများ တခုထဲကို လက်ညိုးထိုးပြပြီး တပ်မတော်သားတွေဟာ အဆင်းရဲခံ အနစ်နာခံပြီး ကိုယ်ကျိုးစွန့်နေတာကြောင့် တပ်မတော်ကို ထောက်ခံကြပါလို့ ပြောခြင်းဟာ မလုံလောက်ပါဘူး။ ပြောမယ်ဆိုရင် ဒီနှစ်ပေါင်း ၅ဝ အတွင်း တိုင်းပြည်တခုလုံး ဂျုံးဂျုံးကျသွားရတာဟာ တပ်မတော်တခုလုံးနဲ့ မဆိုင်ပါဘူး။ အထူးသဖြင့် အောက်ခြေရဲဘော်ထု အပါအဝင် အရာရှိငယ်တွေနဲ့ မဆိုင်ပါဘူး။ ထိပ်ပိုင်းက အုပ်ချုပ် အာဏာယူထားတဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းမှာသာ လုံးလုံးတာဝန်ရှိပါတယ်။ တချိန်ထဲမှာလည်း လက်ရှိအစိုးရဟာ ဘယ်လိုပဲ အရပ်သားအစိုးရဖြစ်တယ်လို့ ဆိုဆို မပြေးသော် ကန်ရာရှိ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ဖြစ်ခဲ့သူတွေ ဖြစ်ပါတယ်။
ဦးရွှေမန်းပြောသလို တပ်မတော်ကို ထောက်ခံချင်ပါတယ်။ ဘယ်နေ့အချိန်မှာ ထောက်ခံမလဲဆိုတော့ တပ်မတော်က ၂၅% သော အလိုအလျှောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တနေ့တနေ့ လွှတ်တော်ထဲမှာ အိပ်ငိုက်နေရာကနေ သက်ဆိုင်ရာ မိခင်တပ်ရင်းတပ်ဖွဲများဆီကို ပြန်တဲ့တနေ့မှာ အပြည့်အဝ ထောက်ခံမှာ ဖြစ်ပါကြောင်း။

ဇော်မင်း
၂၆ ရက်၊ မေလ၊ ၂ဝ၁၅ ခုနှစ်

No comments:

 
 
©2007 Fine-Leaves.blogspot.com, Powered by Blogger.